Header Ads

မိန်းခလေးတွေ သဘောကျစေဖို့


မိန်းခလေးတွေ သဘောကျဖို့ ယောက်ျား တယောက် တတ်ထားသင့်တဲ့ ပညာရပ်တွေ များစွာ ရှိပါတယ် ။ သူတို့ နှုတ်က ဖွင့်ဟ ပြောဆိုခြင်း မရှိရင်တောင် စိတ်ထဲက နှစ်သက် သဘောကျ အမှတ်ပေးနေတာတွေလည်း ရှိနေနိုင် ပါတယ် ။

ဒီနေ့ခေတ် နည်းပညာတွေ တိုးတက်လာတဲ့ အချိန်မှာ အချိန်တွေကို အကျိုးမဲ့ ဖြန်းတီး ပြစ်မဲ့ အစား မိမိအတွက် အသုံးဝင်တဲ့ ပညာရပ်တွေကို လေ့လာ ဆည်းပူး သင်ယူသင့် ပါတယ် ။ ဘာမှမသိ ဘာမှ မတတ်တဲ့ ယောက်ျားလေးကို ဘယ် မိန်းခလေးမှလည်း စိတ်ဝင်စားမှာ မဟုတ်ပါဘူး ။

ဒါ့ကြောင့် မိမိအတွက် လိုအပ်တဲ့ ပညာတွေကို လေ့လာ သင်ယူကြရအောင် ။

1) ကားမောင်းသင်ပါ

ကားမောင်း တတ်တဲ့ ယောက်ျားလေး တွေကို မိန်းခလေးတွေ အများစုက နှစ်သက် ကြတယ် ။ အထူးသဖြင့် သူတို့ လိုရာကို အချိန်တိုတွင်း ရအောင် ဖန်တီးပေးနိုင်သူဟာ သူတို့ အိမ်မက်ထဲက မင်းသားလေး ပါပဲ ။ မိန်းခလေး တယောက်အတွက် မဟုတ်တောင် ယနေ့ခေတ် မှာတော့ ကားမောင်းတက်မှ ခေတ်မီမယ် လို့ပဲ ဆိုရပါမယ် ။

2) ရေကူးသင်ပါ

ရေကူးခြင်းက ကျန်းမာရေး အတွက်ကော ၊ ခန္ဓာကိုယ် လှပမှု အတွက်ပါ များစွာ အထောက်အကူ ပြုပါတယ် ။ ရေကူးတက်တဲ့ ယောက်ျားလေးတွေကို မိန်းခလေး အများစုက သဘောကျ ကြတယ် ။ သူတို့ အတွက် လုံခြုံမှု ရှိမယ် လို့လည်း ပိုမို ယူဆနိုင် ပါတယ် ။ အားလပ်ချိန်မှာ ရေကူးတတ်အောင် သင်ပြီး ဘယ်နေရာသွားသွား မိမိကိုယ် မိမိ ယုံကြည်မှု တိုးပွားလာ နိုင် ပါတယ် ။

3) ဘာသာစကား တခုသင်ယူပါ

အင်္ဂလိပ် ဘာသာဟာ ဒီနေ့ခေတ်အတွက် မရှိမဖြစ် လေ့လာ သင်ယူရမဲ့ ဘာသာပါ ။ ကျွမ်းကျင်အဆင့် မဟုတ်တောင် နားလည်ပြီး ပြန်ပြောနိုင်တယ်ဆို သင့်အတွက် အဆင်ပြေစေနိုင် ပါတယ် ။ ဒီလိုမှ မဟုတ်ပဲ နိုင်ငံခြားသား တယောက်လို ကျွမ်းကျွမ်း ကျင်ကျင် ပြောဆိုနိုင်တယ် ဆိုရင်တော့ သင်ရဲ့ လုပ်ငန်းအတွက်ကော ဆွဲဆောင်မှု အတွက်ပါ အကျိုးထူးစေ မှာပါ ။ ဒါ့ကြောင့် အင်္ဂလိပ်လို ပြောတက်ဖို့ အရေးကြီး ပါတယ်။

