💘အချစ်ကြောင့် အကြိမ်ကြိမ် မရှုံးနိမ့်ပါစေနဲ့👌
💓💓💓💓💓💓💓💓
ယောက်ျားလေးပဲ ဖြစ်စေ၊ မိန်းကလေးပဲ ဖြစ်စေ ချစ်သူက သစ္စာဖောက်ပီး ထားသွားတယ် ဆိုတာ ဘာပဲပြောပြော ဒါက အခြေအနေ တစ်ရပ်အပေါ် အရှုံးပေးလိုက်ရခြင်း တစ်မျိုးပါပဲ။
ဘယ်လောက်ပဲ စိတ်ဓာတ် ကြံ့ခိုင်နေပါစေ၊ ဘယ်လောက်ပဲ စိတ်တွေ မာကျောနေပါစေ အနည်းနဲ့အများတော့ ထိခိုက် ခံစားကြရတာပါပဲ။ လုပ်ရက်လေခြင်း လို့ တွေးပြီး တစ်မြေ့မြေ့နဲ့ လောင်မြိုက်နေမယ်။
နောက်ကျောကို ဓားနဲ့ထိုးသွားတဲ့ အဖြစ်အပျက်ကြောင့် တွေးမိတိုင်း နာကျင်နေရမယ်။ အကြောင်းအရာ တိုက်ဆိုင်မှုတွေ ရှိလာတိုင်း နာကြည်းမှု တစ်ဝက်၊ လွမ်းဆွတ်မှု တစ်ဝက်နဲ့ မကောင်းတဲ့ အတိတ်ကို ခဏခဏ ပြန်တူးဖော် နေမိတတ်တယ်။
အဆိုးဆုံးကတော့ သတိမရတော့ဘူးဆိုပီး အကြိမ်ကြိမ် နှလုံးသွင်းထားရင်း တားမရ ဆီးမရ သတိရနေသေးတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တွေ မြင်လာတာပါပဲ။
တကယ်တမ်းကျတော့ လူပြောများနေသလို အသည်း ကွဲတာက ဘဝပျက် မသွားဘူး ဆိုပေမယ့် ကိုယ့်ဘက်က လေးနက်မှု အနေအထားပေါ် မူတည်ပြီး စိတ်ကတော့ အတိုင်းအတာ တစ်ခုအထိ ပျက်စီးသွားရတာပါပဲ။ နောက်ထပ် ထပ်ချစ်ဖို့ကို ကြောက်ရွံ့သွားခဲ့တယ်။
တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင်တောင် သတိမထားမိဘဲ မသိစိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေပျက်စီးနေတတ်တယ်။
ဒီနေရာမှာ စာရေးသူ တစ်ခုပြောချင်တာက ကြုံလာတဲ့ အခြေအနေ တစ်ရပ်ကို ဒူးထောက် အညံ့မခံဘဲ ရဲရဲရင့်ရင့်လက်ခံ ရင်ဆိုင်ပစ်လိုက်ဖို့ပါပဲ။
ပျက်နေတဲ့ စိတ်ကို ပြန်ပြုပြင်ဖို့ မကြိုးစားဘဲ အပျက်အတိုင်း ထားမယ် ဆိုရင် ဘယ်တော့မှ ပြန်ကောင်းလာဖို့ မရှိပါဘူး။
အခြား ရှုထောင့်တစ်ခုကနေ အသေအချာ စဉ်းစားကြည့်မယ် ဆိုရင် အချစ်ရှိလို့ အမုန်းရှိနေသလို၊ ဆုံဆည်းခဲ့လို့လည်း ခွဲခွာခြင်းနဲ့ ကြုံခဲ့ရတာပါ။
ကောင်းသော ခွဲခွာခြင်းနဲ့ မကောင်းသော ခွဲခွာခြင်းဆိုတဲ့ ခွဲခွာခြင်း နှစ်မျိုးမှာ ကိုယ့်ကို သစ္စာဖောက်ပြီး ခွဲခွာသွားတာကို ကောင်းသော ခွဲခွာခြင်းပဲ လို့ စာရေးသူကတော့ သတ်မှတ် ချင်ပါတယ်။
ဘာလို့လဲ ဆိုတော့ သစ္စာမရှိတဲ့ လူတစ်ယောက်ကို တစ်သက်လုံး အနားမှာထားပြီး စိုးရိမ်ကြောင့်ကြ နေရမယ့်အစား သူ့အကျင့်၊ သူ့စရိုက်၊ သူ့အဆင့်အတန်းနဲ့ တန်တဲ့လမ်းကို သူ့ဟာသူ စောစောစီးစီး ရွေးလျှောက်သွားတာ ကိုယ့်အတွက် ကံကောင်းခြင်း တစ်မျိုးပဲပေါ့။ တူရာလူတွေပဲ စုစည်းတတ်တာ လောကရဲ့ သဘာဝပါ။
သစ္စာမရှိ သူဟာ သစ္စာမရှိတဲ့ သူချင်းပဲ တွေ့ဆုံ ပေါင်းဖက်နိုင်တာ ဓမ္မတာပါ။ ဒီ သဘောတရားကို လက်ခံနားလည် နိုင်ခဲ့မယ် ဆိုရင် အသည်းကွဲလို့ ရနေတဲ့ ဝေဒနာတွေ၊ ပူလောင် သောကတွေ၊ အမုန်းတရားတွေကို အတော်အသင့်တော့ လျော့သွားစေနိုင်မှာပါ။
တစ်ခု သိထားရမှာက ကိုယ့်အနေနဲ့ သစ္စာမရှိတဲ့သူကို မှားချစ်မိလို့် တစ်ခါ ရှုံးခဲ့ရပြီးပြီ။ ဒီအရှုံးကနေ ရလာတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကြား ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ပြီး ဒဏ်ခတ်နေမယ် ဆိုရင်တော့ အကြိမ်ကြိမ် အရှုံးပေးနေရသလို ဖြစ်နေပါလိမ့်မယ်။
ဒါကြောင့်မို့ မသိခဲ့တဲ့ အမှားတစ်ခုကြောင့် တစ်ခါပဲ အရှုံးပေးပါ။ ဝမ်းနည်း ကြေကွဲမှုတွေကို အဆမတန် ထမ်းပိုးထားပြီး ထပ်ခါထပ်ခါ အရှုံးမပေးမိပါစေနဲ့လို့ အလေးအနက်ထား တိုက်တွန်း လိုက်ပါရစေ…
💓💓💓💓💓💓💓💓
credit to မနောဖြူ
Post a Comment