ရည်းစားထားခြင်းအနုပညာ..
*****
လူတွေရဲ့ သဘာဝအရ အရွယ်ရောက်သော ယောကျာ်း တစ်ယောက်နဲ့ မိန်းခလေး တစ်ယောက် မေတ္တာ မျှချစ်ကြိုက်ကြတာကို ရည်းစားထားသည်ဟု ပြောကြသည်။ သို့သော် ရည်းစား ဆိုသည့် အဓိပ္ပာယ် အနစ်သာရကို မည်သူတစ်ဦးမှ ဂဃနဏ ပြောဆိုကြသည်ကို မတွေ့ရပါ။ ကောင်လေးနဲ့ ကောင်မလေး ချစ်ကြိုက်နေသည် ကိုသာ ရည်းစားအတွဲလို့ သတ်မှတ်ပြောဆို ကြသည်။
ထို့ကြောင့် လူတော်များများသည် ရည်းစား ထားခြင်းဟာ လက်ထပ်ကြတော့မည် လူနှစ်ဦးဟု လည်းကောင်း၊ တချို့ ရည်းစားများသည် အရွယ်ငယ်တုန်း အထိအတွေ့ သာယာမှုတစ်ခုကို အပျော်ဖြစ် သဘောထားကာ အပျော် ရည်းစားထားသည် ဟုလည်းကောင်း၊ တချို့က စိတ်ကစားမှုကြောင့် ဖြစ်တတ်သည့် သဘာဝအရ ရည်းစား ထားမိခြင်းတို့ ဖြစ်ကြသည်။
သို့သော် ထိုသူတို့သည် ရည်းစား ထားရခြင်း၏ အဓိပ္ပာယ်ကို သိသူ နည်းပေလိမ့်မည်။ ကျနော်သည်လည်း မသိခဲ့ပါ။ သို့သော် ရည်းစားထားခြင်း၏ အကြောင်း စဉ်းစားရာမှ ကျနော် အဖြေတစ်ခု ထွက်လာသည်။ ထိုရည်းစား ထားခြင်းသည် အိမ်ထောင် မပြုမှီ မိမိအိမ်ထောင်ဖက်ကို ရှာခြင်းဟု တွေးမိပါသည်။
အဘယ်ကြောင့် ဆိုသော် အိမ်ထောင်ရေး တစ်ခုမှ စိတ်ကစားပြီး လက်ထပ်ကြသည့် လင်မယား၊ မစဉ်းစား မဆင်ခြင်ပဲ လက်ထပ်လိုက်သည့် ဇနီး မောင်နှံ၊ ဘဝရပ်တည်ဖို့ အဆင်သင့် မဖြစ်သေးသည် ဇနီး မောင်နှံတို့သည် အိမ်ထောင်ကျပြီးကာမှ တယောက်အကြောင်း တယောက် နားမလည်ကြတော့ပဲ အဆင်မပြေမှုတွေ အိမ်ထောင်ရေး ပြသာနာကြောင့် မဖြစ်သင့်သည်များဖြစ်သွားကြသည်။
ထို့သို့ အိမ်ထောင်ရေး ပြသာနာများ မရှိရလေအောင် အိမ်ထောင်မကျမိ မိမိနှင့် ဘဝတစ်သက်တာ လက်တွဲရမည် ချစ်သူကိုလေ့လာဖို့ ရည်းစားဘဝဆိုသည် ကာလရှိနေရခြင်း ဖြစ်သည်။ ဆရာအောင်သင်း စကားတစ်ခု ရှိခဲ့ပါသည်။
" ရည်းစားဘဝမှာ ပြတ်စဲတာ လင်မယား ပြတ်စဲတာထက် ပိုကောင်းတယ် " တဲ့။ ဟုတ်ပေသည်။ အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမင်ရည်နဲ့ စုတ်ထိုး ဤသုံးမျိုး ချက်မပိုင်ရင် နောင်ပြင်ရန် ခက်သည့်အမျိုး ဆိုသည့် စကားရှိခဲ့သည် မဟုတ်လား။
အိမ်ထောင်မပြုမှီ ရည်းစား ဘဝမှာ မိမိချစ်သူ၊ မိမိလက်တွဲဖေါ် အကြောင်း မိမိနှင့် ရေရှည် ပေါင်းသင့် မပေါင်းသင့် တစ်ဦးနှင့်တစ်ဦး နားလည်မှု ရှိမရှိ သေချာလေ့လာပြီးမှ အိမ်ထောင်ပြုရန် ရည်းစားဘဝကို ဖန်တီးရခြင်းဖြစ်သည်။
ထို့ကြောင့် ရည်းစားဘဝ ဆိုတာကို တရသေ မတွက်ကြပဲ သစ္စာတရားနဲ့ နားလည်မှုကို တည်ဆောက်နိုင်မှသာ ရည်းစားဘဝ အောင်မြင်ပါလိမ့်မည် ဟု သတိပေးရင်း တိုက်တွန်းရေးသား လိုက်ရပါသည်။
credit အောင်ပြည်သူကျော် (တောင်ပေါ်သား)
Post a Comment