နှစ်ရှည်လများ တည်ဆောက်ခဲ့ရတဲ့ relationship တွေဟာ ဘာကြောင့် ကွဲကြရတာလဲ..
နှစ်ရှည်လများ တည်ဆောက်ခဲ့ကြတဲ့ relationship တွေ ဘာကြောင့် ကွဲကွာ ပြတ်ဆဲ ကြရတာလဲ ဆိုတဲ့ မေးခွန်းကို ကျနော် ခဏခဏ စဉ်းစား ဖူးတယ် ။ ကျနော်ဟာ လူတွေရဲ့ ချစ်ခြင်းမေတ္တာကို အလွန်သဘောကျတဲ့သူ တယောက်ပါ ။
ချစ်ခြင်း မေတ္တာတရားဟာ သိပ်ကို လှပတယ် လို့ လက်ခံထားတဲ့သူ တယောက် ။ အဲဒီအပေါ်လဲ ယုံကြည်တယ် ။ တန်ဖိုး ထားတယ် ။ ဒါ့ကြောင့် နှလုံးသားနဲ့ ဆက်နွယ်တဲ့ ဘယ်ဆက်ဆံရေး မဆို ၊ အဖြစ်အပျက်ကို မဆို ကျနော် လေ့လာနေ မိတယ် ။
အဲဒီလို ပြောတော့ ကျနော်က အသဲ မကွဲဖူးဘူး လို့ စာဖတ်သူ သူငယ်ချင်းတို့ ထင်မပေါ့ ။ မထင်ပါနဲ့ ။ အကြိမ်ရေတောင် များလှပါပြီ ။ ဒါပေမယ့် ယုံကြည်နေတုန်းပါ ။ အဲဒီ အဖြစ်အပျက်တွေက ကျနော်ရဲ့ ချစ်ခြင်းမေတ္တာ အပေါ် ယုံကြည်ထားတဲ့ လှပခြင်းတွေကို အကျဉ်းတန် သွားအောင် လုပ်နိုင်စွမ်း မရှိပါဘူး ။
လူ့စိတ် ဆိုတာက အချိန်တိုင်းမှာ အမြဲတမ်း ပြောင်းလဲနေ ပါတယ် ။ အထူးသဖြင့် လောလောလတ်လတ် ဖြစ်ပျက်တဲ့ အခြေအနေပေါ် မူတည်ပြီး ပြောင်းလဲ ကြတယ် ။
စီးပွားရေး အဆင်မပြေ တာတွေ ၊ မိသားစု ထဲက ပြသနာ ပတ်ဝန်းကျင် ထဲက ပြသနာတွေ ၊ လုပ်စရာ အလုပ်တွေ အဆက်မပြတ် ရှိနေတာတွေ ၊ ပညာရေး အတွက် အချိန်ပို ပေးဖို့ လိုအပ်တာတွေ အဲဒီ အခြေအနေတွေ ကြောင့်ပဲ ကျနော်တို့ ဆက်ဆံရေးတွေ ယိုယွင်းလာ ပါတယ် ။
တယောက် အပေါ် တယောက် ဂရုစိုက်မှုတွေ လျော့သွားတယ် ။ ဖေးမပေးမှုတွေ မှေးမှိန်လာတယ် ။ အပြစ် တင်လိုစိတ်တွေ များလာတယ် ။ လျစ်လျှူရှုနိုင်တယ် လို့ ထင်လာကြတယ် ။
နှစ်ရှည်လများ တည်ဆောက် ခဲ့တဲ့ relationship တွေဟာ ဘာကြောင့် ကွဲကွာကြရ တာလဲ ဆိုတဲ့ မေးခွန်းကို ကျွန်တော် အမြဲတမ်း စဉ်းစားဖူးတယ် ။
ဒီအပိုင်းမှာ နောက်လူ အသစ်ကြောင့် ထားခဲ့တဲ့ ပရောဂ မပါပဲ နှစ်ဦးသဘောတူ ပြတ်ဆဲဖို့ စဉ်းစားနေကြတဲ့ relationship တွေကို ရည်ရွယ်ပြီး ပြောချင်တယ် ။ ကျနော်တို့မှာ မတူညီတဲ့ အခြေအနေတွေ ရှိကြတယ် ။ မတူညီတဲ့ အခြေအနေတွေလည်း တဦးအပေါ် တဦး ဖြစ်ပျက်နေကြတယ် ။
အထူးသဖြင့် ကိုယ့်လမ်း ကိုယ်ဖောက်နေရတဲ့ အချိန်တွေ ဘဝရဲ့ ခြေလှမ်းတွေကို စတင် ထိတွေ့တဲ့ အချိန်မှာ ဘယ်လောက်ပဲ ချစ်တယ် ပြောပြော လက်မထပ်ကြ သရွေ့ လူဆိုတာ ကိုယ့် ဘဝနဲ့ ကိုယ်လေ ။ အဲဒီ အခြေအနေတွေ အပေါ် အာရုံစိုက်ရင်း တစ်ဦး အပေါ် တစ်ဦး သွေးအေးလာ ကြတယ် ။
ဒါတွေကို နှစ်ဦးစလုံး သတိ မပြုမိပဲ အပြန်အလှန် ဆက်ဆံရေး တဖြည်းဖြည်း ကြဲလာတဲ့ အဆင့်အထိ ရောက်လာတယ် ။ နှစ်ဦး နှစ်ဖက် စလုံးမှာ တဖက်လူ ကို လက်လွတ်ဖို့ အတွေးတွေ ရမှ မိမိတို့ အခြေအနေကို သတိပြုမိတတ်ကြတယ် ။
တချို့ relationship တွေက အချင်းချင်း ပြန်ပြီး ချိတ်ဆက်ဖို့ ကြိုးစားကြ ပါတယ် ။ တချို့ relationship တွေကတော့ အဲဒီ ခံစားချက်ကို တဦးအပေါ် တဦး အပြစ်တင်နေကြ ပါတယ် ။
နောက်ပြီး ခဏတာ အနားမှာ ရှိနေတဲ့ ဆက်ဆံရေး ကောင်းမွန်သူ တွေကြောင့် ၊ ပျော်ရွှင်နေရတဲ့ အချိန် အခါကြောင့် ပိုပြီး neglect လုပ်မိတတ်တယ် ။
တကယ်လို့ တချိန်ချိန် မှာ အဲဒီလိုမျိုး အခြေအနေ ရောက်နေပြီ ဆိုရင် ကိုယ့်ကိုယ်ကို ပြန်မေးဖို့ လိုပါတယ် ။ သူက ကိုယ့်ဘက်မှာ အမြဲ ရှိနေခဲ့တဲ့ သူပါ ။ အနားမှာ ရှိနေသူတွေက ခတ္တ ခဏလေးပါ ။ တကယ်တမ်း သူ့ကို လက်လွှတ်နိုင် ရဲ့လား ?
