Header Ads

ဆရာကျော်ဆန်းလွင်၏ တပတ်စာ ဟောစာတမ်း (8.7.2018 မှ 14.7.2018 ထိ)


တနင်္ဂနွေသားသမီးများ အတွက်

ယခု ရက် သတ္တပတ်သည် ကံကောင်းသော ကာလ မဟုတ်ပါ။ အစစရန်ပေါ်ခြင်း၊ စိတ်ဒေါသ ဖြစ်ရခြင်းများ ကြုံတွေ့ရတတ်သဖြင့် သတိထား ဆင်ခြင်ရပါမည်။ စီးပွားရေး လုပ်ငန်းများတွင် ရသင့် ရထိုက်သည်ထက် လျော့နည်း ရရှိတတ်သည်။

သို့သော် စက်ပစ္စည်းများနှင့် ပတ်သက်၍ အကျိုးဖြစ်ထွန်း ပါမည်။ မိတ်ဆွေများ၏ အခက်အခဲကို မိမိက ကူညီပေးနေရလိမ့်မည်။ သင်တန်းကောင်းများ တက်ရတတ်သည်။ ခရီးစဉ်ကောင်းများ သွားရတတ်သည်။ အဆောင် အင်း စသည့် ဂမ္ဘီရအစီအရင်များကို မကျွမ်းကျင်ပဲ စီရင်အသုံးပြုခြင်း မသင့်ပါ။

အချစ်ရေးတွင် နားလည်မှုလေးများ လွဲနေမည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဘက်၏ အကျိုးကျေးဇူးကိုခံစားရမည် ဖြစ်သော်လဲ ကွဲကွာရန်အထိ ပြဿနာတက်သူများ အဖို့တော့ ရှင်းရှင်းလင်းလင်း ကွဲကွာကိန်း ရှိပါသည်။ သီလစောင့်ထိန်း၍ ကုသိုလ်များများ ပြုသင့်သော ကာလဖြစ်ပါသည်။ အခက်အခဲများ ကြုံတွေ့လျှင် နတ်မြတ်နတ်ကောင်းများကို တိုင်တည်၍ ကြိုးစားလုပ်ဆောင်ပါ။

အထူးသဖြင့် အသက် 2, 10, 18, 26, 34, 42, 50, 58, 66, 74, 82, 90, 98, 106 နှစ်ထဲသို့ ၀င်နေသော တနင်္ဂနွေသားသမီးများသည် ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာ သတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။

ယတြာ။ ။ သရဏဂုံ ၆-ခေါက်ပူဇော်၍ သပြေညွှန့်များ တင်လှူပူဇော်ပါ။

တနလာင်္သားသမီးများ အတွက်

အခက်အခဲများကို စိတ်ရှည်သည်းခံ ဖြေရှင်းပါ။ လုပ်ဆောင်ဖွယ် ကိစ္စများကို တကြိမ်တည်းနှင့် မပြီးပဲ နှစ်ကြိမ်သုံးကြိမ် ကြိုးစားလုပ်ဆောင် နေရတတ်ပါသည်။ အလုပ်နှင့် ပတ်သက်၍ စိတ်ဖိစီးမှု များရခြင်း၊ အယှဉ်အပြိုင်ပေါ်ခြင်း ဖြစ်တတ်ရုံမက ငွေကုန်ကြေးကြလည်း များနေတတ်ပါသည်။ မိတ်ဆွေများက မိမိကို ထိရောက်စွာ မကူညီနိုင်သေးပါ။

နိုင်ငံရပ်ခြားနှင့် ပတ်သက်သော ကိစ္စများ၊ လူမျိုးခြားများနှင့် ပတ်သက်သော ကိစ္စများတွင် အဆင်ပြေပါလိမ့်မည်။ ပညာရေးတွင် သိလွယ်တတ်လွယ် ဖြစ်နေသော်လဲ အလိုမကျ ဖြစ်နေလိမ့်မည်။ ညီအစ်ကိုမောင်နှမများ ၏ အခက်အခဲကြောင့် စိတ်ညစ်ရတတ်သည်။ အဆောင် လက်ဖွဲ့အင်းချပ် ယခုအပတ်တွင်း ဆောင်သော် အစောင့်အရှောက်နှင့် မိမိဓာတ်မတည့် ဖြစ်ကိန်းရှိပါသည်။

