Header Ads

အယုံလွယ်တဲ့ မိန်းကလေးတွေ ဖတ်ထားသင့်တဲ့ ပုံပြင်


တခါက ကောင်မလေး တယောက် သူ့အဘွားအိမ် သွားဖို့ ဆိုပြီး တောင်တက်လမ်း အတိုင်း လျှောက်လာနေတုန်း ရှောကနဲ အသံကြားတော့ ငုံ့ကြည့်လိုက်တယ် ။ ခြေထောက်နားမှာ မြွေ တကောင် ။ မြွေက ခလောက်ဆွဲမြွေ အမျိုးအစား ။

အဲ့ဒီအချိန်မှာ ကောင်မလေးက ဘာမှ မလုပ်ရသေးခင် မြွေက ကောင်မလေးကို ပြောပါတယ် ......

" ငါ သေရတော့မယ် ထင်တယ် ... အရမ်းလည်း ချမ်းနေတယ် ... ဒီနေရာမှာ အရမ်းအေးတာပဲ ... အခုထိ ဘာမှလည်း မစားရသေးဘူး ... ဖြစ်နိုင်ရင် ငါ့ကို နင့်ရဲ့ အင်္ကျီထဲ ထည့်ပြီး အတူ ခေါ်သွားပါလား " လို့မြွေက ပြောပါတယ် ....

ကောင်မလေးက ပြန်ပြောတယ် ....
" မဖြစ်ဘူး ... မဖြစ်ဘူး ... နင်ဘာမြွေလဲဆိုတာ ငါသိတယ် ... နင်က ခလောက်ဆွဲမြွေ..
ငါ နင့်ကို ခေါ်သွားရင် ... နင် ငါ့ကို ကိုက်မှာ ... နင်က အဆိပ်ပြင်းတယ် "

မြွေက ကောင်မလေးပြောတာကို လက်မခံဘူး ...
" မကိုက်ဘူး ... မကိုက်ဘူး ... စိတ်ချ ...
နင်သာ ငါ့ကို ကူညီရင် ... ငါဟာ နင့်သူငယ်ချင်းကောင်းပဲ..
နင့်ကိုငါ ကောင်းကောင်း မွန်မွန် တကယ် ဆက်ဆံမှာပါ "

မြွေက ဒီလို ပြောလာတော့ ကောင်မလေး တွေဝေ သွားတယ် ။ ပြီးတော့ မြွေကို ကြည့်တယ် ။ မြွေက လှလိုက်တာ ။ သူ့အကွက်လေးတွေက ပန်းချီကား တချပ်လိုပဲ ။ ငါမြင်ဖူးသမျှ မြွေတွေထဲမှာ သူအလှဆုံးပဲ ... ။

ကောင်မလေး ချက်ချင်းပဲ ဆုံးဖြတ်လိုက်တယ် ။
" ကောင်းပြီ နင့်ကို ငါယုံတယ် ... နင့်ကို ငါ ကယ်မယ် ...
ဘယ်လို သက်ရှိ သတ္တဝါ မဆို ကြင်နာမှုနဲ့ ထိုက်တန်တယ် ဆိုတာ ငါ လက်ခံတယ် "

ကောင်မလေးက ပြောပြော ဆိုဆိုနဲ့ မြွေကို ညင်ညင် သာသာနဲ့ ယူပြီး အင်္ကျီအောက်ထဲ ထည့်လို့ သူ့အဘွားအိမ်ကို ဆက် ထွက်လာ ခဲ့တယ် ... ။

လျှောက်လာရင်း လျှောက်လာရင်းနဲ့ ကောင်မလေးဟာ ပြင်းထန်တဲ့ နာကျင်မှု တခုကို ခံစား လိုက်ရတယ် ။

မြွေက သူ့ကို ကိုက်လိုက်ပါပြီ ။

ကောင်မလေး ငိုတယ် ၊ နောင်တရတယ် ။

" နင် ငါ့ကို ဘယ်လို လုပ်လိုက်တာလဲ
နင်ပြောတော့ မကိုက်ဘူးဆို ၊ ငါ နင့်ကို ယုံခဲ့တယ်လေ "

မြွေက တစ်ခွန်းပဲ ပြန်ပြောပါတယ် ....

