အရူး (2) ယောက်ရဲ့ သံယောဇဉ်...
အရင်တုန်းက ဒီလိုမျိုး အချစ် ဇာတ်လမ်းလေး တပုဒ် ရှိခဲ့တယ် ။ ကောင်းလေး နဲ့ ကောင်မလေး နှစ်ယောက် စလုံးဟာ ရူးနေကြတယ် ။ ကောင်လေးက ရူးနေလို့ တချိန်လုံး အရူး စကားပဲ ပြောတတ်တယ် ။ ကောင်မလေး ကလည်း ရူးနေပြီး တချိန်လုံး ကောင်လေးကိုပဲ ခပ်တုံးတုံး ရယ်ပြပြီး စိုက်ကြည့်နေ တတ်တယ် ။
အစကတော့ သူတို့ နှစ်ယောက်ဟာ တယောက်ကို တယောက် မသိကြဘူး ။ ကောင်လေးက တောင်အရပ်မှာ နေပြီး ကောင်မလေးက မြောက်အရပ်မှာ နေကြတယ် ။ သူတို့အိမ်က လူတွေက သူတို့နှစ်ယောက်ကို တုံး အ တယ် ဆိုပြီး ဂရုမစိုက်ဘဲ သွားချင်ရာသွား ဆိုပြီး စွန့်ပစ်ထား ကြတယ် ။
ကောင်လေးက တောင်အရပ်ကနေ မြောက်အရပ်ဆီ ဦးတည်ပြီး ထွက်လာခဲ့တယ် ။ ကောင်မလေးက မြောက်အရပ်ကနေ တောင်အရပ်ဆီ ဦးတည်ပြီး လေလွင့်ခဲ့တယ် ။ နှစ်ယောက်စလုံး လေလွင့်ခဲ့ ကြတယ် ။
ကောင်လေးက အရင်ကတော့ မရူးဘူး ။ အလုပ်ခွင်မှာ ခေါင်းကို အုတ်ခဲနဲ့ ရိုက်မိပြီးနောက် သူရူးသွားတာ ဖြစ်တယ်။ ကောင်မလေးလည်း အစက မရူးဘူး ။ တက္ကသိုလ် ဝင်တန်းမှာ မြို့နယ် ပထမရ ခဲ့တဲ့ သူမ နေရာကို သူဌေး သမီး တယောက် ဝယ်ယူလိုက်ရာက ဘယ်သူနဲ့မှ သူမ စကား မပြောတော့ဘူး ။ အဖေ အမေ ကိုလည်း ဂရုမစိုက်တော့ဘူး။ နောက်တော့ သူမ ရူးသွား ခဲ့တယ်။
လမ်းခရီးတွေကို ဘယ်လောက် ကြာကြာ သူတို့ လျှောက်ခဲ့ကြမှန်း မသိဘူး။ ကောင်လေးရဲ့ ကိုယ်ပေါ်က အဝတ်အစားတွေ ညစ်ပတ် ပေရေနေတယ်။ မည်းညစ်နေတဲ့ ခြေဖျားတွေ ဖိနပ်ထိပ်မှာ ပြူထွက်နေတယ်။ ကောင်မလေး ကိုယ်ပေါ်က အနီရောင် ဝတ်စုံကလည်း မီးခိုးရောင် ဖြစ်နေခဲ့တယ်။ ရှုပ်ပွနေတဲ့ ကောင်မလေးရဲ့ ဆံပင်ပေါ်မှာ မြက်ခြောက်တွေ ကပ်ညှိနေတယ် ။ ဒါပေမယ့် သူမ မျက်နှာ ဖြူနေတယ် ။ ဖြူရော်နေတယ် ။
လက်ထဲမှာ ရေပုလင်းတစ်လုံး ကိုင်ထားပြီး လမ်းသွား လမ်းလာ တွေကို ထုံအ, အ ကောင်မလေးက ရယ်ပြနေခဲ့တယ်။ ညနေဝင်ရီတရော အချိန်မှာ ကောင်လေးနဲ့ ကောင်မလေးတို့ တွေ့ ဆုံကြတယ် ။ အမှိုက်ပုံး တခုမှာ မှိုတက်နေတဲ့ ပေါင်မုန့် တချပ်ကို အတူတွေ့ ကြရင်း သူတို့နှစ်ယောက် ဆုံခဲ့ကြ ခဲ့တယ် ။