အသက် 2, 3, 10,11, 18, 19, 26, 27, 34, 35, 42, 43, 50, 51, 58, 59, 66, 67, 74, 75, 82, 83, 90, 91, 98, 99, 106, 107 နှစ်ထဲ ၀င်နေသော တနလာင်္သားသမီးများသည် ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာသတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။

ယတြာ။ ။ ထန်းလျက် ၆-ခဲဖြင့် ဆွမ်းတော်ကပ်လှူပါ။

အင်္ဂါသားသမီးများ အတွက်

ဘာသာရေး ကျင့်ဝတ်များ ကျင့်သုံးလိုက်နာ စိတ်ထားကောင်းကောင်း ထားခြင်းဖြင့် စိန်ခေါ်မှု ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်။ အလုပ်အကိုင်၌ ဘေးရန်ပေါ်တတ်သော်လဲ မိမိက အားသာနေပါသည်။ စီးပွားရေးတွင် ငွေအလီလီ ထွက်နေတတ်သည်။ မိတ်ကောင်း ဆွေကောင်းများနှင့် တွေ့ဆုံရခြင်း၊ မိတ်ဆွေတို့၏ အကူအညီကို ရခြင်း ကြုံတွေ့မည်။

ပညာရေးတွင် ရံဖန်ရံခါ စိတ်ပါဝင်စားမှုမရှိ ဖြစ်နေတတ်သည်။ လူအများနှင့်ဆက်ဆံရာတွင် သူတပါး၏ ကိုယ်စောင့်နတ် အစောင့်ရှောက်များအားလဲ အမျှဝေ မေတ္တာပို့ မေတ္တာခံယူပါ။ မိမိကျန်းမာရေး အနဲငယ်အားနဲတတ်ပါသည်။ အချစ်ရေးကံ သင့်ပါသည်။ အိမ်ထောာင်ရေးတွင် ဇနီးဖြစ်သူ၏ အကျိုးကျေးဇူးကို ခံစားရမည်၊ ခင်ပွန်းဖြစ်သူနှင့် အနဲငယ် အဆင်မပြေ ဖြစ်တတ်ပါသည်။

ယတြာ။ ။ သီလရှင်ကို လျက်ဆား ပေးလှူပါ။ အရေးကြီး ကိစ္စရှိသောအခါ အုန်းထမင်း ဘုရားကပ်လှူပါ။

ဗုဒ္ဓဟူး သားသမီးများအတွက်

မိမိကံ အကောင်းထဲတွင် ရပ်တည်လာပြီ ဖြစ်သည်။ သို့သော် အနိဋ္ဌ ကိစ္စရပ်များကို ရှောင်ကြဉ်ပါ။ လုပ်ငန်း မတည်မငြိမ် ဖြစ်တတ်သော်လည်း အဆင်ပြေသွားပါလိမ့်မည်။ အချစ်ရေး အဆင်ပြေ စန်းပွင့်လာမည်။ ပညာရေးတွင်တော့ မိမိအနေဖြင့် ပုံမှန်ထက် အထူး ကြိုးစားရပါလိမ့်မည်။ မိမိ ကတိပေးထားသော ကတိသစ္စာများ အချိန်မှီ မပြီးစီးခြင်း၊ သို့မဟုတ် ယိုင်ယွင်းခြင်း ဖြစ်တတ်ပါသဖြင့် သတိထားရပါမည်။

ဘုရားရုပ်ပွားတော် စသော သူတော်ကောင်း ရုပ်ထု ရုပ်ပုံများ ၀င်လျှင် ပိုကံကောင်းလာသည်ကို တွေ့ရမည်။ ခရီးဝေးသွားလျှင်တော့ သိပ်မကောင်းလှပါ၊ အစစ သတိထား အဆင်ပြေအောင် စီစဉ်မှ တော်ကာကျပါမည်။ အိမ်ထောင်ရေးတွင် လူမှုရေးအရှုပ်အရှင်းများ မရင်ဆိုင်ရစေရန် သတိထားဆင်ခြင်ရပါမည်။

