သင့် အသက် (20 - 29) ဆိုရင် ဒါကို မဖြစ်မနေ ဖတ်ပါ
ဒီ (7) ချက်ကို အလွတ်ရသလောက် နီးပါး ဖြစ်အောင် ဖတ်ထားလိုက်ပါ ။ အရမ်းကို အကျိုးရှိပါတယ် ။
အသက် 20 ကျော်အရွယ်ဟာ ဘ၀မှာ အကောင်းဆုံးအချိန် ဖြစ်ပါတယ် ။ ခန္ဓာကိုယ်မှာ အပြောင်းအလဲတွေ ဖြစ်လာသလို မိဘတွေ ကလည်း အရွယ်ရောက်လာသူ တယောက် အနေနဲ့ ဆက်ဆံလာချိန် ဖြစ်ပါတယ်။
ပြီးတော့ ဒီအရွယ်မှာ ငွေရှာဖို့အတွက် ကိုလည်း အရမ်းကို စိတ်အား ထက်သန် နေပြီ ဖြစ်ပါတယ် ။ ဒီအရွယ်မှာ သင့်အနေနဲ့ ဘွဲ့ တခုခု ရပြီးသည် ဖြစ်စေ မရသေးဘူး ဖြစ်စေ၊ 20 ကျော် အရွယ်နဲ့ နောက်ပိုင်းမှာ အောင်မြင် ဖို့အတွက် စတင် ပြင်ဆင်တတ်ဖို့ အရေးကြီး ပါတယ် ။
အများစု ကတော့ ဒီအချိန်မှာ ထူးထူးခြားခြား ပြောင်းလဲမှုတွေကို လုပ်ဆောင်ဖို့နဲ့ ကြီးကြီး မားမား အောင်မြင်မှုကို ရယူဖို့က အရမ်း ငယ်သေးတယ်လို့ ယူဆတတ်ကြ ပါတယ် ။ တကယ်တော့ အသက် 20 ကျော် အရွယ်ဆိုတာ သင့်ရဲ့ဘဝ တလျှောက်လုံးမှာ အောင်မြင်မှုတွေ ဆွတ်ခူး ရယူနိုင်ဖို့ အတွက် အလေ့အကျင့်ကောင်းတွေကို စတင်ပျိုးထောင် မွေးမြူသင့်တဲ့ အချိန်ပဲ ဖြစ်ပါတယ် ။
ဒါ့ကြောင့် 20 ကျော်တွေ အတွက် ဒီနေ့ လုပ် မနက်ဖြန်မှာ ထူးခြားချက်တွေ ခံစားရမယ့် လုပ်ဆောင်စရာ 7 ခု ကို ဖော်ပြလိုက် ပါတယ် ။
1) အမှား လုပ်မိဖို့ မကြောက်ပါနဲ့
အမြန် လှုပ်ရှားရင် မတော်တဆမှုတွေ ဖြစ်တတ်ပါတယ် ။ ဒါပေမယ့် မတော်တဆမှုကို ကြောက်နေရင် မြန်မြန် လှုပ်ရှားနိုင်မှာ မဟုတ်ပါဘူး ။ လူအများစုက အလုပ်ပြောင်းတာ လိုမျိုး ထူးခြားတဲ့ ပြောင်းလဲမှုတွေ လုပ်ရမှာကို မှားသွားမလား စိုးရိမ်ကြောက်လန့် တတ်ကြ ပါတယ် ။
သင့်အတွက် တခုခု အဆင်မပြေဘူး ခံစားရရင် ရုန်းထွက်ဖို့ အတွက် ကြောက်နေလို့ မဖြစ်ပါဘူး ။ နယ်ပယ် သစ်မှာ သင် အခက်တွေ့ချင် တွေ့နိုင် ပါတယ် ။ ဒါပေမယ့် ဒီလို ရုန်းထွက်လိုက် မှသာ သင်နဲ့ ကိုက်ညီမှု ကို ရှာဖွေ တွေ့ရှိနိုင်မှာ ဖြစ်ပါတယ် ။ တခုမှတ်ထားရမှာက သင် ဘယ်နှစ်ကြိမ် ရှုံးနိမ့်လဲ ဆိုတာထက် သင် ဘယ်လောက် အောင်မြင်လဲ ဆိုတာကိုပဲ လူတွေက အရေးစိုက်ကြ တာပါ ။
