မလွမ်းလောက်တော့ဘူးကွယ်....
နင် ထားခဲ့ ပြီးပြီပဲ ကွယ်....
နင်ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းအတွက် နောင်တတွေ အပြည့် နဲ့ ဖီလင် လာ လာ တက်ပြ နေရအောင် ငါက ဟိုအရင်ကလို နင် ကစားချင်သလို ကစားလို့ ရခဲ့တဲ့ အရုပ် တရုပ် မဟုတ်တော့ဘူး ။
အခြေကြီးတာ မဟုတ်ပေမယ့် နင် မရှိလည်း နေတတ် ၊ ထိုင်တတ်အောင် နင်က ကြပ်ကြပ် မတ်မတ် ပညာ ပေးခဲ့တာပဲလေ ။ အရင်ကထဲ ကသာ နင် အခုလို ငါ့ကို အလေးထား ဆက်ဆံခဲ့မယ် ဆိုရင် ငါတို့တွေ ဝေးသွားစရာ အကြောင်းမှ မရှိတာ ။
လက်ခုပ် ဆိုတာက နှစ်ဖက်စုံ တီးမှ အသံမြည်တာ ပါကွယ် ။ နင် ငါ့ကို လက်ပြ နှုတ်ဆက်နေကထဲက နင့်ကို လက်ဝါးချင်း ရိုက် ကြိုနေမယ့် လက်တဖက်က အဆင်သင့် ရှိပြီးသား ဆိုတာ ငါသဘော ပေါက်ပါတယ် ။
ငါ့ရင်ခွင် အဟောင်းကို နင်မပျော်ပိုက်တော့ လို့ပဲ ရင်ခွင်သစ်ဆီ စုံကန်ထွက်သွားခဲ့တာ မဟုတ်လား ။ ဒီရင်နဲ့ အဝေးကို ပျံထွက်ဖို့ရာ နင့်အတွက် တောင်ပံ တဖက်က အဆင်သင့် ငံ့လင့်နေပြီသား မဟုတ်လား ။
သွားလိုက်ပါ ။ အနှောင်အတွယ် ကင်းကင်းနဲ့သာ သွားပါ ။ ဘယ်လို အကြောင်းကြောင့်မှ ငါ့ကို ပြန်ငဲ့ကွက်စရာ မလိုပါဘူး ။ ငါ့ဆီမှာက နင်ပေးခဲ့တဲ့ ဥပေက္ခာတွေ နဲ့တင် နောင် ဒီလို ခြေလှမ်း ထပ်မမှားအောင် ဆင်ခြင်နိုင်နေပြီလေ ။
နင်သိထားဖို့က အခုလက်ရှိ ငါက အရင်ကလို နင်ဖုန်းမဆက်ရင် ပျာယာခတ်အောင် ပူလောင်နေတတ်တဲ့ ငါ မဟုတ်တော့ဘူး ......
အရင်ကလို နင့် မျက်နှာ ညိုနေရင် ကမ္ဘာပြို မတတ် ထိတ်လန့်နေတတ်တဲ့ ငါ မဟုတ်တော့ဘူး ......
နင် ငါ့ကို စကား မပြောရင် ဘယ်လို အမှားမျိုး မှားမိသလဲလို့ ကိုယ့်ကိုယ်ကို သံသယ ဝင်နေတတ်တဲ့ ငါ မဟုတ်တော့ဘူး ......
နင့်ဘက်က ဘယ်လောက်ပဲ မှားမှား ၊ ငါ့ဘက်ကပဲ အလျော့ပေးပြီး ပြန်ခေါ်ခဲ့တဲ့ အထိ မာန မရှိခဲ့တဲ့ ငါ မဟုတ်တော့ဘူး ......
နင်ငါ့ကို ဘယ်လိုပဲ ပစ်ထား ပစ်ထား အချိန်တန်ရင် အမှတ် မရှိတဲ့ မျက်နှာထားနဲ့ နင့်အနားကို ပြန်ပြန် ရောက်လာတတ်တဲ့ ငါ မဟုတ်တော့ဘူး ......
နင် ငါ့ကို ဘယ်လိုပဲ နားကြည်းအောင် ပြောပြော ၊ အရင်လို ခပ်ပေါပေါ အထာလေးနဲ့ နင့်ဘေးနား ကလေးလေး လို နေချင်ခဲ့တဲ့ ငါ မဟုတ်တော့ဘူး ......
ပုံပြင်တွေ လာ လာ မပြောပါနဲ့တော့ ။
အခုဆိုရင် ငါ့ရဲ့ အသိဥာဏ်က ပုံပြင်တွေကို ယုံချင်စရာ မကောင်း ဘူးလို့ လက်သင့် ခံလာတဲ့ အထိ ရင့်ကျက်လာပြီကွဲ့ ။
အရင်တုန်း ကလို နင် အလိုရှိလာပြီ ဆိုမှ ပလီပလာတွေ လာ လာ ပြော ၊ ခပ်တည်တည်နဲ့ လျော့ချတဲ့ နင့်ရဲ့ မာယာခြယ် စကားတွေကို ကြားရမှ အိပ်ပျော် စားဝင်တဲ့ ငါ မဟုတ်တော့ဘူးလေ ။
အရာရာ အနည်ထိုင်သွား ကာမှ ငါ့ဘဝကို ရေပွက်ထအောင် လာမဆွ ပါနဲ့တော့ကွယ် ။ အရင်ကလို အဆွေး သီချင်းတွေ မကြိုက်တတ် တော့တဲ့ ငါက R ဇာနည်ရဲ့ ဟိုသီချင်းလေးနဲ့ပဲ ကိုယ့်ကိုယ်ကို အားပေးဖြေသိမ့်တော့မယ် ။ လွမ်းစရာရှိလည်း နာစရာနဲ့ပဲ ဖြေပါရစေတော့ကွယ်။ ။
မိုးညမြူ
Post a Comment