ဆရာဧကရာဇ်မင်းရဲ့ ခုနှစ်ရက် သားသမီး ဟောစာတမ်း (24.6.2018) မှ (30.6.2018) ထိ
ပုထုဇဉ် ဖြစ်တဲ့ လူသားပီပီ ကိုယ်လျှောက်ရမယ့် ခရီးရှည်ကြီးဟာ ကြမ်းမလား ၊ လန်းမလား စဉ်းစားကြည့်ကြမှာပါ ၊ (အပျက်) ကိုမှု စဉ်းစားသူ မရှိသလောက် နည်းမည် ထင်ပါသည် ။ တကယ်မှာ မနက်ဖြန် ရွှေထုပ်ကြီး ရမည် ဟူသော (အဖြစ်) တရားထက်.... မနက်ဖြန် (ငွေ) ကျပျောက်မည် ဆိုသော (အပျက်) တရားက ပို၍ အရေးကြီးကြောင်း....
(တနင်္ဂနွေ) သားသမီးများအတွက် အဟော
တာဝန်ယူရသော အလုပ်တွေ ပိနေမည် ။ အတတ်ပညာ မပြည့်စုံသူများကြောင့် ပိုပင်ပန်းမည် ။ အမှားအမှန် သဲသဲကွဲကွဲမသိ တွေဝေတတ်သည် ။ လုပ်ငန်း အကြံအစည်များတွင် ဆန္ဒမစောသင့်ပါ ။ ဂုဏ်သိက္ခာဖြင့် ရင်နှီး လုပ်ကိုင်ရသူများ ဂုဏ်သိက္ခာ ကျဆင်းပြီး အလုပ်အကိုင်ကို ထိခိုက် လာတတ်ပါသည် ။ အိမ်ခြံမြေနှင့် ပက်သက်၍ ပူပန်သောက ရောက်ရတတ်သည် ။
နှေးကွေး ပျောက်ကွယ်နေသော အကြံအစည် အတွေးအခေါ်များ ပြန်လည် ရှင်သန်လာမည် ။ ငယ်ရွယ်သူများ အချစ်ကို ရသော်လည်း အမိန့်ပေး ပူဆာတတ်သဖြင့် စိတ်ညစ်နေရမည် ။ မိသားစု ၊ ဆွေမျိုးများနှင့် ပြဿနာပေါ်မည် ။ အိမ်တွင်းရေး မိမိရဲ့ ရန်သူအကြောင်းကို ပြောဆိုကြရင်း အိမ်ထောင်ဖက်နှင့် စကားများရတတ်သည် ။ သာယာမှုများ ပျောက်ကွယ်နေမည် ။
ယတြာ ။ ။ ပျက်နေသော လမ်းအား ပြုပြင်ပေးခြင်း ၊ ခရီးစရိတ် တတ်နိုင်သလောက်လှူခြင်း ပြုပါ ။
(တနလာင်္) သားသမီးများအတွက် အဟော
အတိုက်အခံ ဆန့်ကျင်ဘက်များရဲ့ ဆင်ကွက်သို့ ဝင်သွားမိတတ်၍ သတိအမြဲရှိပါ ။ မိမိ စည်းစိမ်ချမ်းသာကို ဖဲ့ချမည့်သူ အနားမှာရှိနေတတ်သည် ။ ဥပဒေနှင့် မကင်းတဲ့ လျှို့ဝှက်လုပ်ငန်း လုပ်ဆောင်သူများ အကြွေတင်ခြင်း ၊ ဆုံးရူံးနစ်နာခြင်း ၊ လုံးဝရပ်တန့်သွားခြင်းများ ကြုံတွေ့ရမည် ။ လက်ဆုပ်လက်ကိုင် ရပြီးသော ဓနဥစ္စာကို ခိုင်ခံတည်တံ့စေရန် ကြပ်မတ်ပါ ။ မြေပို မြေလျှံများ အဝင် မခံသင့်ပါ ။
ငယ်ရွယ်သူများ အချစ်ရေးမှာ သဖန်သီး စားရသလို လှသော်လည်း ပိုးများသောကြောင့် စားရခက်နေမည် ။ ပူလောင်ခါးရှသော အချစ်ကို ရနေမည် ။ အိမ်ထောင်ရှင်များ အဆင်ပြေလိုက် မပြေလိုက်နှင့် လောကဓံပြင်းထန်နေမည် ။ အခြေအနေအရ ခွေတောက်ရိုး ခါးမှန်းသိလျက် ဟန်ဆောင်ပြုံးကာ မျိုချနေရမည် ။
ယတြာ ။ ။ အမြင်မတော်သည့် အညစ်အကြေးဆိုင်ရာများကို ကုသိုလ်အဖြစ် ရှင်းလင်းပေးပါ ။