ပေါင်မုန့်ဆီ နှစ်ဦးသား လက်လှမ်းပြီး ကောက်ယူချိန် ခေါင်းချင်းတိုက် ဆုံခဲ့ကြတာဖြစ်တယ် ။ ကောင်မလေးကို ကောင်လေးက စူးစူးစိုက်စိုက် ကြည့်ပစ်လိုက်တယ်။ ကောင်လေးကိုလည်း ကောင်မလေးက ပြန် ရယ်ပြနေတယ် ။ နောက်ဆုံး ကောင်လေးရဲ့ လက်ထဲကို ပေါင်မုန့် ပါလာတယ် ။
ကောင်လေးက မည်းညစ်နေတဲ့ သူ့ပါးစပ်ကြီးကို ဟပြီး ပေါင်မုန့်ကို ခပ်နာနာ တချက် ကိုက်ချလိုက်တယ်။ ဒါကို ကောင်မလေးက မလှုပ်ဘဲ ငေးစိုက်ကြည့်နေတယ် ။ ကောင်လေးက ကောင်မလေးကို အရောင် မပါတဲ့ မျက်လုံးနဲ့ တစ်ချက် စောင်းကြည့် လိုက်တယ် ။ ကောင်မလေးကလည်း တံထွေးတွေကို မပြတ် မျိုချရင်း ကောင်လေးကို ငေးကြည့်နေခဲ့တယ် ။
ကောင်လေးက စားလက်စ ပေါင်မုန့်ကို ရပ်ပြီး ထုံ အ အ နဲ့ သူ့ကို စိုက်ကြည့်နေတဲ့ ကောင်မလေးကို ပြန်စိုက်ကြည့်လိုက်တယ်။ အဲဒီလိုနဲ့ အရူးနှစ်ယောက် ဘာအမှုအရာမှ မပြဘဲ အချင်းချင်း စိုက်ကြည့်နေကြတယ် ။ ကောင်မလေးကို သူ ပေါင်မုန့် ကမ်းပေး လိုက်တယ် ။ တစ်ဝက်သာ ကျန်တဲ့ ပေါင်မုန့်ကို သူမ ဆတ်ခနဲ ဆွဲယူပြီး အားရပါးရ စားလိုက်တယ် ။ ကောင်လေးက အဲ့ နေရာက လှည့်ထွက်လာ ခဲ့တယ် ။ နောက်လှည့်မကြည့်ဘဲ အိပ်နေကျ အိမ်အိုကြီးဆီ သူပြန်လာခဲ့တယ် ။
အိမ်နားရောက်မှ သူ့နောက်မှာ ကောင်မလေး လိုက်ပါလာမှန်း သိတယ်။ သူ့ကို ကောင်မလေးက ရယ်ပြပြန်တယ်။ သူတို့ အချင်းချင်း စကားတခွန်းမှ မပြောကြဘဲ အိမ်အိုကြီးထဲမှာ အတူနေ ခဲ့ကြတယ် ။ ညအိပ်ချိန်မှာ တခါမှ မခံစားဖူးတဲ့ နွေးထွေးမှုကို သူ ခံစားမိတယ် ။ နိုးလာတော့ သူမ က သူ့ကို ဖက်ပြီး အိပ်နေတယ် ။ အရူးတယောက်ပုံစံ နဲ့ မတူဘဲ နှစ်နှစ်ခြိုက်ခြိုက် သူ့ကိုဖက်ပြီး သူမ အိပ်ပျော်နေခဲ့တယ်။
ဒီလိုနဲ့ အရူးနှစ်ယောက် တအိမ်ထဲမှာ အတူနေဖြစ်ခဲ့ကြတယ်။ နေ့ခင်းမှာ နှစ်ယောက်အတူ ဈေးထဲက စားစရာတွေ ကောက်ယူ စားပြီး သူတို့ ဗိုက်ဖြည့်ကြတယ်။ ညဖက်မှာ အိမ်အိုကြီးဆီ ပြန်အိပ်ကြတယ်။ တရက်ပြီး တရက်၊ တလပြီး တလ နေ့ရက်တွေကို သူတို့ ကျော်ဖြတ်ခဲ့ကြတယ်။
တညမှာ ဘယ်က ကောက်ရမှန်း မသိတဲ့ လက်စွပ်တကွင်းကို သူ ယူပြန်ခဲ့တယ်။ သံချေးတွေ တက်နေတဲ့ လက်စွပ်ကို ကောင်မလေးရဲ့ လက်ထဲ သူ စွပ်ပေးလိုက်တယ်။ ကောင်မလေးကတော့ ထုံးစံအတိုင်း သူ့ကိုကြည့်ပြီး ရယ်နေတယ်။ အဲဒီညက သူမ အားရပါးရ ရယ်ဖြစ်တယ် ။
