Header Ads

ကိုယ့်ကို ဒဏ်ရာတွေ ပေးခဲ့သူကို ကျေးဇူးတင်လိုက်ပါ


တခါတုန်းက ခြံပိုင်ရှင် တယောက်မှာ သနပ်ခါး ခြံကြီး တခြံ ရှိတယ် ။ တနေ့တော့ ခြံပိုင်ရှင်ကြီးက ခြံစည်းရိုး ခတ်ရင်းနဲ့ သံဆူးကြိုး တွေကို သနပ်ခါးပင် တခုမှာ စုပြီး ချည်ထားမိ လိုက်တယ် ။

လတွေ နှစ်တွေ တော်တော် ကြာလာတော့ သနပ်ခါးပင်က ကြီးလာတာနဲ့ အတူ သံဆူးကြိုးတွေ ဟာလည်း ပင်စည် ထဲကို ဖြည်းဖြည်းချင်း မြုပ်ဝင် သွားကြတယ် ။

တနေ့မှာတော့ ရာသီဥတု ဖေါက်ပြန်ပြီး အပင်မှိုရောဂါ တမျိုးက သနပ်ခါးခြံမှာ ပေါက်ဖွား ပျံ့နှံ့သွားပါတယ် ။ မှို စွဲကပ် ခံရတဲ့ အပင်တွေ အကုန် ညှိုးနွမ်း ကုန်ပြီး ရေဓာတ် ခန်းခြောက်ကာ သေကုန် ကြတယ်။

အဲ့ဒီမှာပဲ သနပ်ခါးပင်တွေ တဖြုတ်ဖြုတ်နဲ့ သေကုန် ကြတာ တလ အတွင်းမှာပဲ ခြံပိုင်ရှင်ရဲ့ သနပ်ခါးပင် တခြံလုံး ထင်းဖြစ်သွား ပါတယ် ။

ခြံပိုင်ရှင်လည်း စိတ်ပျက် လက်ပျက်နဲ့ ဒီအတိုင်း ပစ်ထားပြီး မြို့ပေါ် တက် သွားပါတယ် ။

မိုးဦး ၀င်တဲ့ အခါမှာ ခြံရှင် က သူ့ခြံကို ပြန်လာ ကြည့်တယ် ။

အပင်တွေ အားလုံး သေကုန်ပေမဲ့ အံ့သြစွာနဲ့ အပင် တပင်ထဲ ရှင်သန်ပြီး အရွက်တွေ နဲ့ စိမ်းစိုနေ ပါတယ် ။ ခြံရှင်လည်း သေချာ အနီးကပ် ကြည့်လိုက်တော့မှ အဲ့သနပ်ခါးပင်ဟာ သံဆူးကြိုးတွေ မြုပ်ဝင်နေတဲ့ အပင် ဖြစ်နေပါတယ်။

ခြံပိုင်ရှင်ကြီးလည်း တော်တော့်ကို အံ့သြသွားပြီး နားလည်တဲ့သူကို ခေါ်ပြီး မေးကြည့်တော့မှ ... ဒီအပင် ရှင်သန်နေ တာဟာ သံဆူးကြိုးတွေ ကြောင့် လို့ သိရတယ် ။

သံဆူးကြိုးတွေ မြုပ်ဝင်သွားတော့ အပင်က သူ့ရဲ့ ကိုယ်ခံအားတွေ အလိုလို ထွက်လာပြီး တွန်းလှန် ပါတယ် ။ ပြင်ပက ၀င်လာတဲ့ အရာတွေကို တွန်းလှန် နေရာတော့ သူ့အလိုလို anti virus တွေ ထွက်လာပြီး မှိုရောဂါကို တိုက်ဖျက် သွားခြင်း ဖြစ်ပါတယ် ။ သနပ်ခါးပင်ဟာ သူ့ကို ဒဏ်ရာ ရစေတဲ့ သံဆူးကြိုးတွေ ကြောင့်ပဲ သူ့ကို ရှင်သန်စေနိုင် ခဲ့တာ ဖြစ်ပါတယ် ။

ကျနော်တို့ လောကကြီး ကလည်း ဒီလိုပါပဲ ။ ကိုယ့်ဘ၀ထဲကို ၀င်လာတဲ့လူ မှန်သမျှဟာ အကျိုးအကြောင်း မရှိပဲ ဗြုန်းကနဲ မိုးပေါ်က ကျလာတာ မဟုတ်ပါ ။ ပါရမီဖြည့်ဖက် များသာ ဖြစ်ကြ ပါတယ် ။

သင့် ပတ်ဝန်းကျင်မှာလည်း သင့်ကို ချစ်တဲ့သူ ၊ မုန်းတဲ့သူတွေ ရှိမယ် ။

သင့်ကို ချစ်တဲ့သူဟာ သင့်ဘ၀ကို သာယာ စေမယ် ။

သင်က ချစ်တဲ့ဟာ သင့်ကို ပေးဆပ်ခြင်း အကြောင်း နားလည် စေမယ် ။

သင့်ကို မုန်းတဲ့ဟာ သင့်ကို သည်းခံခြင်း ခွင့်လွှတ်ခြင်း အကြောင်း ခံစား စေမယ် ။

သင်က မုန်းတဲ့သူ ကတော့ သင့်ကို ရှင်သန်ဖို့ ခက်တဲ့ ပတ်ဝန်းကျင်မှာ ကြီးထွားလာအောင် ခွန်အားတွေ ပေးမယ် ။

သံဆူးကြိုးတွေ ဝင်နေတဲ့ သနပ်ခါးပင်လေး အတိုင်းပေါ့ ။ သံဆူးကြိုးဒဏ်ကို နာကျင်အောင် ခံရပေမယ့် အဲ့ဒီဒဏ်ကို ကြံ့ကြံ့ခံ တွန်းလှန်နိုင် ရင်တော့ ရှင်သန်ခြင်း ကြီးထွားခြင်း တွေကို ခံစား ၊ စံစားရ မှာပါ ။

Credit

No comments

Powered by Blogger.