ဆရာကျော်ဆန်းလွင်၏ တပတ်စာ ဟောစာတမ်း (15.7.2018 မှ 21.7.2018 ထိ)
တနင်္ဂနွေသားသမီးများ အတွက်
အလုပ် ကိစ္စများ လုပ်ဆောင်ရာတွင် စိတ်ရှည်ရှည်ဖြင့် ကြိုးစားနေရလိမ့်မည်။ အခြေအနေ အပြောင်းအလဲ တစုံတရာ ကြုံရတတ်သည်။ ငွေကြေးစီးပွားကံ အထိုက်အလျောက် အဆင်ပြေပါလိမ့်မည်။ စကားပြန် လုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှု လုပ်ငန်း၊ ခရီးသွား လုပ်ငန်းများ၌ ပိုမို အဆင်ပြေတိုးတက်မည်။ စုံး၊ နတ်၊ သရဲ စသော အန္တရာယ်ရှိ ပုဂ္ဂိုလ်များကို စနောက်ခြင်း မပြုသင့်သော ကာလဖြစ်သည်။
သင်တန်းကောင်းများ တက်ရခြင်း၊ ပညာရေး၌ စိတ်ချမ်းသာရခြင်းများ ဖြစ်ပေါ်လိမ့်မည်။ အချစ်ရေး ကိစ္စများတွင် အပြန်အလှန် လေးစားမှုထား နားလည်မှုရှိခြင်းဖြင့် အဆင်ပြေ ပျော်ရွှင်နေရလိမ့်မည်။ ခင်ပွန်းဖြစ်သူနှင့် စိတ်သဘောကွဲလွဲခြင်း၊ စိတ်ညစ်ရခြင်းများ ကြုံတွေ့ရတတ်သည်။ ဇနီးဖြစ်သူ၏ အကျိုးကျေးဇူးကို ခံစားရလိမ့်မည်။
အထူးသဖြင့် အသက် 2, 10, 18, 26, 34, 42, 50, 58, 66, 74, 82, 90, 98, 106 နှစ်ထဲသို့ ၀င်နေသော တနင်္ဂနွေသားသမီးများသည် ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာ သတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။
ယတြာ။ ။ ထီး ဖိနပ် အစုတ်အပျက် အဟောင်းများ ရှိက စွန့်ပစ်ပါ သို့မဟုတ် ပြင်ပါ။ သရဏဂုံ ၁၁-ခေါက်ပူဇော်၍ သပြေညွှန့်များ ဘုရားတွင် ကပ်လှူပါ။
တနလာင်္သားသမီးများ အတွက်
ဘာသာရေး ကျင့်ဝတ်များ ကို ကျင့်ကြံလိုက်နာခြင်းဖြင့် အခက်အခဲများ ကြားမှ လွတ်မြောက် အဆင်ပြေ တိုးတက်ပါလိမ့်မည်။ အလုပ်အကိုင် တိုးချဲ့ခြင်း မသင့်သေးပါ။ ငွေသား ရင်းနှီးမြှုပ်နှံခြင်း သင့်ပါသည်။ သူတပါးက မိမိကို အထင်လွဲမှား စွပ်စွဲသည်ကို ဖြေရှင်းနေရ တတ်ပါသည်။ သူတပါး ခရီးစဉ်နှင့် အဖော်လိုက်ပါပေးရသော ဖြစ်ရပ်များ ကြုံတွေ့လာပြီး နောက်တွင် ပိုအဆင်ပြေ ကံကောင်းလာသည်ကို တွေ့ရမည်။
