Header Ads

ကိုယ့်ဘ၀ကို အကောင်းဆုံး ယတြာချေနည်း


1) ငယ်စဉ်အခါ ပညာသင်ချိန်မှာ ပညာတတ်ရေး တစ်ခုတည်းကို ရှေ့ရှု့ပြီး တစိုက်မတ်မတ် ကြိုးစားခြင်း ဟာ နောင်ရေးအတွက် အကောင်းဆုံး ယတြာ။

2) ရန်လိုနေတဲ့လူနဲ့ ဖက်ပြိုင်ပြီး မငြင်းတာ အကောင်းဆုံး ယတြာ။

3) လမ်းသွားတဲ့အခါ ကြီးမားတဲ့ ဝီရိယ ထားခြင်းဟာ အန္တရာယ်ကင်းဖို့ အတွက် အကောင်းဆုံး ယတြာ။

4) ဒေါသထွက်စရာ ကြုံတဲ့အခါ စိတ်ဖြေသာတဲ့နေရာကို ရှောင် ထွက်သွား ခြင်းဟာ အကောင်းဆုံး ယတြာ။

5) မနာလိုဝန်တိုစိတ်ကို မမွေးအောင် ကံ ကံရဲ့အကျိုးကို လက်ခံနိုင်အောင် ကြိုးစားတာ အကောင်းဆုံး ယတြာ။

6) ဝင်ငွေ မကောင်းတဲ့အခါ ချွေတာသုံးစွဲတာ အကောင်းဆုံးယတြာ။

7) စိတ်ကောင်းထားခြင်း ရိုးသားမှုရှိခြင်းဟာ ကြီးပွားရာ ကြီးပွားကြောင်း အတွက် အကောင်းဆုံး ယတြာ။ 

8) အားလပ်ချိန်မှာ စာဖတ်တဲ့အကျင့်ကို မွေးမြူခြင်းဟာ အသိအလိမ္မာ တိုးတက်စေဖို့အတွက် အကောင်းဆုံးယတြာ။

9) ကံဆိုးချိန်မှာ ရတနာသုံးပါးကို အထူးတလည် ဆည်းကပ်ကိုးကွယ်တာသည် ကံကောင်းတွေ ရောက်စေဖို့အတွက် အကောင်းဆုံး ယတြာ။

10) တစ်စုံတစ်ရာ ကျွေးမွေး ပေးအပ်သူကို ကျေးဇူးရှင် တစ်ဦးအဖြစ် မမေ့အပ်တာ အကောင်းဆုံး ယတြာ။ 

11) သူ့တာဝန် ကိုယ့်တာဝန်ကို တိတိကျကျ ခွဲခြားပြီး တာဝန်ကျေပွန်စွာ လုပ်တာ အကောင်းဆုံး ယတြာ။ 

12) ရှေ့နောက်မြော်မြင် တတ်တဲ့ ပညာရှိ လူကြီးမိဘရဲ့ ဆိုဆုံးမမှုကို လိုက်နာတာ အကောင်းဆုံး ယတြာ။ 

13) မရ သေးတဲ့ဥစ္စာကို အပူတပြင်းမတောင့်တ မလိုချင်တာ စိတ်ချမ်းသာစေဖို့အတွက် အကောင်းဆုံး ယတြာ။

14) တတ်နိုင် သလောက် စုဆောင်းသွားတာဟာ အနာဂတ် ခရီးအတွက် အကောင်းဆုံးယတြာ။ 

15) ဘဝအရေးနိမ့်တဲ့ ကာလမှာ စိတ်ဓါတ်ကို ကြံ့ကြံ့ခံနိုင်အောင် သတိထား မွေးမြူခြင်းဟာ မိမိ မပျက်စီးဖို့အတွက် အကောင်းဆုံးယတြာ။

16) စီးပွားဖြစ်တဲ့အခါ အောက်ခြေမလွတ်အောင် သတိတရားနဲ့ နေထိုင်တာ အကောင်းဆုံးယတြာ။ 

17) သူ့ဘက် ကိုယ့်ဘက်မျှမျှတတ ကြည့်တာ စဉ်းစားတာ လုပ်ကိုင်တာသည် ရေရှည်လက်တွဲဖို့အတွက် အကောင်းဆုံးယတြာ။

