ကလေးမွေးတဲ့ အိုး
တခါတုန်းက အဖိုးအို တယောက်ဟာ သူ့ရဲ့ အိမ်နီးချင်းဆီက အိုးကြီး တလုံးကို ခဏ ငှားရမ်း တယ် ။ ဆယ်ရက်လောက် ကြာတဲ့အခါ အိုးကြီးထဲကို အိုးအငယ်လေး ထည့်ပြီး ပြန်မဆယ်မိပဲ အိမ်နီးချင်းကို ပြန်ပေးမိ တယ် ။
ဒါကို အိမ်နီးချင်းက တွေ့တော့
" ဒီ အိုးလေးက ဘာလို့ ပါလာတာလဲ " လို့ ပြန်မေးတာပေါ့
ဒီတော့ အဖိုးအိုကလည်း
" သြော် ... ကျနော် အိုးကို ငှားတုန်းက ခင်များအိုးက ကိုယ်ဝန်ကြီးနဲ့ ထင်ပါရဲ့
ဒါကြောင့် ဒီအိုး အသေးလေး မွေးတာ ဖြစ်မယ် " လို့ ပြောလိုက်တယ် ။
အိုးပိုင်ရှင်က ဒီအဖိုးကြီး အတော် တုံးတာပဲ လို့ တွေးပြီး
" ကောင်းပါပြီဗျာ နောက်ကို အိုး အသုံး လိုရင်လည်း လာငှားလိုက်ပါ " လို့ ပြောပြီး အိုးငယ်လေးပါ သိမ်းထားလိုက် သတဲ့ ။
ရက်အနည်းငယ် ကြာတော့ အဖိုးအိုလည်း အိုးရှင်ထံမှ အိုးကို နောက်ထပ် လာရောက် ငှားပြန်တယ် ။
၁၀ ရက် - ရက် ၂၀ - တလ ကြာသည် အထိ အဖိုးအိုက အိုးကို ပြန်မပေးပဲ နေတဲ့ အခါ
အိုးရှင်လည်း စိတ်ပူပြီး အဖိုးအိုထံ အိုးကို လာတောင်းတော့တယ် ။
ဒီတော့မှ အဖိုးအိုလည်း
" ကံ အကြောင်းတရားပဲ ထင်ပါရဲ့ဗျာ ခင်များအိုးဟာ မနေ့ကပဲ ကွယ်လွန် အနိစ္စ ရောက်သွားရှာပြီ " လို့လည်း ပြောလိုက်ရော ...
" ဟဲ့ အဖိုးကြီး !
ကျုပ်ကို အရူးလို့များ ထင်နေတာလား ...
အိုး ဆိုတာ ကွယ်လွန် အနိစ္စ ရောက်တယ်လို့ ရှိလို့လား ကျုပ်အိုး ပြန်ပေး" လို့ ပြောတော့တာပေါ့ ။
ဒီတော့မှ အဖိုးအိုက
" သြော် ... ခင်များလည်း အတော် မတရားစကား ပြောတတ်တာပဲ
အရင်တစ်ခါ ခင်များအိုးကြီးက အိုးကလေး မွေးတယ် ဆိုတော့ ခင်များက ယုံတယ်
အခု အိုးကြီး ကွယ်လွန် အနိစ္စ ရောက်တယ် ဆိုတော့ မယုံတော့ဘူး ဖြစ်သွားတယ်
ခင်များရဲ့ စကားဟာ တရားရဲ့လား ဗျာ "
လို့လည်း ပြောရော ... အိုးရှင် ခင်မျာ မျက်နှာငယ်လေးနဲ့ ပြန်သွားရ ရှာတယ် ။
-----------------------------------
ဒီလိုပါပဲ လောကမှာ ကိုယ်နှစ်သက်တာလေး ၊ ကိုယ့်အကြိုက်လေးများ ပြောလိုက်ရင် မှားတာ ၊ မှန်တာ မစဉ်းစားတော့ဘူး ။ သိပ်ကို သဘောကျနေ တတ်ကြတယ် ။ ပီတိတွေ ဖြစ်နေတတ် ကြတယ် ။
ကိုယ် မကြိုက်တာလေးများ ကြားရပီ ဆိုရင်တော့ မည်မျှပင် အမှန် စကား ဖြစ်နေပါစေ လက်မခံနိုင် တတ်ကြဘူး ဆိုတာကို သတိပြုမိ နိုင်ကြပါစေ ။
Credit
Post a Comment