သူတပါး ထန်းသီး၊ ထန်းလျက်၊ နို့ ကျွေးလျှင် မစားပါနှင့် မတည့်ဖြစ်တတ်သည် ရှောင်ပါ။ ပညာရေးတွင် သိလွယ်တတ်လွယ်ဖြင့် စိတ်ချမ်းသာနေရလိမ့်မည်။ အချစ်ရေးတွင် ရန်ဖြစ်ပြီးနောက် ပြန်ချော့ခံရတတ်ပါသည်။ ဇနီးဖြစ်သူနှင့် ပတ်သက်၍ ပျော်ရွှင်ရတတ်သည်၊ ခင်ပွန်းဖြစ်သူနှင့် ပတ်သက်၍ စိတ်ညစ်ရခြင်း၊ ရန်ပေါ်ခြင်း ဖြစ်ကိန်းရှိပါသည်၊ နားလည်ကြင်နာ ထားအပ်ပါသည်။
အသက် 2, 3, 10,11, 18, 19, 26, 27, 34, 35, 42, 43, 50, 51, 58, 59, 66, 67, 74, 75, 82, 83, 90, 91, 98, 99, 106, 107 နှစ်ထဲ ၀င်နေသော တနလာင်္သားသမီးများသည် ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာ သတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။
ယတြာ။ ။ ဆေးဘူးကာဒ်၊ အခွံ အဟောင်းအပိုများကို စွန့်ပစ်ပါ။ ပဋ္ဌာန်း ၃-ခေါက်ပူဇော်၍ သပြေညွှန့်များ ကို ဘုရားစေတီတွင် သွားရောက်ကပ်လှူပါ။
အင်္ဂါသားသမီးများ အတွက်
အစစ သတိထား လုပ်ဆောင်သင့်သော ရက်သတ္တပတ် ဖြစ်ပါသည်။ ခရီးစဉ်ကောင်းများ ပေါ်ပေါက်ခြင်း၊ ငွေကြေး မြတ်စွန်းခြင်း၊ ပညာရေး တိုးတက်ခြင်းများ ဖြစ်ပေါ်လိမ့်မည်။ သို့ရာတွင် မိမိကိုယ်၌၏ မှားယွင်းမှုကြောင့် စိတ်ညစ်ရခြင်း ဖြစ်ကိန်းရှိပါသည်။ အရေးကြီး ကိစ္စများကို မိမိတဦးတည်း မဆုံးဖြတ်ပါနှင့်။ ကြီးကဲသူများနှင့် မိတ်ဆွေများ၏ ကူညီမစခြင်း ခံရမည်။
အချစ်ရေးရာတွင် တာဝန်သိတတ် စိတ်ထားပါ။ မိမိ ကိုယ်စောင့်နတ်မှစ၍ နတ်များကို မေတ္တာပို့သ အမျှဝေ မေတ္တာခံယူပါ။ နေထိုင်မကောင်းလျှင် မိမိသဘောဖြင့် မိမိ ဆေးဝါးများ မသုံးစွဲပဲ တတ်သိသူနှင့်ပြပါ။ အိမ်ထောင်ရေး အခြေအနေအရ ခင်ပွန်းဖြစ်သူနှင့် ပတ်သက်၍ ကံမကောင်း ဖြစ်တတ်သည်၊ ဇနီးဖြစ်သူနှင့် ပတ်သက်၍ ကံကောင်းပါလိမ့်မည်။
ယတြာ။ ။ သီလရှင်အား ဝတ္ထုငွေ ကပ်လှူပါ၊ ဘုရားတွင် သစ်သီးကပ်လှူပါ။
ဗုဒ္ဓဟူးသားသမီးများ အတွက်
ကံကောင်းနေသော်လဲ ရန်သူဥပါဒ်နှင့် တွေ့ကြုံရင်ဆိုင်ရတတ်ပါသည်။ အလုပ်တာဝန် ပိုမိုများပြားလာလိမ့်မည်။ စီးပွားရေးကံ ကောင်းပါသည်။ ပညာရေးတွင် အခါခါ လေ့လာသင်ယူနေရတတ်ပါသည်။ နေထိုင်မကောင်း ဖြစ်တတ်သော်လဲ ဆေးလိုက်၍ ကံကောင်းနိုင်ပါသည်။
နတ်များ သရဲများကို စနောက်ခြင်း စော်ကားခြင်း မပြုသင့်ပါ။ ငယ်သူများ၏ အကူအညီကို ပိုမိုရရှိလိမ့်မည်။ အချစ်ရေးတွင် စန်းပွင့် ပျော်ရွှင်ရတတ်ပါသည်။ အိမ်ထောင်ရေးတွင် ဇနီးကျန်းမာရေး ညံ့တတ်သည်မှအပ သင့်ပါသည်။
