Header Ads

ဆရာငြိမ်းရဲ့ တစ်ပတ်စာ ၇ ရက်သားသမီး ဟောစာတမ်း (02 .8.2018 မှ 08.8.2018 အထိ)


တနင်္ဂနွေ

ဒီကာလဟာ နေရာပေးခြင်း အသိအမှတ်ပြုခြင်း ခံရမဲ့ကာလပါပဲ။ မိမိ ကြိုးစားမှုအပေါ်ချီးမြှောက်မဲ့ သူတွေ ရှိပါလိမ့်မယ်။ ကိုယ်ပိုင် စီးပွားများ အလုပ်တွေ အရင်ကထက် တိုးတတ်ပါလိမ့်မယ်။ မိမိ လုပ်ချင်တဲ့ ကိစ္စတွေ အနာ ဂတ်စီးပွားရေးအတွက် ရည်မှန်းထားတာတွေ ဒီကာလမှာ အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်။

မိတ်ဆွေတွေဆီ ကနေ အကြံဥာဏ်ကောင်းတွေ ရလာတတ်ပါတယ်။ ကျန်းမာရေးကတော့ ဒီကာလမှာ အညံ့အဆိုး နည်းပါတယ်ဗျာ။ ကျန်းမာရေး ကောင်းနေမယ် လို့ ယေဘုယျ သုံးသပ်လို့ ရပါလိမ့်မယ်။ ရွှေငွေ လက်ဝတ်ရတနာ ၀ယ်မယ်လို့ စဉ်းစားထားရင် ဒီကာလမှာ ၀ယ်သင့်ပါတယ်။

အိမ်ထောင်ရေးကတော့ အိမ်ထောင်ဘက်က မိမိကို အထက်စီးကနေ ပြောဆို ဆက်ဆံတာမျိုး ရှိပါလိမ့်မယ်။ အချစ်ရေးကတော့ ချစ်သူအတွက် စိုးရိမ်ပူပန်စရာ ကိစ္စလေးတွေ ရှိနေပါလိမ့်မယ်။ ပညာရေးကတော့ ကံအကောင်းဆုံး အချိန်ပါပဲ။

အကျိုးပေး ဂဏန်း 4/ 9/ 3
အထူးဟော လုပ်ငန်း စီးပွားတိုးတတ် ပါလိမ့်မယ်။
ယတြာ ဘုရားစေတီမှာ ရွှေဆိုင်း ရွှေသင်္ကန်း ကပ်လှူပါ။

-----------------------

တနင်္လာ

ဒီကာလအတွင်း အလုပ်တွေများ ဗာဟီရကိစ္စတွေ များနေရတတ်ပါတယ်။ ငွေလဲ အသုံးကြမ်း နေပါလိမ့်မယ်။ ငွေတွေ အဖတ်မတင်ဘဲ အဟောသိကံ ကုန်သွားတတ်ပါတယ်။ ခြေနှစ်ချောင်း ထွက်ကိန်း ရှိပါတယ်။ ငယ်ရွယ်သူများ အိမ်မှာ မနေချင်ဘဲ ဖြစ်ရတတ်ပါတယ်။

အလုပ်တွေ ကောင်းနေပေမဲ့ အငြိမ်မထိုင်ရဘဲ ခရီးများ ရတာမျိုးတော့ ရှိပါလိမ့်မယ်။ လှုပ်လှုပ်ရှားရှား လုပ်ရတဲ့ အလုပ်များ ဆိုရင်တော့ အထူးကောင်းတာပေါ့ဗျာ။ ကျန်းမာရေးကတော့ ဒီ ကာလမှာ ပင်ပန်းရာကနေ ကိုယ်လက်ကိုက်ခဲပြီး ဖျားနာတဲ့အထိ ဖြစ်ရတတ်ပါတယ်။ အိမ်တွင်းရေးမှာတော့ မိဘတွေနဲ့ သဘောထားကွဲလွဲတာမျိုး ကြုံရတတ်ပါတယ်။

