ကျွန်တော့် ရဲ့ ချစ်ဇနီးလေး
ကျနော့ရဲ့ အမျိုးသမီးလေးက ချစ်စရာ သိပ်ကောင်းပါတယ် ။ ကျနော့်ကိုလည်း တော်တော် ချစ်ရှာပါတယ် ။ ကျနော် ဘယ်ရောက် နေနေ သူ အဲဒီနေရာ အထိ ရောက်အောင်ကို မေးတတ်တယ် ။ ကြာလာတော့လည်း ကျနော်က စိတ်ရှုပ် လာတယ် ။ သူကတော့ ဒါလေးကို မပင်ပန်းတဲ့ အပြင် ပျော်မွေ့နေ တတ်တယ် ။ ဒါပေမဲ့ ... သူ အဲဒီ မိုးအကြီး အကျယ် ရွာတဲ့ ညတညမှာ ထာဝရ ပျောက်ကွယ်သွားခဲ့ ပါတယ် ။
မင်္ဂလာဆောင်တဲ့နေ့က ကျနော့် အမျိုးသမီးက ကျနော့်ကို လက်ကိုင်ဖုန်း အသစ်တလုံး လက်ဆောင် ပေးတယ် ။ အဲဒီ ညက ကျနော်တို့ နှစ်ယောက် အိပ်ယာထဲမှာ ဖုန်းကို ကလိနေတယ် ။ ဖုန်းမြည်သံကို အမျိုးမျိုးပြောင်းပြီး စမ်းကြည့်နေကြတယ် ။
အဲဒီ အချိန်တုန်းက ကျနော်တို့ ရဲ့အချစ်ဟာ ဖုန်းမြည်တဲ့ အသံလိုဘဲ နားဝင် ချိုနေတယ် ။ နားထောင်လို့ ကောင်းနေတယ် ။ မျှော်လင့်ချက်တွေနဲ့ စိတ်ကူးတွေ ဖုံးလွှမ်းနေတယ် ။ နောက်ပိုင်းမှာတော့ သူ ခဏ ခဏ ဖုန်းဆက် လာတယ် ။
" ယောကျာ်းရေ ရုံးဆင်းရင် အိမ် စောစောပြန်ခဲ့နော် "
" ယောက်ျားရေ ရှင့်ကို သတိရတယ် ... ရှင့်ကို ချစ်တယ် "
" ယောကျာ်းရေ ညကျရင် အပြင်မှာ အတူတူ သွားစားရအောင်လေ .... "
ကျနော့် စိတ်ထဲမှာ တော့ အရမ်းကို နွေးထွေးစေ တယ်ဗျ ။ တခေါက်က ကျနော် ဖုန်းအားသွင်းဖို့ မေ့သွားတယ် ။ နောက်ပြီး အလုပ်ကိစ္စနဲ့ စားပွဲသောက်ပွဲတွေ ရှိတော့ ညသန်းခေါင် လောက်မှ အိမ်ပြန်ရောက်တယ် ။
အိမ်တံခါးကို တွန်းဖွင့်လိုက်တဲ့ အချိန် တွေ့ရတာကတော့ မျက်လုံးတွေ နီရဲ ဖောင်းအစ်အောင် ငိုထားတဲ့ ကျနော့် မိန်းမရဲ့ မျက်လုံးတွေပါ ။ ကျနော် ရုံးဆင်းပြီး ကတည်းက သူက နာရီဝက် တခါ ဖုန်းခေါ်နေပါတယ် ။ ကျနော် အပြင်မှာ တခုခုများ ဖြစ်နေပြီလား လို့ စိတ်ပူနေရှာတာပါ ။
ကျနော် အိမ်တံခါးကို တွန်းဖွင့်လိုက် တော့မှ သူလက်ထဲက ဖုန်းခွက်ကို ချလိုက်တာပါ ။ ကျနော် သူဒီလို ကိစ္စအသေးလေးကို ပုံကြီးချဲ့ပြီး လုပ်နေတာကို ဘဝင် မကျဘူး ... ။ " ကလေးလေးမှ မဟုတ်တော့တာ အပြင်မှာ ဘာဖြစ်နိုင်မှာမို့ လို့လဲ ? "
အိမ်ထောင်ကျပြီး နောက်ပိုင်း အချိန်တွေဟာ အရမ်း ကုန်မြန်တယ် ။ ကျနော်လည်း ရာထူးတွေ တိုးလို့ ပိုက်ဆံလဲ နည်းနည်းပါးပါး စုမိနေပြီ ။ ဖုန်းကို လဲလိုက်တာလဲ တော်တော် များနေပြီ ။ နောက်ဆုံးပေါ်တွေဘဲ ။