4) IT နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ လေ့လာပါ ။

IT ခေတ်မှာ IT နဲ့ ပတ်သက်တာတွေ မသိရင် သင် ခေတ်နောက်ကျ သွားနိုင်ပါတယ် ။ ခေတ်မမှီတဲ့ အမျိုးသားတယောက်က မိန်းခလေး အများစုကို သဘောကျ နစ်သက်အောင် လုပ်နိုင်ဖို့ ခဲယဉ်း ပါတယ် ။ အများကြီး တတ်သိ ထားဖို့ မဟုတ်တောင် ကိုယ်အသုံးပြုနေတဲ့ နည်းပညာ ပစ္စည်းတွေ ကိုတော့ ကျွမ်းကျွမ်း ကျင်ကျင် သိနားလည် ထားသင့် ပါတယ် ။

5) စီးပွားရေးနဲ့ ပတ်သက်တာတွေ လေ့လာထားပါ

စီးပွားရေးနဲ့ ပတ်သက်ပြီး ဘာမှ မလေ့လာ မမှတ်သားဘူး ဆိုရင်တော့ ဒီတသက် သင် သူဌေးတယောက် ဖြစ်ဖို့ ခဲယဉ်းပါတယ် ။ ဘယ်လောက် ရုပ်ချောမောနေ ပါစေ ။ ငွေမရှာနိုင်တဲ့ ယောက်ျား တယောက်ကို မိန်းခလေးတွေက အချိန်ကြာကြီး နှစ်သက် မြတ်နိုးဖို့ ဆိုတာ ခဲယဉ်းပါတယ် ။ ဒီနေ့ခေတ်မှာ ကိုယ့် အရည်အချင်းနဲ့ ကိုယ် ငွေရှာကောင်းသူတွေ ကပဲ လူအများရဲ့ ရှေ့ကို ရောက်နိုင်ပါတယ်။

6) အားကစား တခုခုကို ပုံမှန် ကစားပါ

အားကစား မလုပ်ထားတဲ့ ခန္ဓာကိုယ်နဲ့ ပုံမှန် အားကစား လုပ်တဲ့ ခန္ဓာကိုယ်က ဖွဲ့စည်း တည်ဆောက်ပုံ ခြင်း ၊ ဆွဲဆောင်မှု ရှိပုံခြင်း ကွဲပြားခြားနား ပါတယ် ။ ကိုယ်နှစ်သက်တဲ့ အားကစား တခုကို ပုံမှန် အချိန်ပေးကစားရင် ကျန်းမာရေး အတွက်ပါ များစွာ အထောက်အကူ ပြုနိုင်ပါတယ် ။ ဥပမာ နေ့စဉ် ပုံမှန် GYM ကစားမယ် ဆိုရင်တော့ သင့်ဟာ မိန်းခလေး အများစုရဲ့ လိုလား တောင်းတတဲ့ ခန္ဓာကိုယ်မျိုး ရရှိဖို့ သေချာနေ ပါတယ် ။

7) ကိုယ်ခံပညာ တခုသင်ပါ

ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ၊ ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ အတွက် သာမက အမှန်တကယ် ရဲရင့်တဲ့ယောက်ျား တယောက် ဖြစ်ဖို့ ကတော့ ကိုယ်ခံ ပညာ တခုကို တတ်အောင် သင်ထားသင့် ပါတယ် ။ သူတပါးကိုတိုက်ခိုက်ဖို့ မဟုတ်ပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးပွားပြီး ကြံ့ခိုင်နေစေဖို့ ကိုယ်ခံ ပညာက အထောက်အကူ ပြုပါတယ်။

8) တူရိယာ တခုခုတီးတတ် ပါစေ

သံစဉ်တွေက နှလုံးသားကို နူးညံ့ စေတယ် ။ သံစဉ်တွေကို ဖန်တီးပြီး သင်နှစ်သက်တဲ့ မိန်းခလေးရဲ့ နှလုံးသားကို ညို့ယူ ဖမ်းစားနိုင်ဖို့ တူရိယာ တခုခုကို ကောင်းမွန်စွာ တီးတတ်သင့် ပါတယ် ။ ဥပမာအနေနဲ့ ဂစ်တာလေး တီးပြီး သီဆို ပြနိုင်တဲ့ စွမ်းရည်မျိုးကို မိန်းခလေး အများစုက သူတို့ နှစ်သက်တဲ့ သူတွေ ဆီမှာ ရှိစေချင် ကြပါတယ် ။

LinMoeSet

No comments

Powered by Blogger.