မြန်မာ တနိုင်ငံလုံးရဲ့ ပထမဆုရှင် မသင်းမြနွေးရဲ့ ရင်တွင်းစကားလေးများ
" သမီး The Whole Burma First ဆု ရဖို့ကို မမျှော်မှန်းရဲ ခဲ့ဘူး ။ မျှော်မှန်း မထားပဲ ရခဲ့တော့ တအားလည်း အံ့အားသင့်မိ ပါတယ် ။ အရမ်းကိုလည်း ပျော်ပါတယ်။ ဘာသာစုံ ဂုဏ်ထူးတော့ ပါချင်ခဲ့ပါတယ် ။ ဒါပေမဲ့ နှစ်ဝက်စာ မေးပွဲမှာလည်း ကျောင်းမှာ အမှတ်အများဆုံး ရခဲ့တယ် ။ နှစ်ဆုံး Pre Test မှာလည်း ၅၅၃ မှတ် ရခဲ့တော့ ဖြစ်ချင်တာတော့ ရှိတယ် ။ သမီး The Whole Burma First ဖြစ်လိမ့်မယ် လို့တော့ မမျှော်လင့်ထားဘူး "
" အိပ်ချိန်ကိုတော့ တနေ့ကို အနည်းဆုံး ခြောက်နာရီ ရအောင် အိပ်ပါတယ်။ ကျောင်းက စာမေးပွဲ တွေကိုလည်း သေချာဖြေတယ်။ စာမေးပွဲကြီး မဖြေခင် ကျောင်းမှာ နောက်ဆုံးဖြေခဲ့တဲ့ စာမေးပွဲမှာလည်း အမှတ်ပေါင်း ၅၅၃ ပဲ ရခဲ့ပါတယ် ။ ဆရာမတွေ သင်တဲ့အချိန်တော့ အကုန်လုံးကို သိထားအောင် သေချာလိုက်နားထောင်တယ်။ မှတ်တယ်။ ကိုယ့်ဟာကိုယ် ပြန်လေ့ကျင့်တဲ့ အချိန်မှာတော့ အရေးကြီးဆုံးဟာတွေ၊ အဓိကကျတဲ့ ဟာတွေကို ရွေးထုတ် ပြီး သေချာပိုလေ့လာဖြစ်တယ် "
" ဒီနှစ်မှာ အင်္ဂလိပ်စာက မေးခွန်း ပုံစံတွေ အသစ်တွေ ဖြစ်လာတယ်။ Letter Essay ဆိုလည်း ပုံစံ တမျိုး ပြောင်းပီး မေးတယ် ။ Grammar တွေ ဆိုလည်း မေးခွန်းတွေ လှည့်ထားတယ် ။ ပေးထားတဲ့ ခေါင်းစဉ်တွေထဲက ကိုယ်နဲ့ ဘယ်အပုဒ်က အမှတ် ပိုရမလဲ ဆိုတာ သေချာ စဉ်းစားပြီးမှပဲ ရွေးဖြေတယ် ။ မေးခွန်း ခေါင်းစဉ်ကို သေချာ ဖတ်ပြီး အဲဒီ ခေါင်းစဉ်ရဲ့ သဘောတရား၊ သူက ဘာမေးချင်တာလဲ၊ ကိုယ် ဘာဖြေရမလဲ ဆိုတာကို သေသေချာချာ နားလည်အောင် လုပ်တယ် ။ ပြီးရင် ရေးမယ့် အချက်လေးတွေကို အကြမ်းဖျင်းမှတ်ထားပြီး အဲဒီကနေ ထပ်စဉ်းစားပြီး ရေးခဲ့တယ် "
" ဆရာ ဆရာမတွေကလည်း စာသင်တာနဲ့ တခါတည်း အမှတ်ပေး စည်းမျဉ်းကိုပါ ပြောပြပေးပါတယ် ။ ဒီအပုဒ်မှာ ဒါဖြေတာနဲ့ အမှတ် ဘယ်လောက် ပေးတယ် ၊ ဒါမပါရင် ဘယ်လောက် လျှော့တယ် ဆိုတာမျိုးကအစ သေချာပြောပြပေး ပါတယ် "
" မေမေက စာကျက်နေတဲ့ အချိန် တချိန်လုံး စောင့်ပေးပါတယ် ။ ပြန်နွှေးချင်တဲ့ စာတွေ ရှိရင် ကြည့်ပေးတယ်။ သမီးရဲ့ ကျန်းမာရေးဘက် မှာလည်း လစ်ဟာမှု မရှိအောင် အစားအသောက်က အစ သေချာ စီစဉ်ပေး ပါတယ် "
" သမီး သူငယ်တန်း ကနေ ရှစ်တန်းအထိ နှစ်စဉ် ပထမ ၊ ဒုတိယဆုတွေ ရတယ်။ လေးတန်းတုန်းက ဘက်စုံထူးချွန် ၀င်ပြိုင်တော့ ဘာသာရပ် တခုချင်း အလိုက် ဆုတွေ ရခဲ့တယ်။ ငါးတန်းကနေ ရှစ်တန်း အထိ သင်္ချာ ထူးချွန်တွေ ၀င်ပြိုင်ခဲ့ပြီးတော့ မြို့နယ် ၊ ခရိုင်၊ တိုင်း အဆင့်ဆုတွေ ရခဲ့ပါတယ် ။ ရှစ်တန်းတုန်းက မြန်မာစာ ထူးချွန် တိုင်းအဆင့် ဆု ရခဲ့ပါတယ် ။ စာစီစာကုံးပြိုင်ပွဲတွေ ၀င်ပြိုင်ပြီးတော့လည်း ဆုတွေ ရရှိခဲ့ပါတယ် "
" အခုအောင်စာရင်းလည်းထွက်ပြီးပြီ ။ တက္ကသိုလ် တခုခု ရွေးရတော့မယ် ဆိုတော့ နည်းနည်းတော့ ဇဝေဇ၀ါ ဖြစ်နေပါတယ် ။ ဆေးတက္ကသိုလ် ဒါမှမဟုတ် ရန်ကုန်နည်းပညာတက္ကသိုလ် တခုခုတက်ဖို့ စဉ်းစားထား ပါတယ် ။ ပို ၀ါသနာ ပါတာကတော့ ရန်ကုန်နည်းပညာတက္ကသိုလ်ပါ "
" လာမဲ့နှစ် ၁၀ တန်းဖြေဆိုကြမဲ့ မောင်လေး ညီမလေးတွေကို ပြောချင်တာက မေးခွန်းပုံစံတွေလည်း ပြောင်းမယ် ဆိုတော့ ကိုယ်ဖြေရမယ့် မေးခွန်း ပုံစံတွေနဲ့ အကျွမ်းတ၀င် ဖြစ်အောင်၊ သေချာ နားလည်အောင် ဆရာ ၊ ဆရာမတွေ ပြောတာကို သေချာ မှတ်သားထား ပါ ၊ ကျန်းမာရေးကို မလစ် ဟင်းအောင် အထူး ဂရုစိုက်ပါ၊ ဘာသာတရားလည်း ရိုသေ ကိုင်းရှိုင်းပါလို့ ပြောချင်ပါတယ် "
Credit
LoveShotNotes
Post a Comment