အသက် 5, 13, 21, 29, 37, 45, 53, 61, 69, 77, 85, 93, 101, 109 နှစ်ထဲ ၀င်နေသော ဗုဒ္ဓဟူးသားသမီးများသည် ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာ သတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။

ယတြာ။ ။ ရေစင် ရေသန့် အလှူခံပုံးများအတွင်းသို့ အလှူငွေ ထည့်ဝင်ခြင်း၊ ရဟန်းသံဃာ သီလရှင်များကို ရေသန့်လှူခြင်း ပြုပါ။

ရာဟုသားသမီးများ အတွက်

အချစ်ရေး ဆိုးဆိုးရွားရွား ညံ့တတ်သည်မှအပ မိမိကံ သင့်ပါသည်။ အလုပ်အကိုင် အဆင်ပြေခြင်း၊ ကြီးကဲသူတို့ ကူညီမစခြင်းများ ကြုံရမည်။ သို့သော် ငွေကြေး ရင်းနှီးမြှပ်နှံမှုပြုလျှင် သေချာပိုင်နိုင်မှ ပြုသင့်ပါသည်။ ပညာရေးတွင် အောင်မြင်မှုများ ရမည်။ ပညာရေးကြောင့် ခရီးစဉ် သွားဖြစ်တတ်ပါသည်။

မိတ်ဆွေများက သူ့အလုပ်နှင့်သူ ရှုပ်နေသဖြင့် မိမိကို ဂရုမစိုက်နိုင် ဖြစ်တတ်သည်။ အလေးအပင် မလျှင်သတိထားရမည်၊ ခြေထောက် ခါး တို့ မျက်တတ်သည်။ အိမ်ထောင်ရေးတွင် အပြန်အလှန် နာလည်ကြင်နာ လေးစားသမှု ထားရှိပါမှ အဆင်ပြေပါလိမ့်မည်။

အသက် 2, 10, 18, 26, 34, 42, 50, 58, 66, 74, 82, 90, 98, 106 နှစ်ထဲ ၀င်နေသော ရာဟု သားသမီးများသည် ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာ သတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။

ယတြာ။ ။ ခို၊ စာကလေး၊ ခွေး စသည်ဖြင့် တိရိစ္ဆာန်လေးများအား အစာရေစာ ကျွေးလှူပါ။

ကြာသပတေးသားသမီးများ အတွက်

ကံကောင်းသော အခွင့်အလမ်းများ ရနေသော်လဲ မိမိဆုံးဖြတ် လုပ်ကိုင်မှု မှားယွင်းတတ်သဖြင့် ဆင်ခြင်ပါ။ စီးပွားရေးနှင့် ပတ်သက်၍ ဖိအားများစွာ ရှိနေသော်လည်း အဆင်ပြေသွားပါလိမ့်မည်။ သို့ရာတွင် ငွေကြေးဆုံးရှုံးနစ်နာကိန်း ရှိပါသည်။ တိုးတက် အဆင်ပြေ လာစေရန် ကုသိုလ်ကောင်းမှုပြုပြီးလျှင် လောကပါလ နတ်မြတ်နတ်ကောင်းများကို အမျှဝေ မေတ္တာပို့ မေတ္တာခံယူပါ။

ခါးနာခြင်းဖြစ်လျှင် မပေါ့ဆရ တတ်ကျွမ်းနားလည် သူနှင့်ပြပါ။ ပညာရေးကံ သင့်ပါသည်။ မိမိအိမ်တွင် ပြင်းထန်သော နေမကောင်းသူရှိက ပိုဂရုစိုက်ပေးပါ။ အချစ်ရေးကံ အားနည်းလျက်ရှိပါသည်။ အိမ်ထောင်ရေးတွင်တော့ အကြိမ်ကြိမ် ညှိနှိုင်းတိုင်ပင် နေရတတ်ပါသည်။

အသက် 1, 8, 16, 24, 32, 40, 48, 56, 64, 72, 80, 88, 96, 104, 112 နှစ်ထဲ ရောက်နေကြသော ကြာသပတေး သားသမီးများ ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာ သတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။

