မိဘရဲ့ ချွေးနဲ့ ခြေဆေးကာ ကိုယ့်ဘဝကိုယ် မစတေးမိကြပါနဲ့
ယနေ့ခေတ် မြန်မာပြည်က လူငယ် တချို့ဟာ ကိုယ့်မိဘချွေးနဲ့ ခြေဆေးပြီး ကိုယ့်ဘဝကိုယ် စတေးနေကြ သလို ဖြစ်နေတယ် ။ အထူးသဖြင့် တချို့ကျောင်းသူ ကျောင်းသားတွေ ပါပဲ ။ မိဘတွေကတော့ ကိုယ့်သားသမီးတွေ ပညာတတ်ပြီး ဘဝမှာ လူတန်းစေ့ နေနိုင်အောင် နေပူ မိုးရွာ မရှောင် ရုန်းကန် ရှာဖွေပြီး ကျောင်းထား ကြရတာ များပါတယ် ။
ဒါပေမယ့်လည်း သားသမီးတွေ ကတော့ မိဘတွေကို မငဲ့ညှာကြဘဲ အသိမဲ့စွာ အပျော်အပါးမှာပဲ နစ်မွန်းနေ ကြတယ် ။ ကျောင်းတွေ တက္ကသိုလ်တွေဟာ ယနေ့ခေတ် လူငယ်တချို့ အတွက် ပညာရှာရာ မဟုတ်ဘဲ ပျက်စီးရာ နေရာလို ဖြစ်နေပါပြီ ။
ဒကာကြီး တယောက်က လျှောက်တယ် ။ ခုခေတ် ကျောင်းသူ ကျောင်းသားတွေ မလွယ်ပါဘူး ဘုရား ၊ တက္ကသိုလ်မှာ ပညာ သင်တယ်သာ ပြောတာ ဘုရား ၊ အမျိုးမျိုး ပျက်စီးနေကြတာ ဘုရား တဲ့ ။ လိုက်ထရပ်ကားနဲ့ အကြို အပို့ လုပ်နေတဲ့ ကားသမားကို ဘယ်လောက် ပေးမယ်လို့ ပြောပြီးတော့ ပြင်ဦးလွင်ကို ပို့ခိုင်းတယ် ။ ဟိုမှာ ကဲကြတယ် ။ နောက်နေ့ မုံရွာ ပို့ခိုင်းတယ် ။ ကျောင်းမတက်ပဲ အဲလိုတွေ လုပ်နေကြတယ် ဘုရား ။
ပြီးတော့ ဟောဒီလမ်းလေး အတိုင်း ( ကားမောင်းရင်းနဲ့ ဒကာကညွှန်ပြ ) လိုက်သွားလိုက်ရင် ငှက်ပျောတော ရှိတယ် ဘုရား ။ အဲဒီမှာ ထန်းရည် ရတယ် ။ တက္ကသိုလ်ကျောင်း ပေါင်းစုံက ကျောင်းသူတွေ ကျောင်းသားတွေ ထန်းရည် လာသောက်ကြတယ် ဘုရား ။ မိန်းခလေးတွေဆို လူမှန်း သူမှန်း မသိအောင်ကို မူးနေကြတာ ။ အန်တဲ့ သူက အန်လို့ ဘုရား။
ဒီခေတ် တချို့ ကလေးတွေက ပညာရေး ကိုသာ အပြစ်တင်နေ ကြတာ ၊ ကိုယ်တိုင်ကတော့ ပျက်စီးနေကြတယ် ဘုရား ။ တခါက မိန်းခလေး တယောက် သူ့အဖေ ကတော့ ကျောင်းတက်နေတယ် ဆိုပြီး လိုအပ်တာ ထောက်ပံ့နေတယ် ဘုရား ။ သူကတော့ ကျောင်းမတက်ပဲ လျှောက်သွား ၊ အရက်သောက် ထန်းရည်သောက်နဲ့ ။ အဲလိုနဲ့ သူ မူးပြီး ( ဖင်တခြမ်း ပေါ်တဲ့ ) အိပ်နေတဲ့ ပုံကို အင်တာနက်ပေါ် တယောက်က တင်လိုက်တယ် ဘုရား ။ ဘယ်သူ တင်လိုက်မှန်း မသိဘူး ။
အဲဒီပုံကို တယောက်က share လိုက်တော့ သူ့အဖေဆီ ရောက်သွားတယ် ဘုရား ။ သူ့အဖေလည်း ရှက်ပြီးတော့ သူ့ကို ကျောင်းထုတ် လိုက်တယ်တဲ့ ။ မကြာပါဘူး ဆိုင်ကယ် ၀ပ်ရှော့က ကောင်လေးနဲ့ ခိုးရာလိုက်ပြေးသွားတယ် ဘုရား ။ အင်း ကုလား နဲ့ မဟုတ်လို့ တော်သေးတာပေါ့ ဘုရားတဲ့ ။
တကယ်တမ်းတော့ ပညာရေး စနစ်က ပျက်တာ မဟုတ်ပါဘူး ။ အကျင့် စာရိတ္တ မစောင့်ထိန်းတဲ့ မိမိတို့ ကသာ ပျက်နေ ကြတာပါ ။ ဦးဇင်းရဲ့ တပည့်မလေး တယောက်ဟာ ၁၀ တန်း အထိ အလွန် လိမ္မာ သိတတ် ပါတယ် ။
ဒါပေမယ့် တက္ကသိုလ် ဒုတိယနှစ်လည်း ရောက်ရော အပေါင်းအသင်း မှားပြီး ပျက်စီး ပါတော့တယ် ။ အဲဒီနှစ် မှာပဲ ကောင်လေးနဲ့ ထွက်ပြေးပြီး အိမ်ထောင် ကျသွားတာ အခု ဘဝကို ဆင်းဆင်း ရဲရဲ ရုန်းကန် နေရပြီး ဒုက္ခရောက်နေ ပါတယ် ။
တခြား တပည့်လေး တယောက် ကတော့ တက္ကသိုလ် ဘွဲ့ တော့ မရဘဲ အရက်အတွက် ဘဝကို ပေးဆပ်နေ ရတဲ့ လူပေ လူတေလေး ဖြစ်နေပါတယ် ။ ၁၀ တန်း မှာ ဂုဏ်ထူး ၄ ဘာသာ ပါတဲ့ နည်းပညာ တက္ကသိုလ်က တပည့် တယောက်လည်း ဂိမ်းနှိပ် ရည်စားထား အပေါင်းသင်းတွေနဲ့ သောက်စား ပျော်ပါးနေလို့ ၂ နှစ်ဆက်တိုက် ကျပြီး လမ်းဘေး ရောက်သွားပါတယ် ။
အဲဒါတွေကြောင့် ယနေ့ခေတ် ကျောင်းသား ကျောင်းသူ လူငယ်လေးတွေ မိဘချွေးနဲ့ ခြေဆေးကာ ဘဝကို မစတေးမိ ကြ ပါစေနဲ့ ။ အဲဒီလိုမျိုး မိုက်မိရင်တော့ ဒီဘဝမှာ တင်ပဲ ဒုက္ခရောက်ကြ လိမ့်မယ် လို့ သတိပေးချင်လို့ ခုလို တင်ပြလိုက်တာပါ ။
သုခဝိဟာရီ အရှင်ဓမ္မာစာရ
Post a Comment