Header Ads

အိုးဋီကာ


………" အိုးဋီကာ "………

မိန်းမ ဆိုတဲ့ အမျိုးက မြေအိုးလိုပဲ… ငါ့ သား။ အဖေတို့လို "ရေ"… ဆိုတဲ့ ယောင်္ကျားသာ မရှိရင် မှောက်ထားရုံ သက်သက်။ အိုးအပြင် နှုတ်ခမ်းမှာ ပိုးမျှင်တန်းပြီး ရှက်နေရုံပဲလေ ။

သူတို့ကို လက်ထပ် ရတာက ဆက်စပ်သမျှ အကြောင်းအကျိုး အကောင်းအဆိုး ဒွန်တွဲနေတယ်။ ရိုးရိုးလေး တွေးမယ်ဆို အိုးရွေးဝယ် ရသလိုပဲ ပေါ့ကွယ် ။

အနယ်မနာ မီးမကျက် ကွဲအက်လွယ်တဲ့ အမျိုးကို စပ်စလူးအိုး လို့ ခေါ်သကွဲ့ ဘယ်တော့မှ မဝယ်နဲ့နော် ။

မီးပေးနာထားလို့ ဧည့်သည် လာတိုင်း အရှက်ခွဲ မျက်နှာမည်းတဲ့ အိုးမျိုး လျှော့ဈေးနဲ့ ရောင်းတောင် မျက်စောင်းမထိုးမိစေနဲ့ ကွဲ့ ။

ရေဘယ်လောက် ဖျန်း ဖျန်း မကျေမချမ်းနဲ့ အမြဲတမ်း ဆူဆူပူပူ နှုတ်ခမ်းထူတဲ့အိုးများ။ ဘယ်သူက အလကားပေး ပေး ယူဖို့မတွေးလေနဲ့… သားရေ ။

အဖိုးနည်းရင် အိုးကွဲပဲ ရမတဲ့။ အိုးရွေးမှန်မှလည်း အကျိုးပေးသန်မှာပဲ မဟုတ်လား ။

အိုးကြီး အိုးသေး တစ်မျိုးပြီး တစ်မျိုးရွေး။ ကြေးတိုးပေးဖို့ အိုးဈေးတန်းကတော့ သွေးတိုးစမ်း နေဦးမှာပဲ…သားရေ ။

အက်ကြောင်း တလျှောက် မိတ်ကပ်နဲ့ ဖျောက်ထားတဲ့ ပေါက်ပြီးသား အိုးတွေ……။

မလှိမ့်တစ်ပတ်နဲ့ စိမ့်တတ်တဲ့ အိုးတွေ……။

လည်သိမ် အောက်ကား ဆောင့်ကြွားကြွား အိုးတွေ……။

ကနုတ် များများရေး အရုပ်အသားပေး အိုးတွေ……။

ကန့်သတ်ချက် မရှိဘူး နှံ့စပ်အောင် လျှောက်ကြည့် ပတ်ပတ်လည် မြှောက်ကြည့် လက်နဲ့ ခေါက်ကြည့် "ဒေါက်"…လို့ အသံထွက်ရင် ပေါက်ထွက်မယ့်အိုး လို့မှတ်။ "ဒပ်"…လို့ ထွက်တဲ့အသံ လက်မခံ ပါလေနဲ့။ အက်သံပါနေသတဲ့ကွယ်။ နားထဲမှာ ကြည်လင် "ဒေါင်"…လို့ မြည်ရင်တော့ ပီပြင်တဲ့အိုး ရပဟေ့။ အဖိုးအခ ဈေးများလည်း အပြေးအလွှားဝယ်။ တလေးတစားသာ သယ်ခဲ့တော့...


အဲဒါ……… တို့ဘိုးဘေးတွေ လက်ထက်ကတည်းက အိုးရွေးတဲ့အချက်ပဲ… ငါ့သား ။

ဈေးဝယ် ဆိုမှတော့ ဈေးလယ်ထိတော့ ရောက်အောင်သွား တန်းထားတဲ့ အိုးတွေ ရှိတယ်။ လမ်းသလားတဲ့ အိုးတွေ ရှိတယ်။ အနေသန့်တဲ့ အိုးအကောင်းတွေ ရှိတယ်။ မြေညံ့တဲ့ အိုးအဟောင်းတွေ ရှိတယ်။ အဖိုးသားနား အနည်းအများ အမျိုးအစားလည်း ကွဲပြားတယ်။ အိုးမမှားဖို့…… ကြိုးစားဖို့က အမျိုးသားတိုင်း သဘောပေါက်။ ဟော တစ်ယောက်… ဟော တစ်ယောက်နဲ့ အချိုးပြေ မပြေသိရအောင် အိုးတွေသာ လိုက်ခေါက်ကြည့်ပေတော့… သားရေ ။ ။

credit to *စဆနိုင်*

No comments

Powered by Blogger.