သူနဲ့ အတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေ ၊ ကိုယ် အရမ်းသဘောကျတဲ့ သူ့ရဲ့ ထူးခြားတဲ့ အကျင့်တွေ ၊ သူပြောလေ့ ရှိတဲ့ စကားတွေ ၊ ကိုယ်ကျရှုံးနေချိန် သူ တွဲထူခဲ့တဲ့ အချိန်တွေ ၊ သူ့ရဲ့ဖေးမမှုတွေ ၊ သူ့ရဲ့ နားလည်ပေးနိုင်စွမ်းတွေ ၊ ကိုယ့်ကို သူချစ်တဲ့ အချစ်တွေ ၊ ယုယမှုတွေ ၊ အမှတ်တရနဲ့ သူ့ရဲ့ ကိုယ်နဲ့ အတူ ဆိုတဲ့ အနာဂတ်စိတ်ကူးတွေ ၊ ကိုယ့်အတွက် ပေးဆပ်ခဲ့တာတွေ... ပြန်တွေးကြည့်ပါ... အဲ့ဒါတွေကို တကယ်တမ်း စွန့်လွှတ်နိုင်ရဲ့လား ? ကိုယ် စွန့်လွှတ်ရမဲ့ အရာတွေက သိပ်လှပတဲ့ အတိတ်တွေပါ ။
ကျနော်က ခန့်မှန်းပြီး စာရေးရတာပါ ။ စာဖတ်သူ တို့ရဲ့ relationship က ကျနော် ပြောတာထက် ပိုလေးနက်ပြီး ပိုပျော်စရာ ကောင်းတယ် ဆိုတာ မလွဲမသွေ ဖြစ်မှာပဲ ။ အဲ့တာတွေရော သွေးအေးတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ စွန့်လွှတ်ဖို့ တန်ရဲ့လား ။
ခိုင်မာတဲ့ relationship တိုင်း ဒီအခိုက်အတန့်ကို ကြုံခဲ့ကြ ပါတယ် ။ သူတို့ကတော့ ဖြတ်ကျော်သွားနှင့် ကြပြီ ။ ဒါဆို ဘယ်လို လုပ်ရမလဲ ။ သွေးအေးတာက ပြုပြင်လို့ မရဘူးလို့ ထင်နေသလား ?
အဲ့ဒီ့ အတွေးကို ဖျောက်ပြစ်လိုက်ပါ ။ သွေးအေးတယ် ဆိုတာ အခြေအနေ ပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့ ဖြစ်တတ်တဲ့ အရာပါ ။ ပြသနာအကြီးကြီး မဟုတ်ပါဘူး ။
အရင်တုန်းက ဘယ်နေရာတွေမှာ ဘယ်လိုတွေ သွားခဲ့တဲ့ အကြောင်းတွေ ၊ အဲ့တုန်းက သူက ဘယ်လို ကိုယ်က ဘယ်လို ဆိုတဲ့ အကြောင်းတွေ ပြောပါ ။ အမှတ်တရ photo တွေ အတူတူ ကြည့်ပါ ။ video file တွေ ရှိရင် ပိုကောင်း ပါတယ် ။
သူနဲ့ ပတ်သတ်တဲ့ စိတ်ကူးတွေ ပြောပါ ။ နှစ်ဦးသား ဖြတ်သန်းလာခဲ့တဲ့ တောက်လျှောက် တယောက်ပေါ် တယောက် ယုံကြည်ခဲ့ကြတာတွေ အကြောင်းရေးပြီး စာပေးပါ ။ အချိန်ပေးပြီး လည်ပတ်နိုင်ရင်တော့ ပိုပြီး ကောင်းပါတယ် ။
ကံတရားက တချက်ကလေး လှည့်စားလိုက်တာလေးနဲ့ နှစ်ရှည်လများ တည်ဆောက်ခဲ့ရတဲ့ Relationship တွေဟာ လှပတဲ့ အတိတ်တွေ ၊ ဘယ်သူမှ မရတဲ့ အမှတ်တရတွေက အဆုံးမသတ်သင့်ပဲ နိဂုံး ချုပ်သွားရတယ် ။ အချစ် ဆိုတာက အမြဲတမ်း ပူပူနွေးနွေး လေးပါ ။
တခါတလေ ရာသီဥတု မကောင်းလို့ အေးစက်သွားတာပဲ ရှိတယ် ။ သူက အမြဲ ပူနွေးချင်နေတာပါ ။ အချစ်တွေ ဒီ့ထက် မက ခိုင်မြဲကြ ပါစေလို့ ဆန္ဒပြုရင်း ။
Thit Khet

Post a Comment