Header Ads

အိမ်ထောင်ရှင် အမျိုးသမီးများနဲ့ Facebook လောက


လူတော်တော် များများက ပြောကြပါတယ် ။ Facebook ဆိုတာ ဘဝ တခု မဟုတ်ဘူးတဲ့ ။ ဒါဟာ တကယ်တော့ မှားပါတယ် ။ Facebook ဟာ ဘဝ တခု မဟုတ်ရင်တောင် ဘဝ အစိတ်အပိုင်း တခုပါ ။ ကျမ တချက်ချင်း ထောက်ပြမယ် ။

Online ၊ Facebook ပေါ်မှာ တွေ့တဲ့ ချစ်သူကို ယုံစားပြီး လူကိုယ်တိုင် သွားတွေ့လို့ ဘဝပျက်သွားတဲ့ မိန်းခလေးပေါင်းများစွာ ရှိခဲ့တာ လူတိုင်း အသိပါ ။ ဒီလိုပဲ အမှန်တကယ် မြတ်နိုး တန်ဖိုးထားတဲ့ ချစ်သူနဲ့ တွေ့လို့ ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်သွားကြတဲ့ လူတွေလည်း အများအပြား ရှိပါတယ် ။

Online ၊ Facebook ပေါ်ကနေ မိမိ ဝါသနာပါရာ တေးဂီတ အနုပညာကို အသီးသီး ဖော်ထုတ်ပြလို့  လူသိများပြီး နေရာ တခု ရသွားတဲ့ အနုပညာရှင် တွေလည်း ရှိနေပါတယ် ။ ဒီလိုမျိုးကတော့ ကောင်းမွန်တဲ့ လမ်းကြောင်းကို အသုံးချ တတ်သူများ ဖြစ်ပါတယ် ။

တချို့ကတော့ မိမိအလှကိုပြပြီး ကုန်ပစ္စည်း ကြော်ငြာပြီး ဘဝတခု ရပ်တည်နေတဲ့ မိန်းခလေး တွေ လည်း ရှိပါတယ် ။ ဒါမျိုးကျတော့ အန္တရာယ်ကို လက်ကမ်းနေ သလို ဓါးသွားပေါ်က ပျားရည်စက် ကို ခုံမင်နေကြသူတွေ ဖြစ်ပါတယ် ။

တချို့ အိမ်ထောင်ရှင်တွေက Facebook ပေါ်က တွေ့တဲ့ အချစ်သစ် နောက်ကို တကာက်ကောက် လိုက်ရင်း မိသားစုကို ပေးရမဲ့ အချိန်ကို ဖြုန်းတီးပြီး အိမ်ထောင် ဖြိုခွဲသွားတဲ့ လူတွေလည်း ဒုနဲ့ဒေးပါ ။ ဘဝပျက်သွားတဲ့ အိမ်ထောင်ရှင်မတွေလည်း အများအပြားပါ ။

စိတ်မကောင်းစရာ ပြောရမယ် ဆိုရင် ဒီနှစ် ဆယ်တန်းဖြေတဲ့ ကလေး တယောက်ရဲ့ မိခင်ဟာ online ပေါ်က တွေ့တဲ့ ယောက်ျားနောက်ကို ဆယ်တန်း စာမေးပွဲ ဒုတိယ ရက်မှာ လိုက်သွားတယ် ။ ကောင်လေးက စာမေးပွဲကို ဆက်မဖြေနိုင် တော့ဘူး ။ ဒါဟာ ကလေးတယောက်ရဲ့ ဘဝ မဟုတ်ဘူးလား ။

ဒီလို အဖြစ်ပျက်တွေ များစွာ သာဓက များစွာ ရှိနေတာ ကို Facebook က ဘဝ တခု မဟုတ်ဘူး ဆိုတဲ့ လူတွေကို အရမ်း အံ့သြမိတယ် ။ Facebook သုံးပြီး ဒီလို အဖြစ်အပျက်တွေကို မသိတာလား ။ ကိုယ်တိုင်မခံစားဖူး လို့ မစာနာတာလား ပေါ့ တွေးမိတယ် ။

online သုံးတဲ့ လူတွေ အားလုံး ကိုယ်စိတ်ကူး ကိုယ့်ရည်ရွယ် ချက် ကိုယ်စီ ရှိနေကြပါတယ် ။ ကျွန်မတို့ တွေ သိရမှာက Online သုံးရင် ကိုယ့်ပတ်ဝန်းကျင် ကိုပဲ မကြည့်ပါနဲ့ ။ ကိုယ်သုံးတဲ့ ရည်ရွယ်ချက်နဲ့  မယှဉ်ပါနဲ့ ။ သူ့အမြင် ကိုယ့်အမြင်နဲ့ သုံးနေကြပေမဲ့ မှားတဲ့သူကို ထောက်ပြပါ ။

