Header Ads

ကျမ လိုချင်တဲ့ အချစ်မျိုး


ကျမ ဆီကို တနာရီခြား တခါ ဖုန်းဆက်စရာ မလိုပါဘူး ။
တနေ့ တခါ ဖြစ်ဖြစ် ဖုန်းဆက်ရင် လုံလောက် ပါတယ် ။

ကျမ အပေါ် တအား ချစ်ပြစရာ မလိုပါဘူး ။
လက်တွဲဖော် အဖြစ် သတ်မှတ်ထားရင် ရပါပြီ ။

ကျမ တို့ရဲ့ အချစ်တွေကို ရိုမီယို + ဂျူးလီယက်တို့ ချစ်ခြင်းတွေနဲ့ ယှဉ်တွဲပြီး ပြောစရာ မလိုပါဘူး ။
တဦးပေါ်တဦး သစ္စာရှိရင် တော်ပါပြီ ။

ကျမတို့ အခန့်မသင့်လို့ အဆင်မပြေတဲ့ အခါ ကြားလူ မလိုအပ် ပါဘူး ။
တယောက်အမြင် တယောက် ပွင့်ပွင့် လင်းလင်း တိုင်ပင် ညှိနှိုင်းကြမယ် ။

ကျမ စကား အမြဲတမ်း နားထောင်ရမယ် မဆိုလိုပါဘူး။
စိတ်ချမ်းသာအောင် ထားပေးရင် ကျေနပ်တဲ့ သူပါ ။

ကျမ အပေါ် အများကြီး ဂရုစိုက်စရာ မလိုပါဘူး ။
ကျမ အကူညီ လိုတဲ့အချိန် အမြဲ အတူ ရှိပေးရင် ရပါပြီ ။

ကျမတို့ ချစ်တာက ရန်ဖြစ်ဖို့ မဟုတ်ဘူးလေ ။
တယောက် နဲ့ တယောက် အချစ်တွေ ပြိုင်ဖို့ပါ ။

ကျမတို့ စိတ်ဆိုးတာ စိတ်ကောက်တာ အကြာကြီး မဖြစ်ချင်ဘူး ။
နှစ်ရက်ဘဲ စကား မပြောရင် ရပြီလေ ။ အကြာကြီး မခွဲနိုင်လို့ပါ ။ အရင် ပြန်ချော့နော် ။

ကျမ အတွက် မလိုအပ်ဘဲ ပိုက်ဆံတွေ အကုန် မခံပါနဲ့ ။
Anniversary မှာတော့ တန်ဖိုးမကြီးတဲ့ အမှတ်တရ လက်ဆောင်လေးတွေ ပေးရင် ကိုယ့်အတွက် အဖိုးတန်နေ ပါပြီ ။

ကျမ ကို ညတိုင်း သီချင်းဆိုပြပါ လို့ မတောင်းဆို ပါဘူး ။
Music ဖွင့်ပြရင် တလေး တစား နားထောင် လျှက်ပါ ။

ကျမ စိတ်ညစ်တဲ့ အခါ နောက်က လိုက်ပြီး စိတ်မညစ်ပါနဲ့ ။
စိတ်ညစ်နေတဲ့ ကျမကို နှစ်သိမ့်ပေးပါ ။ ဖေးမ ပေးပါ ။

တခါတလေ အလုပ်ကိစ္စ အတွက် ကျမ ခရီးသွားရတဲ့ အခါ စိတ်ပူပြီး ဖုန်းဆက်စရာ မလိုပါဘူး ။
ကျမ အရွယ်ရောက်နေပြီလေ ။ လူတွေကို အကဲခတ်တတ် နေပါပြီ ။

ကျမ နေမကောင်းလို့ ဖျားတဲ့အခါ ဆေးခန်း လိုက်ပို့စရာ မလိုပါဘူး ။
ရိုးရိုး ဖျားတာလောက် နဲ့ ဆေးခန်းသွားစရာ မလိုအပ်လို့ပါ ။