အချစ်ရေးကတော့ နီးနေတဲ့သူတွေကတော့ တကျက်ကျက်နဲ့ ခဏခဏ စကားများ ရတတ်ပါတယ်။ ဝေးနေတဲ့ ချစ်သူတွေကတော့ အရမ်းလွမ်းဆွတ် သတိရ နေပါလိမ့်မယ်။ ပညာရေးမှာတော့ အားနည်းချက်တွေ ပြည့်နေပါတယ်။ ကြိုးစားပါ လို့ပဲ မှာချင်ပါတယ်။

အကျိုးပေးဂဏန်း 1/ 8/ 2
အထူးဟော အလုပ်ရှုပ် နေပါလိမ့်မယ်။
ယတြာ ကလေးတွေကို ကစားစရာ လက်ဆောင် ၀ယ်ပေးလိုက်ပါ။

-----------------------

အင်္ဂါ

ဒီကာလဟာ ဘယ်ကိစ္စပဲဖြစ်ဖြစ် ဘယ်သူကိုယ်မှ စိတ်မချဘဲ မိမိကိုယ်တိုင် လုပ်နေမိတဲ့အတွက် ပင်ပန်းရ တတ်ပါတယ်။ လုပ်ချင်တာတွေကို လုပ်ခွင့်မသာသေးပါဘူး။ ချိန်းဆိုထားတဲ့ ကိစ္စတွေ ရှိရင်လဲ မိမိအလုပ်များနေတာကြောင့် ကတိပျက်သလို ဖြစ်ရတတ်ပါတယ်။ စက်ပစ္စည်းတွေလည်း အသစ် ၀ယ်မယ်ဆို စဉ်းစားပြီးမှ ၀ယ်ပါ။

ဝယ်ပြီးထို ပစ္စည်းကို မသုံးချင်ဘဲ ခဏလေးနဲ့ ပြန်ရောင်းချင် ပါလိမ့်မယ်။ လျှပ်စစ်ကိုင်တွယ်လုပ်ကိုင်ရသူများ သတိလေးကပ် ပြီးလုပ်သင့်ပါတယ်။ အလုပ်ကတော့ အထိုင်အလုပ်တွေ ပိုအကျိုးပေး နေပါလိမ့်မယ်။ ခရီးသွားအလုပ်များ လှုပ်ရှား လုပ်ကိုင်ရသော အလုပ်များ အကျိုးမပေးသေးပါဘူး။

ကျန်းမာရေး အနည်းငယ် ညံ့ပါတယ်။ ဂရုစိုက်ပါ။ အစာမှား ဆေးမှား ဆိုတာမျိုးလည်း ဖြစ်လွယ်ပါတယ်။ အိမ်တွင်းရေး အိမ်ထောင်ရေး သာယာပါလိမ့်မယ်။ အချစ်ရေးကတော့ ချစ်သူနဲ့ ဆုံဖို့ မလွယ်သေးပါဘူး။ ပညာရေးကတော့ မိမိကိုယ်တိုင် အားထည့်မှ အဆင်ပြေမှာပါ။

အကျိုးပေး ဂဏန်း 4/ 0 /6
အထူးဟော ပင်ပန်း ရတတ်ပါတယ်။
ယတြာ မီးချောင်း အကျွမ်းတွေကို စွန့်ပစ်လိုက်ပါ။

-----------------------

ဗုဒ္ဓဟူး

စိတ်ချမ်းသာ ပျော်ရွှင်ခွင့်တွေရပါလိမ့်မယ်။ လုပ်သမျှ အဆင်ပြေခြင်း ကြံစည်သမျှ အဆင်ပြေခြင်းမျိုးတွေ ကြုံရတတ်ပါတယ်။ သားသမီးကြောင့် မိမိဂုဏ် တတ်ပါလိမ့်မယ်။ အရွယ်ရောက်ပြီးတဲ့ သားသမီးတွေရဲ့ ထောက်ပံ့ကူ ညီပေးတာမျိုးတွေ ကြုံရတတ်ပါတယ်။

အချိတ်အဆက် ကောင်းတဲ့အတွက် အလုပ်တွေကောင်းပြီး အော်ဒါတွေများ များရတတ်တဲ့ ကာလပါပဲ။ မိမိလုပ်ချင်တာတွေလဲ အကောင်အထည် ဖော်ခွင့် ရလာပါလိမ့်မယ်။ ၀န်ထမ်းများ ရာထူး တိုးခြင်း နေရာကောင်းရခြင်းတွေ ကြုံရနိုင်တယ်။ ကျန်းမာရေး အကောင်းဘက်မှာ ရှိနေတတ်ပါတယ်။ အနာနဲ့ဆေး တည့်ပါလိမ့်မယ်။