မသိနားမလည်တဲ့ သူတွေကို လက်တွဲခေါ်ယူ ပေးကြပါ ။ ကိုယ်နဲ့  အသုံးပြုတာ ရည်ရွယ်ချက် မတူသော်ငြား တခါတရံ ကြုံတွေ့ ရတဲ့ sensitive တွေကိုဘယ်လို ခံစားရလည်း စာနာ ဖြည့်တွေးပေး ကြပါ ။

လက်တွဲ ခေါ်ယူမှုနည်းတဲ့ ကျမတို့ နိုင်ငံရဲ့ online အသုံးပြု သူတွေကြားမှာ ဘာမသိ ညာမသိ Online ၊ Facebook သုံးရင်း ဘဝတခု ဆုံးရှုံး သွားကြတဲ့သူတွေ ကိုလည်း တွေ့ရတယ် ။ အိမ်ထောင်ရှင် မိန်းမတွေ အဓိက သတိပြုပီး သုံးစေသင့်တယ် လို့ လည်း မြင်မိပါတယ် ။

အလုပ်ပျက် အကိုင်ပျက် သုံးနေတာတွေ မိမိနဲ့ အပြင်မှာ မသိတဲ့ သူစိမ်း ယောက်ျား တယောက်ကို အချိန်ပေးပြီး chat box က စကားပြော ဖုန်းနံပါတ် ပေးခြင်းတွေ ၊ လိပ်စာ ပေးပြီး အလည် ခေါ်ခြင်း မျိုးတွေ လုံးဝ ရှောင်ကျဉ် သင့်ပါတယ် ။

အိမ်ထောင်ရှင်တွေ Facebook သုံးမယ် ဆိုရင် online ပေါ်မှာ အသိပညာရစေမဲ့ page ၊ group တွေကို join ထားကြပါ ။ ကိုယ် မသိရင်တောင် နားလည် တတ်ကျွမ်းတဲ့ သူတွေကို အကူညီတောင်းပြီး လိုအပ်တာတွေ လုပ်ခိုင်းပါ ။

ကိုယ်က နှစ်သက်လို့ သုံးမယ် ဆိုခဲ့ရင်တောင် အိမ်ထောင် ဝတ္တရားပျက် သားသမီးတွေရဲ့ တာဝန်တွေ ပျက်တဲ့အထိ မသုံးစေချင်ပါဘူး ။ ကိုယ်သာ နည်းလမ်းမှန်စွာ သုံးမယ်ဆိုရင် မိသားစုကို သေချာ ထိန်းကြောင်း နိုင်တဲ့ ဗဟုသုတတွေ များစွာ ရှာတွေ့ မယ် ။

ကိုယ့်ရဲ့ ဘဝကို အားမာန် အပြည့်နဲ့  လျှောက်လမ်းနိုင်တဲ့ ဗဟုသုတစာတွေ များစွာ online ပေါ်မှာ ရှိပါတယ် ။ သားသမီးတွေ ထိန်းကြောင်းဖို့ နည်းလမ်းကောင်း များစွာလည်း Online ၊ Facebook ပေါ်မှာ ရှိပါတယ် ။

ကျမ ဒီစာကို ရေးတာဟာ ဆရာကြီး လုပ်ချင်လို့  မဟုတ်ပါဘူး ။ နည်းလမ်း မှန်စွာ အသုံးချနေတဲ့ အိမ်ထောင်ရှင်အမျိုးသမီး တွေလည်း အများကြီး ရှိနေပါတယ် ။ ဒါပေမဲ့ ဒီနေ့ အချိန် online မှာ တွေ့တဲ့ ယောက်ျားနောက် လိုက်သွားတဲ့ အိမ်ထောင်ရှင်မ အများပြား ရှိနေပါပြီ ။ သူတို့ရဲ့ နောက်ကွယ်က သားသမီးတွေရဲ့ ဘဝဟာ ဘယ်လို မျိုးနဲ့ အနာဂါတ်မှာ ဘဝ တခုကို အဆုံးသတ်ကြ မှလဲ ။

အဖေထက် အမေရဲ့ မေတ္တာကို ပိုပေးသင့်တဲ့ ကလေးတွေရဲ့ ဘဝတွေ အတွက် ရေးလိုက်ခြင်း ဖြစ်ပါတယ် ။ Online ၊ Facebook ဟာ ဘဝ တစ်ခု မဟုတ်ဘူးလို့ ကြွေးကြော်ဖို့ လုပ်တိုင်း ငါ့စိတ်နဲ့ မတူကွဲပြားနေတဲ့ လူတွေလည်း ရှိပါသေးလားလို့ ပြန်တွေးတတ် ကြပါစေ ။

MayNoe
(ကလေး တယောက်၏ ရှိုက်သံကြောင့် စေတနာဖြင့် ရေးသားပါသည် ။ အိမ်ထောင်ရှင် အမျိုးသမီးများ အထင်အမြင် မလွဲစေချင်ပါ)

No comments

Powered by Blogger.