Header Ads

အကယ်ဒမီသီဟတင်စိုး အိမ်ဖော်အမျိုးသမီးကို အဓမ္မပြုကျင့်မှုဖွင့် အမှုဖွင့်ခံထားရ


သရုပ်ဆောင်မင်းသား အကယ်ဒမီ သီဟတင်စိုးသည် ၄င်း၏ အိမ်တွင် ယောက္ခမဖြစ်သူအား အနီးကပ် ပြုစုပေးရန် ခေါ်ထားသည့် အသက် ၄၀ နှစ်ရှိ အိမ်ဖော် အမျိုးသမီးအား အဓမ္မ ပြုကျင့်ခဲ့သည် ဆိုခြင်းကြောင့် ရဲစခန်းတွင် ဇူလိုင်လ ၁၄ ရက်၊ ည ၁၁ နာရီ ၄၅ မိနစ်ခန့်က အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

" အမှုဖွင့်လှစ် ခံထားရတဲ့သူက သရုပ်ဆောင် သီဟတင်စိုးပါ ။ ညက သူ့ကို အဓမ္မ ပြုကျင့်မှုနဲ့ အမှု လာဖွင့်ထားပါတယ် ။ လက်ရှိမှာတော့ စုံစမ်းဆဲ ၊ စိစစ်ဆဲမို့ သူ့ကို ဖမ်းထားတာမျိုးတော့ မရှိပါဘူး " ဟု သုဝဏ္ဏနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိ သတင်းဌာနသို့ ပြောသည် ။

အဆိုပါဖြစ်စဉ်မှာ ရန်ကုန်တိုင်း ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ကြီးပွားရေးရပ်ကွက်၊ ပြည်ထောင်စုရိပ်မွန် အိမ်ယာ၊ အသောကလမ်းရှိ သရုပ်ဆောင် သီဟတင်စိုး၏ နေအိမ်တွင် တရားလိုမ... ( ၄၀ ) နှစ်သည် ဇွန်လ ၅ ရက်မှစ၍ အိမ်အကူအဖြစ် တစ်လလျှင် ငွေကျပ် ၁၅၀၀၀၀ ကျပ်ဖြင့် ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး မြေညီထပ် အိမ်ခန်းရှိ ဒေါ်ဇင်မာဦး၏ မိခင် အမည်မသိ၊ (၇၅ ) နှစ်( မှတ်ဉာဏ်မကောင်း၊ နားမကြား ) အား အနီးကပ် နေထိုင်လျက် လိုအပ်သည်များ ပြုစုရသည့် အလုပ်ကို အဓိကထား လုပ်ကိုင်ရကြောင်း သုဝဏ္ဏနယ်မြေ ရဲစခန်းမှ သိရသည်။

ထို့နောက် ဇွန်လ ၁၃ ရက်၊ နံနက် ၈ နာရီခန့်တွင် သီဟတင်စိုး အပြင်သို့ ထွက်သွားပြီးနောက် နေ့လယ် ၁ နာရီခန့်၌ ဒေါ်ဇင်မာဦးနှင့် သားဖြစ်သူတို့မှာလည်း အပြင်သို့ ထွက်သွားသဖြင့် နေအိမ်၌ ၄င်းနှင့် ဒေါ်ဇင်မာဦး၏ မိခင်ဖြစ်သူတို့သာ ကျန်ရှိခဲ့ပြီး အိပ်ခန်းအတွင်း အဖွား(ဒေါ်ဇင်မာဦး၏ မိခင်)အား လိုအပ်သည်များ ပြုစုပေးလျက် ရှိစဉ် ည ၇ နာရီ ကျော်ခန့်တွင် သီဟတင်စိုး နေအိမ်သို့ ပြန်လည်ရောက်ရှိ လာသည်ကို တွေ့ရကြောင်း သိရသည်။

ထို့နောက် ည ၈ နာရီ ခန့်တွင် ၄င်းမှ ဒေါ်ဇင်မာဦး၏ မိခင်အား လိုအပ်သည်များ ပြုလုပ်ပေးပြီး အဆိုပါအခန်း အတွင်းရှိ ၄င်းအိပ်သည့် ကုတင်ပေါ်၌ ထိုင်နေစဉ် သီဟတင်စိုးမှာ အင်္ကျီမပါ ပုဆိုးအပြာရောင် ဝတ်ဆင်လျက် အခန်းအတွင်းသို့ ဝင်ရောက်လာကာ ၄င်းအား နောက်သို့ အတင်းတွန်းလှဲ၍ သားမယားအဖြစ် အဓမ္မ ပြုကျင့်ခဲ့သည်ဟု ဆိုခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ပြုလုပ်နေစဉ် ၄င်းမှ အော်ဟစ်ကာ အကူအညီ တောင်းခံသော်လည်း မိုးရွာနေသဖြင့် မည်သူမျှ မကြားခဲ့ကြောင်း၊ ထို့နောက် သီဟတင်စိုးမှ တခြား သူများအား ပြန်ပြောပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုပြီး အခန်းအပြင်သို့ ပြန်ထွက်သွားခဲ့ကြောင်း သိရသည်။

ည ၉ နာရီခွဲ အချိန်ခန့်တွင် ဒေါ်ဇင်မာဦးတို့ သားအမိ နေအိမ်သို့ ပြန်လည် ရောက်ရှိလာပြီး အိမ်ဖော် အမျိုးသမီးမှ ခြိမ်းခြောက်ခံထားရ၍ ဖြစ်စဉ်အား မပြောပြဘဲ အိပ်ယာဝင်ခဲ့ပြီး ဇူလိုင်လ ၁၄ ရက်၊ နံနက် ၈ နာရီခန့်တွင် နေအိမ်ရှိ လူများမနိုးခင် ၄င်းတစ်ဦးတည်း ထွက်ခဲ့၍ ကျောက်မြောင်းတွင် တည်းခိုနေထိုင်သော အဒေါ်နှစ်ဝမ်းကွဲ တော်စပ်သူ ဒေါ်.... ထံသို့ သွားရောက်၍ ဖြစ်စဉ်အား ပြောပြခဲ့ပြီး တိုင်တန်းခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သီဟတင်စိုး (စိစစ်ဆဲ)၊ လိပ်စာ (စုံစမ်းဆဲ) ကို သုဝဏ္ဏနယ်မြေ ရဲစခန်းက (ပ) ၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်လှစ် ထားကြောင်း သိရသည်။

NaingMinLwin (AkonThi)

No comments

Powered by Blogger.