အိမ်တွင်းရေး အိမ်ထောင်ရေး သာယာချမ်းမြေ့ ပါလိမ့်မယ်။ ကိုယ်ပိုင်အလုပ်များ ၀န်ထမ်းကောင်း တွေကြောင့်တိုးတတ်ပါလိမ့်မယ်။ အချစ်ရေး အညံ့အဆိုးတွေ အနည်းငယ် ရှိနေဆဲပါ။ နားလည်မှုတွေလွဲ တတ်ပါတယ်။ ပညာရေးကတော့ မိမိဖြစ်ချင်တဲ့အတိုင်း ဖြစ်လာတတ်ပါတယ်။

အကျိုးပေး ဂဏန်း 7/ 3/ 2
အထူးဟော ကံမြင့်မား နေပါလိမ့်မယ်။
ယတြာ ပရိတ်ရွတ် ပေးသင့်တဲ့ ကာလပါပဲ။

-----------------------

ကြာသပတေး

ကံမြင့်မားခြင်း ၊လိုအင်ဆန္ဒ ပြည့်စုံခြင်းတွေနဲ့ ကြုံရမဲ့ အချိန်ပါ။ အတိတ်ကံရဲ့ ကောင်းကျိုး တရားတွေကို ခံစားရနိုင်တဲ့ ကာလဖြစ်တဲ့အတွက် ထီကံစမ်းခြင်းမျိုး ပြုသင့်ပါတယ်။ အဓိဋ္ဌာန်ဝင်ခြင်း တရား ရှုမှတ်ခြင်းတွေ ပြုလုပ်ဖို့ အကောင်းဆုံး ကာလပါ။ အထည်၊ ထီး၊ ဖိနပ် စတဲ့ စနေနံ ပစ္စည်းတွေ ဝင်လာဖို့ ရှိနေပါတယ်။

တန်ဖိုးထားစရာ မြတ်နိုးစရာကောင်းသော လက်ဆောင်ပစ္စည်းများ ရလာတတ်တဲ့ ကာလ တစ်ခုပါပဲ။ ထိုအတူ အလုပ်စီးပွားလည်း တိုးတတ်နိုင်ဖို့ ရှိနေပါတယ်။ အလုပ်ရှာနေသူများ အလုပ်ရပါလိမ့်မယ်။ ယှဉ်ပြိုင်လာသမျှ အနိုင်ရမဲ့ အချိန်ပါပဲ။ မိမိကို နှုတ်၏ဆောင်မခြင်း ဖြင့် အကြံဉာဏ်ကောင်းတွေ ပေးမဲ့သူကို ကြုံရတတ်ပါတယ်။

ကျန်းမာရေးလည်း အထူး ကောင်းနေမဲ့ အချိန်ပါပဲ။ အိမ်ထောင်ရေး သာယာပျော်ရွှင်ခွင့် ရပါလိမ့်မယ်။အချစ်ရေးမှာ ချစ်သူရဲ့ အလိုလိုက်ခြင်း ခံရမဲ့ အချိန်ပါ။ ပညာရေးကံ မြင့်မားနေတဲ့ ကာလပါပဲ။ ပညာရပ် အသစ်တွေ သင်ကြားခွင့် ရပါလိမ့်မယ်။

အကျိုးပေးဂဏန်း 7/0/9
အထူးဟော စိတ်ချမ်းမြေ့ရမည်။
ယတြာ သစ်သီးဆွမ်း ဘုရားကပ်လှူပါ။

-----------------------

သောကြာ

ငြိမ်နေတာ အကောင်းဆုံးပါပဲ။ အပြောင်းအလဲ တစ်ခုခု လုပ်မိပြီ ဆိုတာနဲ့ စိတ်ညစ်စရာတွေ တစ်ခုပြီး တစ်ခု ကြုံရနိုင်ပါတယ်။ ကျန်းမာရေးလည်း ဂရုစိုက် စေချင်ပါတယ်။ အထူးသဖြင့် မိန်းကလေးတွေပါပဲ။ ချွေးငုပ်၊ သွေးငုပ် ဖြစ်လွယ်ပါတယ်။

