ဘောင်မရှိတဲ့ မိန်းမ...
မိန်းခလေး ဆိုတာ အလှအပတွေ ဘယ်လို ပြင်တတ် ရမယ် ဆိုတဲ့ ဘောင်ထဲမှာလည်း သူမ မရှိဘူး ။ အလှဆုံး မြန်မာ ဆန်ဆန် ဝတ်ချင် ဝတ်မယ် ။ ဘောင်းဘီအတိုလေးနဲ့ နေချင် နေမယ် ။
ယောက်ျားလေး လိုလည်း ဝတ်ချင် ဝတ်မယ် ။ သူ့ စိတ်ခံစားချက် အတိုင်းပဲ ။ ရာသီဥတု အတိုင်းပဲ ။ ပူလောင်နေတဲ့ နေရောင်အောက် ဘောင်တခု ထဲမှာ မသက်သာတဲ့ ပုံစံနဲ့ ဝတ်နေရတဲ့ သူတွေထက် သူမက လွတ်လပ်တယ် ။
သူမဟာ မိန်းခလေး တယောက်လို နွဲ့နွဲ့ နှောင်းနှောင်း နေရမယ် ဆိုတဲ့ ဘောင်ထဲမှာ မဝင်သလို ယောက်ျားလေး ဆိုတဲ့ ဘောင်ကိုလည်း မရောက်ဘူး ။ သူမက လိုအပ်တဲ့ နေရာမှာ ရှက်တတ်တယ် ။ ချစ်သူနဲ့ တွေ့ရင် နူးညံ့လိုက်တယ် ။ ရင်ဆိုင်ရမယ် ဆိုတဲ့ အချိန် သတ္တိရှိတယ် ။
မိန်းခလေး မှန်ရင် အိမ်မှု ကိစ္စ နိုင်ရမယ် ၊ ထမင်း ဟင်း ချက်ရမယ် ဆိုတဲ့ ဘောင်ထဲမှာလည်း မနေဘူး ။ သူလုပ်ချင်တဲ့ အချိန် လုပ်တယ် ။ သူစားချင်တာ ရှိရင် ချက်စား လိုက်တယ် ။ သူ ချက်ကျွေးချင်တာ ရှိရင် ချက်လိုက်တယ် ။ ဒါပေမယ့် မိုးလင်းတာနဲ့ ဒါ ဝတ္တရား ဆိုတဲ့ ဘောင်ထဲ သူမ ရောက်မနေဘူး ။
မိန်းခလေးဆိုတာ အိမ်ထောင် ကျပြီးရင် လင်ယူ သားမွေးလောက် နဲ့ ဘောင်ထဲလည်း သူမ မဝင်ချင်ဘူး ။ သူမ အဆင် မပြေရင် ကိုယ့်ပိုက်ဆံနဲ့ သုံးလို့ ရတယ် ။
ထားသွားရင်တောင် ဘဝ ပျက်သွားမယ့် အတန်းထဲက မဟုတ်ပဲ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်အောင် ထိုက်လျောက်တဲ့ အသိဥာဏ် ရှိတယ် ။ လုပ်နိုင် ကိုင်နိုင်စွမ်း ရှိတယ် ။
အခုလို သူမ ဘောင်တွေထဲကနေ ထွက်နေလို့လည်း အထိန်းအကွပ် မဲ့နေတဲ့သူ တယောက် မဟုတ်ဘူး ။ ရိုးရိုးလေးနဲ့ အ သလိုလေး လူမြင်ကောင်းအောင် ရိုးသားပြနေတာ တွေကို လှောင်ရယ်နေသူ တဦး ။
မလွတ်လပ်တဲ့ ဘောင်ထဲကို အတင်း ဝင်ဆံအောင် ကြိုးစားနေသူတွေကို လက်ပိုက်ကြည့်နေနိုင်သူ တဦး ။ သူမဟာ ကန့်သတ်ချက်တွေ ထဲက လွတ်မြောက်နေသူ တဦး ။
YarZar❤
Post a Comment