18) အခွင့်အလမ်း ပေါ်လာတဲ့အခါ လုံ့လဝီရီယကို ရှေ့တန်းတင်ပြီး အမိအရဆုပ်ကိုင် လိုက်ခြင်းဟာ အောင်မြင်ကြီးပွားဖို့ အတွက် အကောင်းဆုံး ယတြာ။ 

19) ဘာကိုမှ မစဉ်းစားပဲ မလုပ်တာမပြောတာ နောင်မှ နောင် တ ရ တယ် ဆိုတဲ့ အဖြစ်မျိုးကို မ ရောက်ဖို့ အတွက် အကောင်းဆုံးယတြာ။

20) သုံးနိုင်တဲ့ အခြေအနေ ရှိရက်နဲ့ စိတ်ကို လွှတ်ပေးပြီး အရမ်းမဲ့ မသုံးစွဲတာဟာ နောင် စိတ်ဆင်းရဲစရာ မကြုံဖို့အတွက် အကောင်းဆုံးယတြာ။ 

21) ဘေးရှိတဲ့စကား ကြမ်းတမ်းတဲ့ စကားကို မဆိုခြင်းဟာ နောင်အခါ ပြဿနာ အရှုပ်အရှင်းနဲ့ ရင်မဆိုင်ရဖို့အတွက် အကောင်းဆုံး ယတြာ။ 

22) မနိုင်တဲ့ဝန်ကို မထမ်းတာဟာ အသက်ရှည်ဖို့အတွက် အကောင်းဆုံး ယတြာ။

23) မိမိကိုယ်ကို အမှန် ရှုထောင့်မှ ဝေဖန်သုံးသပ်တာဟာ ရှေ့လျှောက်ရမယ့် ဘဝခရီးမှာ ပန်းခင်းလမ်းဖြစ်ဖို့အတွက် အကောင်းဆုံးယတြာ။ 

24) ဒေါသကို အပြင် မထွက်အောင် ထိန်းနိုင် တာဟာ အစစအရာရာ ပြဿနာ နည်းပါးစေဖို့အတွက် အကောင်းဆုံးယတြာ။

25) ကျော်ဖြတ် ရတဲ့ဘဝခရီးမှ အမှားများကို ဆင်ခြင်သုံးသပ်ပြီး ချက်ချင်းပြုပြင် သွားတာ ရှေ့ခရီး ချောမောဖို့အတွက် အကောင်းဆုံးယတြာ။ 

26) အတိတ်ကို ပြန်တွေးပြီးလည်း မပူဆွေး ။ အနာဂတ်အရေးကို လှမ်းမျှော်ပြီးလည်း မပူပန်။ ပစ္စုပ္ပန်တည့်တည့်မှာသာရပ်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ကိုင် သွားတာဟာ တိုးတက်ဖို့အတွက် အကောင်းဆုံးယတြာ။

27) အကောင်းမြင် ဝါဒနဲ့ ဘဝခရီးကို ဆက်ခြင်းဟာ အကောင်းဆုံး ယတြာ။ 

28) ကျန်းမာရေး ယိုယွင်းစေတဲ့ အပျော်အပါး လိုက်စားမှု မူးယစ်ဆေးဝါးနဲ့ အရက် သေစာကို ရှောင်ရှားတာဟာ အသက်ရှည် ကျန်းမာစေ ဖို့အတွက် အကောင်းဆုံး ယတြာပါ။ 

နေ့စဉ် ဒီအချက်ကလေးတွေနဲ့ အညီ ကျင့်ကြံ နေထိုင်သွားကြမယ် ဆိုရင်တော့ ယတြာဆိုတာ အထူး ချေစရာမလိုပါဘူး လို့ ပြောချင်ပါတယ် ။ ဒါ့ကြောင့် '' အဖိုးတန်တဲ့ လူသားတယောက် ဘဝကို ရဖို့ နေ့စဉ်ယတြာချေကြစို့ ''

ကိုးဘွဲ့ရဆရာတော် အရှင်အာစာရာလင်္ကာရ

No comments

Powered by Blogger.