တိတ်ဆိတ်တဲ့ညမှာ သူမ ရယ်သံကို အတိုင်းသား ကြားနေရတယ်။ ရယ်သံတွေရဲ့ နောက်မှာ ငိုသံတွေပါနေခဲ့တယ် ။ ပထမဆုံးအကြိမ် သူမ ငိုမိတယ်။ သူ့ကိုဖက်ပြီး ဘာမှန်းညာမှန်း မသိ သူမ ငိုနေမိတယ် ။ သူက မတုန်လှုပ်တဲ့ အပြင် မျက်နှာမှာလည်း ဘာအမူအရာမှ မပြခဲ့ဘူး ။ သူမ ဖျားနေတယ်။ တစ်ခါမှ မဖျားဖူးတဲ့သူမ အပြင်းဖျား နေခဲ့တယ် ။
သူနဲ့ အတူ မနက်စာ ထွက်မကောက်ခဲ့ဘူး။ သူ့ကို ရယ်ပြ မနေခဲ့တော့ဘူး ။ သူ့တစ်ယောက်တည်း အစာတွေ သွားကောက်ခဲ့ပြီး နေ့ခင်းမှာ ပြန်လာခဲ့တယ်။ လက်ထဲမှာ ရေအသစ် တဗူးနဲ့ ပေါင်မုန့်အသစ် တထုပ် ယူပြီး သူပြန်လာခဲ့တယ် ။ သူ့မျက်နှာတွေ ဖုယောင်နေတယ်။ လက်ညိုးတွေလည်း ညိုမည်းနေတယ်၊ နှာခေါင်းမှာလည်း သွေးတွေပေနေတယ်။ ဆိုင်ထဲက ရေနဲ့ ပေါင်မုန့်ကို သူဝင်လုတဲ့အချိန် ဆိုင်ပိုင်ရှင် ရိုက်ထားလို့ဖြစ်တယ် ။
မျက်လုံးတွေကို သူမ မှိတ်ထားလည်း သူ့ ကို အရင်လိုပဲ ရယ်ပြနေခဲ့တယ်။ ပေါင်မုန့်ကို ယူပြီး သူမပါးစပ်ထဲ သူထည့်ပေးလိုက်တယ်။ သူမ မစားနိုင်ဘူး။ ကြည့်ရတာ သူမ သိပ်မဟန်တော့ဘူး။ အဖျားတွေ တက်ပြီး သူမ မေ့မျောသွား ခဲ့တယ် ။ သူ့မျက်နှာပေါ်မှာ ပထမဆုံး အကြိမ် အမူအရာတွေကို မြင်ရတယ် ။ စိုးရိမ်တဲ့ အမူအရာ ၊ အကူအညီမဲ့တဲ့ အမူအရာ ။
အိမ်အိုထဲကနေ သူထွက်ပြေးလာ ခဲ့တယ်။ အစိမ်းရောင်ဝတ် ရဲသားတဦးကို တွေ့တော့ သူငိုတယ်။ ပထမဆုံးအကြိမ် သူငိုခဲ့တယ်။ " ကျနော့် အမျိုးသမီးကို ကယ်ပါ " လို့ ပါးစပ်က အော်ပြီး သူငိုတယ်။ " သွားစမ်း အရူး တောက် .. အိမ်က ထွက်တာနဲ့ ဘယ်ကအရူးနဲ့ လာတိုးနေမှန်း မသိဘူး " ရဲသားက ပြောပြောဆိုဆို သူ့ကို ကန်ထည့်လိုက်တယ် ။
မြေကြီးပေါ် သူပက်လက် လှန်ကျသွားတယ် ။ ရဲသားက သူ့ဗိုက် တည့်တည့် အားနဲ့ သုံးလေးချက် ဆင့်ပြီး ကန်ချလိုက်တယ် ။ ပြီးတော့ သူ့မျက်နှာပေါ် တံထွေးတစ်ချက် ထွေးထည့်ပြီး နေရာက ထွက်သွားတယ် ။ မြေပေါ်မှာ သူအကြာကြီး လဲနေခဲ့တယ် ။ သူ ထနိုင်တဲ့ အချိန်မှာ မျက်နှာပေါ်က တံထွေးတောင် ခြောက်နေခဲ့ပြီ ။