အသက် 6, 14, 22, 30, 38, 46, 54, 62, 70, 78, 86, 94, 102, 110 နှစ်ထဲ ရောက်နေကြသော စနေသားသမီးများ ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာ သတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။
ယတြာ။ ။ စေတီ တဆူဆူ၏ ဗုဒ္ဓဟူးထောင့်၌ ဂုဏ်တော် ၉-ကြိမ် ပူဇော်၍ စံပယ်ပန်း ကပ်လှူပါ။
ရာဟုသားသမီးများ အတွက်
အဆင်မပြေမှုလေးများ ကြုံတွေ့ရတတ်သေးသော်လဲ မိမိ ကံပွင့်လန်း အဆင်ပြေလာပြီ ဖြစ်သည်။ အလုပ်အသစ် ပြောင်းလဲခြင်း မသင့်ပါ။ စီးပွားရေးရာ အရ ပေးရန် ရရန် ၂-မျိုးလုံးတွင် သောက ရှိနေတတ်ပါသည်။ ပညာရေးတွင်တော့ ပိုမို ကြိုးစားလေ့လာမှ တော်ကာ ကျပါလိမ့်မည်။
ဘာသာရေး စိတ်ပါဝင်စားသော မိတ်ဆွေများ၏ အကူအညီကို ရပါလိမ့်မည်။ အချစ်ရေးရာတွင် စိတ်ဖိစီးမှုရှိမည်၊ အိမ်ထောင်ရေးတွင် ခင်ပွန်းဖြစ်သူ ကျန်းမာရေး အနဲငယ် ညံ့တတ်သည်မှအပ သင့်ပါသည်။
အသက် 2, 10, 18, 26, 34, 42, 50, 58, 66, 74, 82, 90, 98, 106 နှစ်ထဲ ၀င်နေသော ရာဟု သားသမီးများသည် ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာ သတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။
ယတြာ။ ။ စေတီ တဆူဆူ၏ ဝေယျာဝစ္စအလှူခံပုံးအတွင်း အလှူငွေ ထည့်ဝင်ပူဇော်ပါ။ ဆင်းရဲသား ဒုက္ခိတအား အလှူငွေစွန့်ကြဲပါ။
ကြာသပတေးသားသမီးများ အတွက်
သြဇာအာဏာ ထက်မြက်လာခြင်း၊ တာဝန်ပိုများလာခြင်း ဖြစ်လိမ့်မည်။ အလုပ်သစ်တော့ ပြောင်းမလုပ်သင့်သေးပါ။ ငွေကုန်ကြေးကျ ခဏခဏ ဖြစ်တတ်သည်။ ပညာရေးတွင် ကံတရားက အခြေအနေ ပေးလာလိမ့်မည်။
နတ်မြတ် နတ်ကောင်းများ၏ မစခြင်း၊ လောကီ ပညာသည်များ၏ ကူညီခြင်းကို ခံရတတ်ပါသည်။ အချစ်ရေးတွင်တော့ အကြိမ်ကြိမ် ပြဿနာတက် တတ်ပါသည်။ အိမ်ထောင်ရေးကံ အကောင်းဘက်သို့ ပြောင်းလဲလာလိမ့်မည်။ သားသမီး နှင့်ပတ်သက်၍ ဂရုပြုပါ။
အသက် 1, 8, 16, 24, 32, 40, 48, 56, 64, 72, 80, 88, 96, 104, 112 နှစ်ထဲ ရောက်နေကြသော ကြာသပတေး သားသမီးများ ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာ သတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။