ယတြာ။ ။ စိန်ခြယ်ပန်း ဘုရားကပ်လှူပါ။

သောကြာသားသမီးများ အတွက်

အခက်အခဲများကြားမှ ပျော်ရွှင်မှုကြုံရမည်။ လုပ်ငန်းတွင်ထဲ အတိုက်အခံများ ကြုံရတတ်သည်။ ငွေကြေးစီးပွား မျှော်မှန်းသလောက် မရစေကာမူ အခြေအနေ ကောင်းနေပါလိမ့်မည်။ ယခု ရက်သတ္တပတ်တွင် ရွှေထည်ပစ္စည်းများနှင့် ပတ်သက်၍ စိတ်ညစ်ရတတ်သည်။

ပညာရေးတွင် ကြိုးစားချင်စိတ်ကို ပို၍ မွေးပါ။ မိတ်ဆွေကောင်းများ၏ အကူအညီကို ရရှိမည်။ ပရလောကသားများ၏ ကူညီစောင့်ရှောက်မှုကိုလဲ ရတတ်ပါသည်။ အချစ်ရေးကိစ္စများ အဆင်ပြေ စန်းပွင့်နေပါမည်။ အိမ်ထောင်ဘက်နှင့် အဆင်မပြေ သဘောထားကွဲလွဲစေကာမူ အကျိုးကျေးဇူး ခံစားရပါမည်။

ယတြာ။ ။ သီလရှင်အား အလှူငွေ လှူဒါန်းပါ။ သောကြာ ဂြိုလ်တိုင်ထောင့်တွင် စိန်ခြယ်ပန်း လှူခြင်းပြုပါ။

စနေသားသမီးများ အတွက်

မိသားစု အတွင်းရန် ပေါ်ခြင်းမျိုး၊ မိမိ ကျန်းမာရေး ညံ့ခြင်းမျိုး ကြုံရတတ်ပါသည်။ ကောင်းသော လုပ်ငန်းအပြောင်းအလဲမျိုး သို့မဟုတ် တာဝန်အပြောင်းအလဲမျိုး ကြုံရတတ်ပါသည်။ သို့သော် မိမိကံ အားနဲနေသောကြောင့် အခွင့်ကောင်းများဆုံးရှုံးရခြင်း၊ အမှားအယွင်းပြုမိခြင်းမျိုး ဖြစ်တတ်ပါသည်။

ငွေကြေး စီးပွားရေးရာတွင်တော့ အလိုအလျောက် ထိခိုက်မှု အကြီးစားမျိုး မဖြစ်နိုင်သေးပါ။ မိမိကိုယ်စောင့်နတ်မှစ၍ အစောင့်ရှောက်များကို မေတ္တာပို့ပါ၊ စုံးနတ် စသည်တို့ကို မထေမဲ့မြင် မပြုသင့်သော ကာလဖြစ်ပါသည်။ သားသမီးနှင့် ပတ်သက်၍ အကျိုးကျေးဇူးခံစားရပါမည်။

အချစ်ရေးတွင် အမှတ်မထင် အဆင်ပြေပျော်ရွှင်မှုကြီး ခံစားရတတ်သည်။ အိမ်ထောင်ရေးတွင် ဇနီးဖြစ်သူ၏ ကိုယ်စိတ် ကျန်းမာရေး ဂရုစိုက်ပါ။ ခင်ပွန်းဖြစ်သူနှင့် ရန်သဘောဆောင်သော သဘောထားကွဲလွဲမှုများ ဖြစ်တတ်ပါသည်။

အသက် 6, 14, 22, 30, 38, 46, 54, 62, 70, 78, 86, 94, 102, 110 နှစ်ထဲ ရောက်နေကြသော စနေသားသမီးများ ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာ သတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။

ယတြာ။ ။ ဘဂ၀ါ ဂုဏ်တော်ကို ၅၄-ခေါက် ပူဇော်၍ ဝေယျာဝစ္စအလှူခံပုံးများအတွင်း အလှူငွေ ထည့်ဝင်ပါ။

ဉာဏ်စွမ်းဝီရိယစွမ်းတို့ဖြင့် အစစ အဆင်ပြေ တိုးတက်ကြပါစေ..
ဆရာကျော်ဆန်းလွင်

No comments

Powered by Blogger.