တကယ်ချစ်တယ် ဆိုရင်
တကယ် ချစ်တဲ့ ချစ်သူ နှစ်ယောက်က အတိတ်ကို ခဏခဏ မတူးဆွကြဘူး ။ အတိတ်က အရိပ်ဆိုးတွေ ရှိနေခဲ့ပါစေ တစုံ တရာ အပြစ် မပြောဘူး ။ အနာဂါတ်ကို ဖေးဖေး မမနဲ့ လမ်းပြပေးတယ် ။
ကိုယ့်မှာရှိတဲ့ အားနည်းချက်တွေကို မထောက်ဘူး ။ လိုအပ်တာကို လမ်းညွှန်ပေးပြီး မလိုအပ်တာတွေကို ဖယ်ထုတ် ပေးတယ် ။ ပစ္စုပန်မှာ ပျော်ရွှင်ဖို့နဲ့ အနာဂါတ်မှာ စိတ်ချမ်းသာဖို့ ကိုသာ အဓိက ထိမ်းကြောင်း ပေးလိမ့်မယ် ။
သူ့ရဲ့ ဆန္ဒထက် ကိုယ့်ရဲ့ ဆန္ဒတွေကို ဦးစားပေးတယ် ။ ဘယ်နေရာမှာ ဖြစ်ဖြစ် ကိုယ့်ဆန္ဒကို အရင်မေးပြီးမှ အဆိုးအကောင်း ခွဲခြား ဆုံးဖြတ်ပေးတယ် ။ တစုံတရာ အမှားနဲ့ မတွေ့အောင် စောင့်ရှောက်ပေးတယ် ။
ကိုယ့်မှားခဲ့တဲ့ အမှားတွေအတွက် နိုင်လို မင်းထက် အပြစ်တင်လေ့ မရှိဘူး ။ နောက်ထပ် မမှားအောင် နှစ်သိမ့်ပေးတယ် ။ အမှားတွေအတွက် နောင်တ ကင်းအောင် ဖြေဖျောက်ပေးလေ့ ရှိတယ် ။
ကိုယ်ဘ၀မှာ ဘယ်လောက်ပဲ အရိပ်ဆိုးတွေ ရှိခဲ့ပါစေ အတိတ်က ကိုယ့်ရဲ့ အဆိုးအကောင်းကို လက်ခံ ရဲတယ် ။ သူနဲ့ အတူတူ ရှိနေချိန်မှာ ကောင်းမွန်တဲ့သူ ဖြစ်နေဖို့ပဲ တောင်းဆိုတယ် ။ တွဲထားတဲ့ လက်ကို ဘယ်တော့မှ ဖြုတ်မချခဲ့ဘူး ။
ကိုယ့်ကို စိတ်အနှောက်ယှက် ဖြစ်စေမဲ့ အပြုအမူမျိုး ဘယ်တော့မှ မကျူးလွန်ဘူး ။ ကိုယ်နာကျင်မှာ သိပ်ကြောက်တတ်တယ် ။ ကိုယ်ခံစားရမဲ့ အရာ မှန်သမျှ ရှောင်ရှားပေးတယ် ။ သည်းခံ ခွင့်လွှတ်တတ်တယ် ။
ကိုယ်က မပေးချင်တဲ့ အရာကို အတင်း မတောင်းဆိုဘူး ။ အလိုက်တသိနဲ့ ကြင်ကြင်နာနာ ဆက်ဆံတယ် ။ ကိုယ့်ကို မယုံသင်္ကာစိတ်နဲ့ ဘယ်တော့မှ မပြောဘူး ။ ကိုယ်ချစ်တဲ့သူကို အပြည့်အဝ ယုံကြည်မှုပေးထားသလို သစ္စာလည်း မဖောက်တတ်ဘူး ။ သူ့ဘဝမှာ ချစ်ရသူထက် ကျန်တာတွေကို အရေးမပါဘူးလို့ ခံယူထားတယ်လေ ။
အပြန်အလှန် လေးစားမှုတွေ ရှိတယ် ။ ကိုယ့်ချစ်သူ မကြိုက်တဲ့ အရာတွေကို မလုပ်သလို ယုံကြည်မှုကိုလည်း အလွဲသုံးစား မလုပ်တတ်ဘူး ။ သူဘာဖြစ်ဖြစ် ကိုယ်နေသာရင် ပြီးရော ဆိုတဲ့ အတ္တ ဘယ်တော့မှ မသုံးဘူး ။
အခုဆို အများကြီး ရှိပါတယ် ။ တနေ့ ကို " ချစ်တယ် " လို့  အခွန်း တရာမကသာ ပြောနေတာ လက်တွေ့နဲ့  အပြော တခြားစီ လုပ်နေတဲ့ သူတွေ ။ စိတ်ကူးနဲ့ ဘုရားတည်တဲ့ လူတန်းစားတွေပေါ့ ။
ချစ်သူ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နေကြပြီ ဆိုရင် ဒီလူနှစ်ယောက်ဟာ တစ်သက်လုံး လက်တွဲမယ် ဆိုတဲ့ မျှော်လင့်ချက် ထားသူက 80 % လောက် ရှိကြပါတယ် ။ တသက်လုံး တမိုးအောက် နေရမဲ့သူဟာ လေထဲအိမ်ဆောက်ပြနေရင် ဘယ်လိုစိတ်နဲ့  လက်တွဲရဲ ပါ့မလဲ ။
ကိုယ့်ချစ်သူကို တကယ် ချစ်ရင် လက်တွေ့ဆန်ပါ ။ အပြောနဲ့ အချိန်ဖြုန်းနေမဲ့ အစား လက်တွေ့နဲ့ အကောင်ထည် ဖော်ပြပါ ။
လက်တွေ့ မဆန်တဲ့ အချစ် ဆိုတာ တနေ့နေ့ ပြိုကွဲဖို့ စောင့်နေတဲ့ တိမ်တိုက်တွေလိုပဲ ။ ရှေ့ဆက်လက်တွဲဖို့ ယုံကြည်စိတ်တွေ အားလျော့သွားတဲ့ တစ်နေ့ နှစ်ဦးသား ကျောခိုင်းရမှာ အသေချာပါပဲ ။
တကယ်ချစ်တယ် ဆိုရင် ရလိုမှု ကင်းပြီး ပေးဆပ်ကြရတာ သဘာဝလေ ။ ဒါမှလည်း တည်မြဲမှာ မဟုတ်လား ။
ကိုယ်ချစ်တဲ့ ချစ်သူကို မဆုံးရှုံးချင်ရင် သဲသဲလှုပ် ချစ်ပြနေဖို့ မလိုအပ်ဘူး ။ အလိုက်တသိ နေတတ်ဖို့ပဲ အဓိက လိုအပ် ပါတယ် ။
ကိုယ်ကရော ... ကိုယ့်ချစ်သူကို အမှန်တကယ် ချစ်နေတာ ဟုတ်ရဲ့လား ပြန်ဆန်းစစ်ကြည့် လိုက်ကြပါဦး ။
MayNoe
Post a Comment