2) လေ့လာသင်ယူပါ
သင့်ရဲ့ ပညာရေးကို ဆုံးခန်း တိုင်ပြီလို့ မသတ်မှတ်လိုက် ပါနဲ့ ။ ဆက်လက် လေ့လာ သင်ယူနေဖို့ လိုပါတယ် ။ ဒီလိုပြောလို့ အလုပ် ထွက်ပြီး MBA ဘွဲ့ သွားယူဖို့ ဆိုလိုတာ မဟုတ်ပါဘူး ။ သင် တတ်နိုင်သမျှ အရာအားလုံးကို သင်ယူတတ်ဖို့ပဲ ဖြစ်ပါတယ် ။
ဘာမဟုတ်တဲ့ အရေး ကိစ္စအတွက် အချိန်တွေ အလဟသ ကုန်ဆုံးနေမယ့် အစား အခမဲ့ တက်ရောက် နိုင်တဲ့ သင်တန်းကျောင်းတွေမှာ လေ့လာ သင်ယူပါ ။ အချိန်မရှိဘူးဆိုရင်လည်း အွန်လိုင်း ကနေ အခမဲ့ သင်ကြားပေးနေတာတွေ ရှိပါတယ် ။ ကြိုးစား ရှာဖွေ လေ့လာပါ ။
3) ကိုယ့်ကိုယ်ကို အခြားလူတွေနဲ့ မနှိုင်းယှဉ်ပဲ ကိုယ်ပိုင် စိတ်ကူး အိပ်မက်တွေကို အာရုံ စိုက်ပါ
သင့်ရဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေ ဘယ်လို အလုပ်အကိုင် ကောင်းတွေ လုပ်နေတယ် ၊ ဘယ်လို ၀င်ငွေ ကောင်းနေတယ် ဆိုတာတွေ လိုက်ကြည့်ပြီး ကိုယ့်ကိုယ်ကို စိတ်ပျက်မနေပါနဲ့ ။ ကိုယ်ပိုင် ရည်မှန်းချက်တွေ၊ စိတ်ကူး အိပ်မက်တွေ ကိုပဲ အာရုံစိုက်ပါ ။ ရည်မှန်းချက် ပန်းတိုင်ဆီကို ရောက်ဖို့ သင်တတ်နိုင်သမျှ အရာအားလုံးကို သင်ယူ လေ့လာ နိုင်ဖို့ လှုပ်ရှားပါ ။
4) အသုံးစရိတ် ၊ စုဆောင်းမှု နဲ့ ရင်းနှီးမြုပ်နှံမှု ဒီတခုကို သင် စိတ်ဝင်စားမှာပါ ။
သင့်ရဲ့ ငွေကြေးနဲ့ ပတ်သက်ပြီး ဘယ်လို စီမံရမယ် ဆိုတာက အရမ်းကို အရေးကြီး ပါတယ် ။ ကဲ တွက်ကြည့်ရအောင် ။ အသက် 20 နှစ်မှာ စတင်ပြီး တလမှာ ဒေါ်လာ 200 စုဆောင်းတယ် ဒါမှမဟုတ် ရင်းနှီးမြုပ်နှံမှု လုပ်တယ် ဆိုကြပါစို့ ။
သင့်အနေနဲ့ စုဆောင်း ရင်းနှီးမြုပ်နှံငွေရဲ့ တနှစ်ကို 5 ရာခိုင်နှုန်းပဲ ပြန်ရမယ် ဆိုရင်တောင် အသက် 65 နှစ် အရွယ် ရောက်တဲ့ အခါမှ စုစုပေါင်း ဒေါ်လာ (305,204) အထိ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒီလို မဟုတ်ပဲ 20 ကျော် အရွယ်နဲ့ 30 အစောပိုင်းကို လစ်လျူရူပြီး 35 နှစ် မှ စတင် စုဆောင်းရင်းနှီးမယ် ဆိုရင်တော့ အသက် 65 နှစ်မှာ ဒေါ်လာ (166,451) လောက်ပဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ် ။