အလုပ်အကိုင် အဆင်ပြေ ချောမွေ့နေပေမဲ့ မိမိသောကကြောင့် အလုပ်မှာ စိတ်နှစ် မရတာမျိုး ကြုံရမှာပါ။ ဆုံးဖြတ်ချက် အမြန်ချပါက အမှားများနိုင်တဲ့ ကာလပါ။ နိုင်ငံရပ်ခြား ဆက်သွယ်ရသော အလုပ်တွေ၊ ခရီးသွား လုပ်ငန်း၊ ကုန်သွယ်မှု အလုပ်တွေ အရှုံးပြတတ်ပါတယ်။ ငွေဝင်ဖို့ ရှိနေပါတယ်။

အိမ်ထောင်ရေးမှာတော့ မိမိ အိမ်ထောင်ဘက် ကျန်းမာရေး အညံ့ကြုံရပါ လိမ့်မယ်။ အချစ်သစ် ဆိုရင်ကောင်းပေမဲ့ အချစ်ဟောင်းနဲ့တော့ ပြဿ နာ ခဏခဏ တတ်ပါလိမ့်မယ်။ ကြားစကားတွေကြောင့် ချစ်သူကို အထင်လွဲ မိတတ်ပါတယ်။ ပညာရေးမှာ တော်ပေမဲ့ ကံအားနည်းနေတာကြောင့် မိမိအနေဖြင့် ကြိုစားအားထုတ်ဖို့ အများကြီး လိုပါတယ်။

အကျိုးပေး ဂဏန်း 3/ 4/ 0
အထူးဟော ကံညံ့နေပါတယ်
ယတြာ ခရီးသွားမဲ့သူတွေကို လမ်းစရိတ် တတ်နိုင်သလောက် ကူညီလိုက်ပါ

-----------------------

စနေ

အရာရာတိုင်းကို စဉ်းစားချင့်ချိန်ပြီးမှ လုပ်ပါ။ အလောတကြီး လုပ်လေ အမှားများပြီး နှစ်ခါပြန် လုပ်ရလေပါပဲ။ ဒီအပတ်ထဲ အခြား အချင်းအရာထက် ကျန်းမာရေးကို ပိုဂရုစိုက်ပါ။ ကျန်းမာရေး ဒေါင်ဒေါင်မြည် နေသူတောင်မှ ဒီကာလအတွင်း ခြူ ခြာလွယ်ပါတယ်။

ငွေကြေးနဲ့ ပက်သက်ပြီးတော့ စိတ်ညစ်စရာ ကြုံလာနိုင်တဲ့ အခိုက်အတန့်ပါပဲ။ ငွေကြေးကို စနစ်တကျ သုံးစွဲသင့်တဲ့ ကာလပါ။ ဒီကာလမှာ အလုပ်နဲ့ ပက်သက်၍ဖြစ်စေ၊ အခြား ကိစ္စကြောင့်ဖြစ်စေ အပြောင်းအလဲ တစ်စုံတစ်ရာ မလုပ်တာ အကောင်းဆုံးပါပဲ။ ဘယ်ကိစ္စပဲလုပ်လုပ် အချိန်ယူပြီးမှလုပ်ပါ။

အချစ်ရေး ကိစ္စတွေမှာ နားလည်မှုတွေ ပြန်လည် တည်ဆောက်နိုင်မှာပါ။ ချစ်သူနှစ်ဦး လျှောက်မဲ့လမ်း ပန်းခင်းသောလမ်း ဖြစ်နေမဲ့အချိန်ပါ။ ပညာရေးကံ အညံ့ဆုံး ကာလထဲ ရောက်နေပါတယ်။ ပညာရေးကို စိတ်နှစ်ထားနိုင်မှ အဆင်ပြေပါလိမ့်မယ်။

အကျိုးပေးဂဏန်း 5/ 1/ 4
အထူးဟော ကံသင့်ပါတယ်
ယတြာ တရားစာအုပ် ဓမ္မဒါန ပြုလုပ်ပေးပါ။

-----------------------

၇ရက် သားသမီးအပေါင်း ကောင်းသော လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။

ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

No comments

Powered by Blogger.