ကျမတို့ ဖုန်းပြောမယ့် အချိန်တွေ ၊ တွေ့တဲ့အခါ သုံးဖြုန်းတဲ့ ငွေတွေ ကို လျော့ပေးပါ ။
Anniversary တွေမှာ မိဘမဲ့ ကလေးတွေကို လှူရအောင် လေနော် ။

ကျမတို့ ခဏခဏ တွေ့မယ် ဆိုတာမျိုး မဖြစ်သင့်ဘူးလေ ။
ကျမက မိန်းခလေး တယောက် ဆိုတာ ထည့်စဉ်းစားပေး ပါနော် ။

ကျမတို့ ကြားမှာ သူများပြောတဲ့စကား ဆိုတာ မရှိစေ ရဘူး ။
ဘာကိစ္စ ဖြစ်ဖြစ် တိုင်ပင်ကြမယ် ။ ဆွေးနွေးကြမယ် ။

ကျမတို့ နှစ်ယောက် အခက်အခဲ ရှိတဲ့အခါ အကြံဥာဏ်ဘဲ ဖလှယ်ကြမယ် ။
ကိုယ့်အခက်ခဲကို ကိုယ်တိုင် ဖြေရှင်းတတ်အောင် လို့ပါ ။ အားကိုးချင်တဲ့စိတ် မရှိအောင်လို့ပါ ။
အဆင်မပြေရင်တော့ နှစ်ယောက် တိုင်တိုင် ပင်ပင် ဖြေရှင်းကြတာပေါ့ ။

ကျမက မိန်းခလေး ဆိုတော့ မနာလို သဝန်တိုတာတော့ ရှိပါတယ် ။
ဒါမယ့် ယုံကြည်ထားတယ်လေ ။ မဖောက်ပြန်တတ်ဘူး ဆိုတာ ။
ယုံကြည်အောင်တော့ နေထိုင်ပေးဖို့ လိုအပ်တယ်နော် ။

ကျမ အစွဲလမ်းကြီးတတ်တာ သိပါတယ်နော် ။
ချစ်တဲ့သူ ကို ဆုံးရှုံးရမှာ ကြောက်တယ် ။

ကျမကို တခြားမိန်းမတွေနဲ့ နှိုင်းယှဉ်ပြီး မပြောပါနဲ့ ။
ကျမ သာလျှင် ကျမ မို့ပါ ။ သူများနဲ့ မတူနိုင်ဘူးလေ ။

ကျမရဲ့ အိမ်ထောင်ဦးစီး ဖြစ်လာမယ့်သူကို ဖခင်လို့ သတ်မှတ်တယ် ။
အိမ်ထောင်ဦးစီးလည်း ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို မိခင်လို့ သတ်မှတ်စေ ချင်တယ် ။

ကျမတို့ရဲ့ လက်ချောင်းလေးတွေတောင် မတူညီကြဘူးလေ ။
ဒီတော့ ကျမတို့ နှစ်ယောက်ရဲ့ စိတ်လည်း တူညီဖို့ ခက်ခဲမယ်ဆိုတာ သိတယ် ။
ညှိညှိနှိုင်းနှိုင်း နေကြမယ် ။

ကျမ ဆိုးတတ်တာလေးတော့ နည်းနည်းခြင်း ပြုပြင်ပေးပေါ့ ။
ပြုပြင်တဲ့အခါ ငေါက်စရာ မလိုအပ်ဘူး ထင်တယ်နော် ။

ကျမတို့ ချစ်တာ တခဏ မဟုတ်ဘူးလေ ။
ဘဝ တသတ်တာ ချစ်တာမို့ တန်ဖိုးထား ပါနော် ။

ကျမ လိုချင်တာ ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာပါ ။
အရောင်တွေ ပါဝင်တဲ့ အချစ် မလိုချင်ဘူးလေ ။

Phyoe Yee Thant

No comments

Powered by Blogger.