ကျနော်လည်း ကျနော့် မိန်းမနဲ့ အမြဲတမ်း စာအပြန်အလှန် ပို့လေ့ရှိတယ် ။ လက်ကိုင်ဖုန်းဟာ တကယ့်ကို အသုံးဝင်တဲ့ လူသားတွေကို အကျိုးပြူတဲ့ တီထွင်မှု တရပ်လို့ ထင်ခဲ့ ပါတယ် ။
တညမှာ ကျနော် ကျနော့်သူငယ်ချင်း အိမ်မှာ ဝိုင်းကောင်း နေတုန်း သူ့ဆီကနေ ဖုန်းဝင်လာတယ် ။
" ရှင်ဘယ်မှာလဲ အိမ်မပြန်သေးဘူးလား? "
" ကို သူငယ်ချင်း အိမ်မှာ ဝိုင်းကောင်းနေတယ် "
" ဘယ်တော့ပြန်လာမှာလဲ "
" ခဏနေလောက်ပေါ့ "
သောက်စား နေကြတုန်း ဖုန်းသံက ခဏ ခဏ မြည်နေတယ် ။ အပြင်မှာ မိုးကလဲ အကြီးအကျယ် ရွာချနေတယ် ။ ဖုန်းသံက မြည်ပြန်ပြီ ။
" တော်တော် ရှုပ်တာဘဲ ။ သူငယ်ချင်း အိမ်မှာ ပါဆို ။ မိုး ဒီလောက် ရွာနေတာ ဘယ်လိုပြန်ရမှာလဲ? "
" အခု ဘယ်နားမှာလဲ လာကြိုမယ်လေ "
" မလိုဘူး "
သူငယ်ချင်းတွေက ကျနော့်ကို ပျက်ရယ် ပြုလာကြပြီ ။ စိတ်တိုတိုနဲ့ ဖုန်းကို ပိတ်ပစ် လိုက်တယ် ။
...
...
မိုးလင်းပြီ ။
လေးလံတဲ့ ခန္ဓာကိုယ်ကို သယ်ပြီး အိမ်ပြန်လာခဲ့တယ် ။ မထင်မှတ်ထားတာက အိမ်တံခါးက သော့ခတ်ထားတယ် ။ တံခါး ဘယ်လောက် ခေါက်ခေါက် အထဲက ဘာတုန့်ပြန်မှုမှ မလာဘူး ။ အဲဒီအချိန်မှာ ဖုန်းသံ မြည်လာတယ် ။ ယောက်ခမဆီကပါ ။
" သူ မနေ့ညက စက်ဘီး စီးပြီး ထီးယူပြီးတော့ မိုးရွာနေတာကို မရှောင်ဘဲ မင်း သူငယ်ချင်းအိမ်ကို သွားခဲ့တယ် ... သူ့ဆီကို တိုက်ရိုက် ဦးတည်လာတဲ့ ကားကို ရှောင်လိုက်တာ ဆောက်လုပ်ရေးက ဖောက်ထားတဲ့ မြောင်းထဲ ကျသွားတယ် ... သူ ပြန်မနိုးလာတော့ဘူး "
ကျနော် ရုတ်တရက် ထူပူ သွားတယ် ။ မြေကြီးပေါ်ကို ထိုင်ချမိ လိုက်တယ် ။ ဖုန်းကို ဖွင့်ကြည့်လိုက်တော့ မဖတ်ရသေးတဲ့ စာတစောင် ဝင်နေတယ် ။
" ရှင်မေ့နေပြီနော် ... ဒီနေ့ဟာ ကျမတို့ရဲ့ မင်္ဂလာဆောင် နှစ်ပတ်လည်နေ့လေ
ရှင့်ကိုလာခေါ်မယ် ... လျှောက်မသွားနဲ့တော့နော် ... ထီးယူလာ ခဲ့မယ် ... "
သူကတော့ လောကကြီးကနေ ထွက်သွား ပါပြီ ။
ကျနော့်ကို လာရှာတဲ့ လမ်းမှာပါ ။ သူထာဝရ ပြန်မနိုးလာတတ်တော့ ပါဘူး ။
ကျနော် စာကို ထပ်ခါ ထပ်ခါ ဖတ်နေမိတယ် ။ မျက်ရည်တွေက အဆက် မပျက်ပါဘဲ ။
အဲဒီညမှာ ကျနော် လောကကြီး တခုလုံးကို အရှုံပေးခဲ့လိုက် ရပါတယ် ...... ။
HZ Zane
Post a Comment