ယတြာ။ ။ ပဋ္ဌာန်း ၃-ခေါက်ပူဇော်၍ စေတီတွင် ဘက်စုံအလှူငွေ ထည့်ဝင်ပါ။ ဆင်းရဲသားများအား အလှူငွေစွန့်ကြဲပါ။
သောကြာသားသမီးများ အတွက်
အခက်အခဲများ ကြုံတွေ့မည်ဖြစ်သော်လည်း ကောင်းစွာ ရင်ဆိုင်နိုင်လိမ့်မည်။ တရားနည်းလမ်းတကျ နေထိုင်လျှင် အထူးကံ ကောင်းလာပါလိမ့်မည်။ အလုပ်အကိုင် အစီးအပွား ဖြစ်ထွန်းလာပါလိမ့်မည်။ မိတ်ဆွေများ၏ အကူအညီကို မရဖြစ်တတ်သည်။ ရွှေထည် ဝင်သော် ကောင်း၏။ ငယ်သူများ၏ စော်ကား အပြစ်တင်ခြင်း ခံရတတ်သည်။
သရဲ တစ္ဆေ စုန်း နတ် တို့ကို စော်ကား စနောက်ခြင်း ရှောင်ကြဉ်ပါ။ ပညာရေးတွင် ပျော်ရွှင်ရပါမည်။ အချစ်ရေးတွင် ပျော်ရွှင်ကံကောင်း လိမ့်မည်။ အိမ်ထောင်ရေးတွင် ခင်ပွန်းဖြစ်သူနှင့် ပတ်သက်၍ စိတ်ညစ်ခြင်းဖြစ်တတ်ရသည်၊ အနဲငယ် ကံညံ့သည်ဟု ဆိုနိုင်ပါသည်။
ယတြာ။ ။ ရဟန်းသံဃာအား နဝကမ္မဝတ္ထုငွေ လှူဒါန်းပါ။ ။ ဆေးဘူးကာဒ်၊ အခွံ အဟောင်းအပိုများကို စွန့်ပစ်ပါ ထီး ဖိနပ် အစုတ်အပျက် အဟောင်းများ ရှိက စွန့်ပစ်ပါ သို့မဟုတ် ပြင်ပါ။
စနေသားသမီးများ အတွက်
လုပ်ငန်းဆောင်တာများကို အကြိမ်ကြိမ် ကြိုးစား လုပ်ဆောင်မှ အောင်မြင်လိမ့်မည်။ စိတ်ဖိစီးမှုများ ရှိစေကာမူ ပျော်ရွှင်ရပါမည်။ ငွေကြေး နစ်နာခြင်း၊ မိခင်နှင့် ပတ်သက်၍ စိတ်ညစ်ရခြင်း ဖြစ်ကိန်း ရှိသည်။ ပညာရေးတွင်တော့ ကံအားနည်း နေသည်ဖြစ်ရာ ပိုမိုကြိုးစားပါ။
သားသမီးနှင့် ပတ်သက်၍ ကံကောင်း စိတ်ချမ်းသာရမည်။ မိတ်ကောင်းဆွေကောင်း တိုးပွားမည်။ အချစ်ရေး ကိစ္စများ၌တော့ ရန်သဘော ကြုံရတတ်သည်။ အိမ်ထောင်ရေးကံ သင့်ပါသည်။
အသက် 6, 14, 22, 30, 38, 46, 54, 62, 70, 78, 86, 94, 102, 110 နှစ်ထဲ ရောက်နေကြသော စနေသားသမီးများ ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာ သတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။
ယတြာ။ ။ ဘဂဝါ ဂုဏ်တော် ၁၈-ကြိမ် ပူဇော်၍ ဘုရားတွင် ရွှေသင်္ကန်း အလှူခံပုံးထဲ ပူဇော် ထည့်ဝင်ပါ။
ဉာဏ်စွမ်း ဝီရိယစွမ်း တို့ဖြင့် အစစ အဆင်ပြေ တိုးတက်ကြပါစေ..
ဆရာကျော်ဆန်းလွင်
Post a Comment