ကောင်မလေး ကို သူ ကျောပိုးပြီး လမ်းမကြီးပေါ် ရောက်လာခဲ့တယ် ။ လမ်းပေါ်မှာ လူတွေ အများကြီး ဒါပေမယ့် သူတို့ကို တယောက်မှ ဂရုစိုက် မကြည့်ကြဘူး ။ ကြည့်ကြတဲ့ လူတွေကလည်း ရွံ့ရှာတဲ့ အေးတိအေးစက် အကြည့်နဲ့ တချက်ကြည့်ပြီး ကိုယ့်လမ်းကိုယ် သွားလိုက်ကြတယ်။
ကောင်မလေး ကို သူ လမ်းဘေး တနေရာမှာ သူချလိုက်ပြီး အကူအညီမဲ့ မျက်လုံးနဲ့ လူတွေကို သူလိုက်ကြည့်နေခဲ့တယ်။ ကောင်မလေးက အသက် မျှင်းမျှင်းလေးပဲ ရှူနေတယ် ။ ရုတ်တရက် လမ်းဘေးက ဖန်ကွဲစ တစ်စကို သူကောက်ယူပြီး သူမရဲ့ ညစ်ပတ် ပိန်လှီနေတဲ့ လက်ကလေး အပေါ် ခြစ်ချလိုက်တယ်။ သူမ လက်ထဲက သွေးတွေ ဖြာခနဲ သူ့မျက်နှာပေါ် ပန်းတက်လာတယ် ။
" ဟား ... ဟား … ကျနော် လူသတ်လိုက်ပြီ… ခင်ဗျားတို့ ကြည့် ကျနော် လူသတ်လိုက်ပြီ "
အဲဒီနောက် အရေးပေါ် လူနာတင်ကား ရောက်လာပြီး သူမကို သယ်ထုတ် သွားကြတယ်။ ဝိုင်းကြည့်နေတဲ့ လူတွေက သူ့ကို ကန်ကျောက်ပြီး ဆဲဆို ထွက်သွားကြတယ် ။
လူတွေရဲ့ ကယ်တင်ခြင်းကို ခံရပေမယ့်လည်း နောက်ဆုံးမှာ ကောင်မလေး သေဆုံး သွားခဲ့ရတယ် ။ အရေးပေါ်ခန်းမှာ တနာရီလောက်တောင် သူမ မနေခဲ့ရဘဲ ရင်ခွဲရုံ ထဲ ပို့ခံခဲ့ရတယ် ။ သေဆုံးသွားပေမယ့် ကောင်မလေးရဲ့ မျက်နှာက ပြုံးနေခဲ့တယ် ။ သေဆုံးချိန်ထိ သူမ လက်သူကြွယ်မှာ သံချေးတက်နေတဲ့ လက်စွပ်ကို စွပ်ထားဆဲ ဖြစ်တယ် ။
ကောင်မလေးရဲ့ ပြန်အလာကို သူအကြာကြီး စောင့်နေခဲ့တယ် ။ ဒါပေမယ့် ကောင်မလေးက လုံးဝ ပြန်မလာတော့ ပါဘူး ။ သူ့ကို ရယ်ပြဖို့ ပြန်မလာခဲ့တော့ ပါဘူး ။ သူငိုမိတယ်။ အားပါတရ သူအော်ငိုမိတယ်။ ညတညလုံး သူ့ငိုသံတွေ လွှမ်းနေခဲ့တယ်။ ဒါပေမယ့် ဘယ်သူ့မှ သူ့ငိုသံကို သတိမထားခဲ့ မိကြဘူး ။
သူတို့ စတွေ့ခဲ့တဲ့ အမှိုက်ပုံး ဘေးမှာပဲ သူ့ရဲ့အေးစက်နေတဲ့ ကောင်လေးရဲ့ အလောင်း ကို လူတွေ တွေ့ခဲ့ကြတယ် ။ သူ့ မျက်နှာပေါ်က အပြုံးတောင် အေးစက် နေခဲ့ပါပြီ ။ မှိုတက်နေတဲ့ ပေါင်မုန့် တစ်ချပ်နဲ့ မဖောက်ရသေးတဲ့ ရေတစ်ပုလင်းက သူ့ရင်ခွင်ထက်မှာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လို့ ။
Credit

Post a Comment