Header Ads

ကိုယ့်ဘေးက ချစ်သူက စစ်မှန်တဲ့ ကိုယ့်ရဲ့ လက်တွဲဖေါ်လား...


ကိုယ့်ရဲ့ ဘဝအတွက် တသက်လုံး လက်တွဲသွား သင့်တဲ့ စစ်မှန်တဲ့ လက်တွဲဖော် တယောက် ဖြစ်ဖို့က အခုပြောပြမယ့် အရည်အချင်းနဲ့ စိတ်ဓာတ်လေးတွေ အရမ်းကို လိုအပ်ပါတယ် ။ ရှည်လျား ထွေပြား လွန်းလှတဲ့ ဘဝ ခရီးလမ်းမှာ လောကဓံ အကောင်းအဆိုးကို အတူတကွ မျှဝေ ခံစားဖို့ အတွက် စစ်မှန်တဲ့ လက်တွဲဖော် လိုအပ်တာ အမှန်ပါပဲ ။

ကိုယ့် ဘဝတလျှောက်လုံး အတွက် အသင့်တော်ဆုံး သူတယောက်နဲ့ လက်တွဲ ခွင့်သာ ရမယ်ဆိုရင် ဘဝလမ်းမှာ ကြုံတွေ့ရမယ့် လေပြင်း မုန်တိုင်းတွေတိုင်း အချစ်ရဲ့ ထူးခြားတဲ့ တန်ခိုးတွေကြောင့် လေညင်းလေးတွေအဖြစ် ပြောင်းသွားမှာ အသေအချာပါပဲ ။

Marry ရဲ့ ချစ်ပရိတ်သတ်တွေ ဆုပ်ကိုင်ထားတဲ့ လက်တဖက်ကရော စစ်မှန်တဲ့ လက်တဖက် ဟုတ်မဟုတ် ဒီအချက်တွေနဲ့ တိုက်ကြည့် ပါဦး ။ ကိုယ့်ရဲ့ အသွင်အပြင်ကို အပြစ် မတင်တတ်သူ ကိုယ့်ရဲ့ မှန်ကန်တဲ့ လက်တွဲဖော်က ကိုယ့်ကို ချစ်တဲ့စိတ်နဲ့ ကြည့်တာကြောင့် ကိုယ့်ရဲ့ ဘယ်လို အသွင်အပြင် ကိုမှ အပြစ်မတင်တတ်တဲ့ သူပါ ။

ကိုယ့်ကိုယ်ကို ပို ကြည့်ကောင်းစေဖို့ အကြံလေးတွေ ပေးကောင်း ပေးပါမယ်။ ကိုယ်နဲ့ အလိုက်ဖက်ဆုံး ပုံစံတွေကို သူ ရှာဖွေပေး ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ရဲ့ မူရင်းပုံစံကို မပြောင်းလဲဘူးဆိုရင်လည်း သူလက်ခံနိုင် ပါတယ် ။

ကိုယ့်ရဲ့ ဆံပင် ပုံစံ အပြောင်းအလဲ ၊ ဖက်ရှင် အပြောင်းအလဲတွေက သင်နဲ့ မလိုက်ဖက်ရင်တောင် အပြစ်တင်မှာ မဟုတ်ဘဲ ပြုံးပြီးကြည့်နေမယ့် လူမျိုးပါ ။ ကိုယ့်ရဲ့ ဝတ်စား ဆင်ယင်မှု မထော်မနန်း ဖြစ်နေရင်တောင် ကိုယ်နဲ့ အတူတူ အပြင်သွားဖို့ ဝန်မလေးတဲ့သူမျိုးပါ ။

ကိုယ့်ချစ်သူ စိတ်ဆိုးသွားမှာကို လူတိုင်းက ကြောက်တတ်ကြ ပါတယ် ။ ဒါပေမယ့် အဲ့ဒိကြောက်စိတ်က အချစ်စိတ်ကို အခြေခံ လာတဲ့ ကြောက်စိတ်မျိုးပဲ ဖြစ်ရပါမယ် ။ ရာဇဝတ်သားက ရဲကို ကြောက်သလို၊ တရားခံက ပြစ်ဒဏ်ချမယ့် တရားသူကြီးကို ကြောက်သလို ကြောက်ရွံ့မှုမျိုး ရှိနေတယ် ဆိုရင် ဒီ Relation က ရှေ့ဆက်ဖို့ မသင့်တဲ့ Relation ဖြစ်သွားပါပြီ ။

ကိုယ့်ရဲ့ ချစ်သူအပေါ် ကြောက်တဲ့ စိတ်နဲ့ အရာရာကို မသိအောင် ဖုံးကွယ်ထား ရတယ် ။ ကိုယ်က တခုခုကို လုပ်ဖို့ ဆန္ဒရှိပေမယ့် သူ့ကိုကြောက်လို့ မလုပ်ရဘူး ဆိုတာမျိုးတွေ ဖြစ်နေရင် လက်တွဲဖော် မှားနေပြီ လို့ ပြောချင်ပါတယ် ။

စစ်မှန်တဲ့ ချစ်သူနဲ့ လက်တွဲမိချိန်မှာ သူ မကြိုက်တဲ့ ကိစ္စကို ကိုယ်ကပါ မကြိုက်တော့ တာမျိုး ဖြစ်သွားသလို ကိုယ်နှစ်သက်တဲ့ ကိစ္စတွေကိုလည်း သူက တားမြစ်မှာ မဟုတ်ပါဘူး ။ နာကျင်မှု မပေးတဲ့သူ လူတစ်ယောက်ကို ချစ်မိလေလေ အဲ့ဒိလူနဲ့ ပတ်သက်တဲ့ နာကျင်မှုကို ခံစားရလေလေပါ ။

ဘာဖြစ်လို့လဲ ဆိုတော့ လူတွေဟာ ကိုယ်ချစ်ရတဲ့သူ ကိုဆို အချိန်ပြည့် အာရုံထားနေ တတ်ပြီး အဲ့လူနဲ့ ပတ်သက်တဲ့ အရာရာကို လိုက်ပြီး ခံစားနေတတ် တာကြောင့် ဖြစ်ပါတယ် ။ ဒါပေမယ့် စစ်မှန်တဲ့ လက်တွဲဖော် ကတော့ သင့်ကို နာကျင်မှုတွေ ပေးမှာ မဟုတ်ပါဘူး ။

နာကျင်မှု ဆိုတဲ့ နေရာမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ နာကျင်မှုရော ၊ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုပါ ပါဝင်ပါတယ်။ သင့်ဘဝအတွက် အကောင်းဆုံး လူသား တယောက် သင့်ကို အသား နာအောင် ဘယ်လိုမှ လုပ်မှာ မဟုတ်သလို စိတ်ဒဏ်ရာ အနာတရတွေ ဖြစ်စေနိုင်တဲ့ ဂရုမစိုက်ခြင်းတွေ ၊ နားလည်မှု မပေးခြင်းတွေ၊ လိမ်ညာခြင်းတွေ၊ စွပ်စွဲ အပြစ်တင်ခြင်းတွေ ကိုလည်း လုပ်မှာ မဟုတ်ပါဘူး။

Marry

No comments

Powered by Blogger.