Header Ads

ဘီလုံးငှက် မိသားစုပေးတဲ့ သင်ခန်းစာ


တခါတုန်းက ဘီလုံး ငှက်မကြီး တကောင်ဟာ သူ့ရဲ့ သားသမီးတွေနဲ့ ပြောင်းခင်းထဲမှာ အသိုက် ဖွဲ့နေတယ် ။ သူမရဲ့ သားသမီးတွေဟာ အရွယ် မရောက် မပျံနိုင်သေး ခင်မှာ ပြောင်းခင်းဟာ ရင့်မှည့် လာပြီး ရိတ်သိမ်းချိန် ရောက်လာတယ် ။

အဲ့ဒါနဲ့ ဘီလုံးငှက်မဟာ အစာရှာ မထွက်မီ သားသမီးတွေကို ပြောတယ် ။

" ဒီပြောင်းခင်း ကနေ တို့တတွေ ပြောင်းကြရမယ်
ဘယ်တော့ ပြောင်းရမယ် ဆိုတာ ကိုတော့ မသိသေးဘူး
ဒီအနားကို လာပြီး ပြောဆို ကြတဲ့ လယ်သမားတွေ စကား မှတ်သားထား ကြပါ "

ညနေ သူ့အမေ ဘီလုံး ငှက်မကြီး ပြန်ရောက်တော့ ငှက်ကလေးတွေက ပြောပြတယ် ။

" အမေ .... လယ်သမားကြီးက သူ့ရဲ့ သားကို ခိုင်းတယ်
ပြောင်းတွေ ရင့်မှည့်လို့ ရိတ်သိမ်းချိန် တန်ပြီ
မိတ်ဆွေတွေကို မနက်ဖြန် လာကူရိတ်ဖို့ အကူအညီ သွားတောင်းတဲ့ "

" ဟုတ်လား "

" အမေရယ် ... သားတို့ သမီးတို့ကို ပြောင်းပေးပါ " လို့ ငှက်ကလေးတွေက တောင်းပန်တော့ အမေက

" အင်း ... ကိစ္စမရှိသေးဘူး သားတို့ သမီးတို့ရယ်
လယ်သမားတွေဟာ မိတ်ဆွေ အိမ်နီးနားချင်းတွေကို အားကိုးရင် ဘာမှ အလုပ်ဖြစ်မှာ မဟုတ်သေးဘူး  "

လို့ ဖျောင်းဖျလိုက်လေ သတဲ့ ။ ဒါနဲ့ သူတို့တတွေ ဟာ စိတ်ချလက်ချ အေးဆေးစွာ အိပ်ကြတယ် ။

နောက်တနေ့ မှာလဲ ဘီလုံးငှက်မဟာ သားသမီးတွေကို ထုံးစံ အတိုင်း လယ်သမား သားအဖရဲ့ စကား မှတ်သားထားကြဖို့ မှာပြီး အစာရှာ ထွက်သွားတယ် ။

ညနေရောက်တဲ့ အခါ သူ့အမေ ဘီလုံးငှက်မကြီး ပြန်ရောက်တော့ ငှက်ကလေးတွေက ပြောပြတယ် ။

" အမေရေ ..... လယ်သမားကြီးနဲ့ သူ့ရဲ့သားဟာ စောင့်နေပေမယ့် ဘယ်သူမှ မလာဘူး "

" အမေ ပြောသလိုပေါ့ "

" ဟုတ်တယ် အမေ
ဒါနဲ့ လယ်သမားကြီးက သူ့ရဲ့သားကို ခိုင်းပြန်တယ်
ဆွေမျိုးတွေကို မနက်ဖြန် လာကူရိတ်သိမ်း ပေးဖို့ အကူအညီ သွားတောင်းလို့ မှာတယ် "

" ဟုတ်လား "

" ဟုတ်တယ် အမေရယ် သားတို့ သမီးတို့ကို ပြောင်းပေးပါ " လို့ တောင်းပန်ကြ ပြန်တယ် ။

ဒီတစ်ခါ အမေက

" ကိစ္စ မရှိသးပါဘူး သားတို့ သမီးတို့
လယ်သမားဟာ ဆွေမျိုးတွေကို အားကိုး တာပဲ
ဒါဆိုရင် ဘာမှ အလုပ်ဖြစ်မှာ မဟုတ်သေးဘူး "

လို့ နှစ်သိမ့်ပြန်သတဲ့ ။ ဒါနဲ့ သူတို့ တတွေဟာ အသိုက်မှာ အေးဆေးစွာ အိပ်ကြပြန်တယ်။

နောက်တနေ့မှာ ဘီလုံးငှက်မဟာ အစာရှာ မသွားမီ သားသမီးတွေကို ထုံးစံအတိုင်း လယ်သမား သားအဖရဲ့ စကားကို သေသေ ချာချာ မှတ်သားထားဖို့ မှာတယ် ။