" နင် ငါ့ကို ခေါ်သွားဖို့ ဆုံးဖြတ်ကတည်းက
ငါ ဘယ်လို အမျိုးအစားလဲ ဆိုတာ နင်သိပြီးသားပဲ
မတတ်နိုင်ဘူးလေ နင့်ထိုက်နဲ့ နင့်ကံပေါ့ ..."

မြွေက ဒီလိုပြောပြီး အမြီးလေးကို ခလောက်လို့ တွန့်တွန့် တွန့်တွန့်နဲ့ ထွက်သွား ပါတော့တယ် ... ။

-----------------------------

ပုံပြင်လေးကတော့ ဒါပါပဲ ။
ပုံပြင်ထဲက မြွေလို ကျက်သရေ တုံးတဲ့ လူဆိုတာတွေကို ကျနော်တို့ အတော် များများ ကိုယ့်ပတ်ဝန်းကျင်မှာ  ကြုံဖူးမယ် ထင်ပါတယ်...

- တချို့လူတွေက သွားသနားလို့ မရပါဘူး
- တချို့လူတွေက စေတနာနဲ့ မတန်ပါဘူး
- တချို့လူတွေက လျှာနှစ်ခွနဲ့ ခုနက မြွေလိုပါပဲ
- တချို့လူတွေက ခုတစ်မျိုး တော်ကြာ တမျိုးပါပဲ
- တချို့လူတွေက ခွေးမြီးကောက် ကျည်တောက်စွပ်တွေပါ
- တချို့လူတွေက အယုံသွင်းပြီးမှ ယုတ်မာတတ် ပါတယ်
- တချို့လူတွေက မူယာမာယာ သိပ်များပါတယ်
- တချို့လူတွေက ကူလီ ကူမာ သိပ်ကျွမ်း ပါတယ်

ဒီတော့ လူတိုင်းကို သွားပြီးတော့ သနားဖို့ မလိုဘူး ။
နင့်ကိုမှ မရရင် ငါသေရပါတော့မယ်တို့ ၊ ငါ ဒီတခါ တကယ် လိမ္မာပါပြီတို့ ၊ ငါ ... နောက် မလုပ်တော့ပါဘူး ကတိပေးပါတယ် တို့ဆို ချင့်ယုံကြပေါ့ ။

နောက်ပြီး သနားကမား ရုပ်နဲ့ မျက်ရည်ခံ ထိုးတိုင်း သနားစရာ မကောင်းဘူး ဆိုတာကိုလည်း ခေါင်းထဲ ထည့်ထားပါ ။

အပေါ်ယံ ရွှေမှုံကြဲထားတဲ့ မျက်နှာစာတွေနဲ့ လည်း သူတို့ရဲ့ အတွင်းစိတ် တွေကို ခဏတာ အားဖြင့် ပြည်ဖုံးကာ ချထားလို့ ရတယ် ဆိုတာကိုလည်း စွဲမှတ်ထားပါ ။

တချို့(တချို့) သော သူတွေဟာ ဘယ်လို သနားကြင်နာမှုမျိုး ၊ စေတနာထားမှုမျိုး ၊ ယုံကြည်မှုမျိုး ၊ ကိုယ်ချင်းစာမှုမျိုးနဲ့မှ မထိုက်တန်ဘူး ဆိုတာကို နားလည်ထား လိုက်ပါ ။

တချို့ (တချို့) လို့ သေချာ ရေးထားတယ်နော် အကုန်လုံးကို မဆိုလိုပါဘူး ။

ပုံပြင်လေးကို oh inspiring stuff မှာ ဖတ်ဖူးတာပါ..!!

WaiPhyoMaung

No comments

Powered by Blogger.