(အင်္ဂါ) သားသမီးများအတွက် အဟော
ဘဝကို ပြဇာတ် တစ်ပုဒ်လိုပဲ သူ့အပိုင်းနှင့်သူ အပိုင်းလိုက် အပိုင်းလိုက် ခွဲခြားထားပါ ။ စည်းပျက် ကမ်းပျက် ဖြစ်နေတတ်ပြီး ရသင့်ရထိုက်သည် များလည်း မရနိုင်ဘဲ မှိုင်တိုင်တိုင် နေရတတ်ပါသည် ။ ပူပေါင်းလုပ်ဆောင်ရမည့် အလုပ်များ ကောင်းကြိုး မပေးနိုင်ပါ ။ ကျန်းမာရေးကို အထူးတလည် ဂရုစိုက်သင့်သည် ၊ တာဝန်ပိပြီး လေးလံထိုင်းမှိုင်းခြင်း ၊ မျိုသိပ် သည်းခံ၍ လုပ်ကိုင်ရခြင်းမျိုးတော့ ရှိတတ်သည် ။
ငယ်ရွယ်သူများ အချစ်ရေးမှာ မင်းမရှိရင် ကိုမနေတတ်ဘူး လို့ ကိုယ့်ဘက်က ဆိုပြနေပေမယ့် သူဘက်ကတော့ တာ့တာပြနေတတ်ပါသည် ။ အိမ်ထောင်ရှင်များ ပါးစပ်က ဘုရား ဘုရား ၊ လက်က ကားရာ ကားရာ ဆိုသလို ပြောတော့ အကောင်း လုပ်တော့ အစောင်း ဖြစ်နေတတ်သည် ။ ရှုပ်ထွေးပွေလီဖြစ်မည် ။
ယတြာ ။ ။ ရေအနီးအစပ်ရှိ ဘုရားအား အဖြူရောင်ပန်းများ လှူ၍ ဆုတောင်းပါ ။
(ဗုဒ္ဓဟူး) သားသမီးများအတွက် အဟော
မြစ်ကူး ချောင်းခြားခရီး သွားလာရတတ်သည် ။ မခံချင်စရာတွေ များနေမည် ။ လုပ်ငန်းအသစ် ပြုလုပ်ရခြင်း ၊ တိုးချဲ့ ပြောင်းရွှေ့ရသော အကြောင်းကိစ္စ ပေါ်ပေါက်မည် ။ မြှပ်နေသော ငွေကြေး အရင်အနှီး ပြန်ပေါ်မည်။ လူမျိုးခြား နိုင်ငံခြာသားနှင့် ပူတွဲ ပေါင်းစပ်သောအလုပ် သတိထား လုပ်ကိုင်ပါ ။ အဝေ မတည့်မှုများ စာရင်းရှုပ်ထွေးမှုများ ကြုံမည် ။
ကတိစကား တည်ကြည် မှန်ကန်မှုကြောင့် တုံ့ပြန်ကျေးဇူးများ ခံစားရမည် ။ ငယ်ရွယ်သူများ အချစ်ရေးမှာ အိမ်ထောင်ကွဲနေသူ အသက်ကြီးသူတို့နှင့် ချစ်နေမိမည် ။ တည်ငြိမ်အေးချမ်းသော အချစ်ဖြစ်ပေမယ့် စိုးရိမ်ကြောင့်ကြနေရမည် ။ အိမ်ထောင်ရှင်များ ရုတ်တရက် စကားပြောမှား၍ ရန်ဖြစ် ငြင်းခုံးရမည် ။ အထင်လွဲ သံသယရှိမှုများ ကြုံတွေ့ရမည် ။
ယတြာ ။ ။ ဓမ္မာရုံတွင် ဖျာလှူပါ ။
(ကြာသပတေး) သားသမီးများအတွက် အဟော
မိမိ လုပ်နေကျ ပုံမှန် ဆက်လုပ်နေခြင်းက ပိုကောင်းပါတယ် ။ အပျော်အပါး အသုံးအဖြုန်းကြောင့် စီးပွားရေးတွင် ထိခိုက်မှုအနည်းငယ်ရှိမည် ။ အချောင်သမားများ ၊ သားပေါင်းညာစား သမားများ ဝိုင်ဝိုင်လည် နေမည် ။ အနည်းငယ်သော လုပ်ငန်းအချို့ ရပ်ဆိုင်သွားသည်မှအပ ပင်မလုပ်ငန်းကို ထိခိုက်ဖွယ် မရှိပါ ။