ညနေဖက် သူ့အမေ ဘီလုံးငှက်မကြီး ပြန်ရောက်တော့ ငှက်ကလေးတွေက ပြောပြတယ်။

" အမေရေ ..... လယ်သမားကြီးနဲ့ သူ့ရဲ့သားဟာ စောင့်နေပေမယ့် ဘယ်သူမှ မလာဘူး "

" အေး ... သူတို့ဟာ ဆွေမျိုး အားကိုးတာကိုး "

" ဟုတ်တယ် အမေ
ဘယ်သူမှ မလာတော့ လယ်သမားကြီးက သူ့ရဲ့သားကို ပြောတယ်
မနက်ဖြန် တို့နှစ်ယောက်ပဲ ပြောင်းခင်းကို ရိတ်ကြမယ် တဲ့ "

" ဟုတ်လား ဒါဆို သားတို့ သမီးတို့ ပြောင်းဖို့ အချိန် ရောက်လာပြီ "

လို့ ပြောကာ အသိုက် ပြောင်းသွားလေ သတဲ့ ။

ဘယ်ဟာမဆို ကိုယ်ကိုယ်တိုင် လုပ်မှ အလုပ်ဖြစ် ပါတယ် ။ ဒါကို ရှေးက အယူအဆ ပါပဲ လို့ ထင်ချင် ထင်ကြမယ် ။ ဒါပေမယ့် ဒီအယူအဆတွေဟာ နေရာ အတော် များများမှာ ဒီနေ့ဒီအချိန်ထိတိုင် မှန်နေဆဲ ပါပဲ ။

လူတွေဟာ ကိုယ့်ကိုယ်ကို အားမကိုးရင် အလုပ် ပြီးစီးလေ့ မရှိဘူး ။ ဒါ့ကြောင့် ကုမ္ပဏီ အများစုဟာ မိသားစု ကုမ္ပဏီတွေ ဖြစ်ကြတာကို တွေ့ရပါတယ် ။ ဒါတောင် ဆွေမျိုးအားကိုးလို့ မရဘူး ဆိုတာ လူတိုင်း သိကြတာပဲ ။

တကယ်တော့ လူတွေဟာ တဦးကောင်း တယောက်ကောင်းနဲ့ လုပ်လို့ မရတာတွေ ရှိတယ် ။ စုပေါင်း လုပ်ကြကိုင်ကြလို့ အကျိုး ဖြစ်ထွန်းကြ ပါတယ် ။ သို့သော် ဒီလို စုပေါင်း လုပ်ပြီး စုပေါင်း အကျိုး ခံစားရတဲ့ ပုံစံကို သိပေမယ့် လိုက်နာဖို့ အတော် ခက်ခဲကြ တယ် ။

ကျနော် ဂျပန် ရောက်စဉ်က ပြောဆိုတဲ့ စကားတခုကို နားထဲက မထွက်ဘူး ။
" ဂျပန်သုံးယောက် ပူးပေါင်းမိရင် ကုမ္ပဏီထောင်တယ် ၊ မြန်မာ သုံးယောက် ပူးပေါင်း မိရင် ရန်ဖြစ်တယ် " တဲ့ ။

သူ့စကားကို ကြားကာစတော့ စိတ်ဆိုးသလိုလို ပါပဲ ။ ဒါပေမဲ့ တကယ်တမ်း လေ့လာတဲ့ အခါ မှန်နေတာကို တွေ့ရတယ် ။ ကျနော်တို့ဟာ သူ့ကျွန် ဘဝ အကြာကြီး ရောက်ခဲ့တယ် ။ စိတ်ဓာတ် ရင့်ကျက်တဲ့ အလေ့အကျင့်တွေ မရကြဘူး ။ စိတ်ဝမ်းတွေ ကွဲနေတယ် ။ ဒီအတွက် ကောင်းမွန်တဲ့ စိတ်ဓာတ်ကို ပျိုးထောင်ရမယ် ။

ခေတ်မီ တိုးတက်တဲ့ ကမ္ဘာကြီးမှာ တယောက်ထဲ ရပ်တည်လို့ မရပါဘူး ။ တကယ်တမ်း တိုးတက် ချင်ရင် စုပေါင်း လုပ်ကိုင်တတ် ဖို့ လိုတယ် ။ ဝေမျှဖို့ လိုတယ် ။ အုပ်ချုပ် တတ်ဖို့ လိုတယ်။ တိုးတက် ကြီးပွားဖို့ မိမိကိုယ်ကို အားကိုးသလို သူတပါး အကူအညီကိုလည်း ရအောင် ယူတတ် ရမယ် ။ မိမိနိုင်ငံ တိုးတက်ဖို့ ကျနော်တို့ တတွေ လေ့ကျင့်ကြရ ဦးမယ် ။

ဒေါက်တာခင်မောင်ညို

No comments

Powered by Blogger.