5) စာရေးပါ
သင့်ရဲ့ စိတ်ကူး အိမ်မက်တွေနဲ့ ရည်မှန်းချက် ပန်းတိုင်တွေကို ချရေးပါ ။ မှတ်စု စာအုပ်မှာ စာရေးပါ ။ စာအုပ်တအုပ် ဒါမှမဟုတ် စီးပွားရေးစိတ်ကူးတွေ၊ စီမံချက်တွေ၊ လုပ်ချင်တာတွေ အားလုံးကို ချရေးထားပါ ။ ဒီလို ချရေးထား တာဟာ သင့်ရဲ့ စိတ်ကူးတွေ အတွေးတွေကို ဖော်ပြဖို့ အတွက် အကောင်းဆုံး နည်းလမ်းဖြစ်ပြီး သင့်ဦးနှောက် ကိုလည်း ဆန်းသစ် တီထွင် ဉာဏ်တွေ ဖွံ့ဖြိုးလာစေမှာ ဖြစ်ပါတယ် ။ ပိုပြီး မိုက်တာမျိုး လုပ်ချင်လား ? သင် စိတ်ဝင်စားတဲ့ အကြောင်းအရာ တခုနဲ့ ပတ်သက်ပြီး မှတ်တမ်း တခု ရေးပါ ။
6) လေ့ကျင့်ခန်း လုပ်ပါ ၊ တရားမှတ်ပါ
ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့ အတွက် လူတိုင်း လေ့ကျင့်ခန်း လုပ်သင့် ပါတယ် ။ လေ့ကျင့်ခန်း လုပ်ဆောင်ခြင်းကြောင့် တနေ့လုံး နေလို့ ကောင်းနေမှာ ဖြစ်ပြီး အခက်အခဲတွေကို ကျော်ဖြတ်ဖို့ ယုံကြည်မှု တွေလည်း ပိုရှိလာစေမှာ ဖြစ်ပါတယ် ။
သင့်ရဲ့ ဦးနှောက် ကျန်းမာဖို့ အတွက် ကတော့ တရားထိုင် ပေးရမှာ ဖြစ်ပါတယ် ။ တရားထိုင်တာက သင့်ရဲ့ စိတ်ကို ကြည်လင် လန်းဆန်းစေပြီး မှန်ကန်တဲ့ အတွေးတွေနဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် နည်းလမ်း တခုအနေနဲ့ ယောဂ လေ့ကျင့်မယ် ဆိုရင်လည်း ဖြစ်ပါတယ် ။
7) ပေးကမ်းပါ
အကျိုးကျေးဇူး တစုံတရာ ပြန်မရနိုင်တာကြောင့် အပေးအကမ်း မရှိတာမျိုး မဖြစ်ပါစေနဲ့ ။ ပြန်ရဖို့ကို မျှော်လင့်မနေသင့် ပါဘူး။ လူမှု အဖွဲ့အစည်း ကောင်းကျိုး အတွက် ပေးဆပ်ဖို့ကို တစ်စက္ကန့်မှ နှောင့်နှေး မနေပါစေနဲ့ ။ ကူညီနိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ် ။ ငွေကြေး ဥစ္စာ ပေးကမ်းတာမှ မဟုတ်ပါဘူး ။
သင်တတ်ထားတဲ့ ပညာတွေကို ဝေမျှ သင်ကြားပေးတာမျိုးလည်း လုပ်နိုင်ပါတယ် ။ အသက် 20 ကျော် အရွယ် လူငယ် လူရွယ်တွေဟာ အရာ အားလုံးကို စွမ်းဆောင် အောင်မြင်နိုင်တယ် လို့ ယုံကြည်ထားပြီး အလေ့အကျင့်ကောင်းတွေကို မွေးမြူတတ်ဖို့ အရေးကြီးကြောင်း တိုက်တွန်း လိုက် ပါတယ် ။
The Light of Future
Post a Comment