ဆိုင်ကယ် ၊ ကား ဝယ်လျှင် စိတ်တိုင်းကျ မဖြစ်နိုင်ပါ ။ ငယ်ရွယ်သူများ စိတ်မလေအောင် ထိန်းပါ ။ အချစ်ရေး စန်းထနေမည် ။ အိမ်ထောင်ရှင်များ စာရိတ္တ သီလခေါ် သူ့အပေါ် ပြုနေကျ ဝတ္တရားကို မပျက်ပါနှင့် ၊ အကြင်နာ လက်ဆောင်ကောင်းများ ဆက်တိုက် ဝင်လာလိမ့်မည် ။
ယတြာ ။ ။ အုန်းဆွမ်း ကပ်လှူပါ ။
(သောကြာ) သားသမီးများအတွက် အဟော
သတိတစ်ချက် လွတ်လို့ အတွေးတစ်ကွက် မှားရုံနှင့် အကြွေးများ သွားတတ်သည် ။ ပါးစပ် အရင်းအနှီးဖြင့် လုပ်ကိုင်သူများ အဆင်ပြေမည် ။ ပညာအသစ်အဆန်း ၊ ကြံရည်ဖန်ရည် အသစ်အဆန်းများ အမှတ်မထင် တွေ့ရလျက် အကျိုးရှိမည် ။ မမျှော်လင့်ဘဲ စက်ပစ္စည်း ဝင်လာတတ်သော်လည်း စိတ်တိုင်းမကျသောကြောင့် ပြန်ထုတ်ဖြစ်မည် ။
အိမ်တွင်း သူခိုးနှင့် လုပ်ငန်းခွင် သူခိုး ဂရုပြုပါ ။ မတည့်သော အစားအသောက်များ သတိထား ရှောင်လိုက်ပါ ။ ငယ်ရွယ်သူများ ချစ်သူနှင့် ပျော်ရွှင်စွာ လည်ပတ်ခွင့်ရမည် ။ ရောက်ရာအရပ်တွင် ချစ်သူရည်စား ရလိမ့်မည် ။ အိမ်ထောင်ရှင်များ စစ်မှန်သော အချစ်ကို ရရှိ၍ ပျော်ရွှင်နေမည် ။ အိမ်ထောင်ဖက်၏ အလုပ်ကောင်း ရာထူးတက်မှု ကြုံမည် ။
ယတြာ ။ ။ လိမ်းဆေးနှင့် ရှုဆေးများကို မိနှစ်ပါး (သို့) အသက်ကြီးသူ တို့အား လှူ၍ ဆုတောင်းပါ ။
(စနေ) သားသမီးများအတွက် အဟော
ဘယ်အရာမဆို စိတ်ဝင်စားမှု ယခင်ထက် အားကောင်းနေမည် ။ သူများနှင့် ပေါင်းရမည့် အလုပ်ဆို ရှောင်ကို ရှောင်ပါ ။ နိုင်ငံခြားခရီး စီစဉ်နေပါက လွယ်လင့်တကူ အဆင်ပြေသွားမည် ။ အကြောင်း အမျိုးမျိုးကြောင့် မိမိ ဇွဲ ၊ လုံ့လများ ကျဆင်းနေမည် ။ မိမိ ရည်မှန်းချက်တွေကို စွန့်လွတ်ရတော့ မလိုလို ဖြစ်လာတတ်ပါသည် ။
မိမိ ကိုယ်တိုင်လည်း ငါ လုပ်မှ လုပ်ဖြစ်ပါ့မလားလို့ တွေးတော ပူပန်နေမည် ။ ငယ်ရွယ်သူများ ချစ်သူနှင့် အိမ်ထောင်ပြုချင်စိတ် ပြင်းပြနေတတ်သည် ။ အချစ်ထက် အခွင့်ရေး ယူလိုစိတ်က များနေမည် ။ အိမ်ထောင်ရှင်များ မောင်အရင်လို မဟုတ်တော့ပါဘူးလို့ တဖွဖွ ပြောနေရလိမ့်မည် ။ ကျောက်ခဲကို ပါးစပ်ထဲ ထည့်ဝါးရသလို ဖြစ်နေမည် ။
ယတြာ ။ ။ ဘုန်းကြီးကိုင် ယပ်တောင်(၃) လက် ဝယ်လှူလိုက်ပါ ။
✡✡✡✡✡✡✡✡✡✡✡
မိမိတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းများကို ဖတ်ရှုစေချင်ရင်(like and share) လုပ်ပေးခြင်းဖြင့် ကူညီပါ မျှဝေပေးကြပါခင်ဗျာ ။ 👍
သင်တို့၏ အကျိုးကိုလိုလားသော..
🔯ဆရာဧကရာဇ်မင်း🔯 (တဲရော့ ၊ ဗေဒ ၊ လက္ခဏာ)

Post a Comment