ခြေထောက်တစ်ဖက်တည်း ရှိသော်လည်း ဘ၀ကို အရှုံးမပေးတဲ့ (4) နှစ်အရွယ် သမီးငယ်လေး
ဒီသမီးငယ် လေးဟာ အသက် ၄ နှစ်နဲ့ ၂ လပဲ ရှိပါသေးတယ်။ အစ်မဖြစ်သူ ကျောင်းတက်ဖို့ သွားတော့ သူလည်း ကျောင်းတက်ဖို့ ပူဆာတဲ့အခါ သူ့အမေက ကျောင်းကို လိုက်ပို့ ရတယ်။
ကျောင်းမှာ ခဏနေပြီး ပြန်လာတော့ ကျမတို့ အိမ်မမှာ ခဏနားတယ်။ ကျမက သမီးလေးကို မုန်ဖိုး ပိုက်ဆံလေး တစ်ထောင် ပေးလိုက်တဲ့အခါ သမီးလေးက..
" အမေရေ ကျောင်းကို ပြန်သွားကြမယ်။ ဆရာမကို ဒီပိုက်ဆံ သွားပေးကြမယ်" တဲ့..
သမီးလေးရဲ့ စိတ်မှာ ပိုက်ဆံ မရှိလို့။ ဆရာမကို ပိုက်ဆံမပေးလို့ မတက်ရဘူး ဆိုပီး ထင်နေတာ။ အမှန်က သူဟာ အသက်မပြည့်လို့ ကျောင်းမတက် သေးတာပါ။ ရွာမှာ ဒီနှစ် မူကြို ဖွင့်ထားတာ ရှိတယ်။ မူကြိုမှာ အပ်ဖို့ အကြံပြု ကြည့်တော့ သမီးလေးရဲ့ အမေက..
" အိမ်သာ တက်တာတွေကအစ အခက်အခဲ ဖြစ်နိုင်တယ်။ စိတ်မချသေးတဲ့အတွက် မထားဖြစ်တာပါ"
မိဘတွေကလည်း ဆင်းရဲကြတယ်လေ။ တနေ့လုပ်မှ တနေ့စားရတဲ့ ဘဝတွေပါ။ မိခင်ကလည်း ကျန်းမာရေး သိပ်မကောင်းပါ။ သမီးလေးဟာ အရမ်းကို သွက်လက်နေတယ်။ ဘောလုံးလည်း ကန်တယ်။ အိမ်ပေါ် အတက်အဆင်းက သူများကို အားမကိုးဘူး။
သူ့အရပ်ကို တိုင်းကြည့်ချင်လို့ ထူမယ် လုပ်တော့ သူ့ဟာသူ ခြေထောက်တစ်ဘက် ထောက်ပီး ရပ်လို့ ရပါတယ်။ အသက်ငယ်ပေမယ့် မွေးရာပါ ဗီဇလို့ ပြောရမလား။ စကား အပြောအဆိုက အစ သွက်လက်ပြီး လိမ္မာ ယဉ်ကျေးမှု ရှိတယ်။ ၄ နှစ်အရွယ်လို့တောင် မထင်ရဘူး။
အိမ်နားက ကလေးတစ်ယောက်မှာ ဖိနပ်တဘက် ပျောက်သွားလို့ ကျန်တဲ့ တဘက်ကို သူ့အမေက ယူလာပြီး သူ့ကို စီးခိုင်းတော့
" အမေက လမ်းက ကောက်ရလာတာဘဲ။ သမီး မစီးချင်ဘူး။ ဒီပိုက်ဆံနဲ့ အသစ်သွားဝယ် ကြမယ်နော်" တဲ့
ကျမက ကွန်ပျူတာကို ဖွင့်ပြပြီး
" သမီး ဒါနဲ့ ဆော့မလား"လို့ မေးကြည့်တော့
" သမီးမှ မတတ်တာ"
" သင်ပေးမှာပေါ့။ စာလည်းသင်ပေးမယ်။ သမီး ဒီကို လာမှာလား။ အိမ်ကို မှတ်မိတယ် မလား။"
" မှတ်မိပါတယ်။ လာပါမယ်။ သမီးကို သင်ပေးနော်"တဲ့
ပြန်သွားတဲ့အချိန် မိုးရွာတော့ ထီးကိုသူ ဖွင့်လိုက်တယ်။ ထီးထားတဲ့ ဘက်က ကျိုင်းထောက်ကို မကိုင်ဘဲ ကျိုင်းကြားမှာ ညှပ်ပြီး ထောက်သွားတဲ့ပုံက ချီးကျူးဖို့ ကောင်းနေပြန်တယ်။ သမီးလေးက မွေးရာပါ ခြေထောက်တဘက် မရှိပေမယ့် သူ့ကိုယ်သူ ခြေထောက် တဘက်တည်း ရှိတယ်လို့ ခံယူထားပုံ မရပါဘူး။
ဒီကလေးငယ်ကို ဝိုင်းဝန်းပံ့ပိုး ကူညီပေးပြီး သူ့ အတွက် ဝန်းကျင်ကောင်း တခုကို ဖန်တီးပေးနိုင်မယ် ဆိုရင် သူ့ နာမည်က ထူးထူးနွယ်ဆိုတဲ့ အတိုင်း ထူးထူးခြားခြား ထူးထူးချွန်ချွန် ဖြစ်လာမယ့် ခလေးလို့ ယုံကြည်မိပါတယ်။
မူရင်း မကြီး
Post a Comment