Header Ads

ကမ္ဘာ့ဖလား 16 သင်းအဆင့်မှာ တွေ့ဆုံမယ့် ရော်နယ်ဒိုရဲ့ ပေါ်တူဂီနဲ့ ဥရုဂွေး


A နဲ့ B အုပ်စုတွေရဲ့ နောက်ဆုံး ပွဲစဉ်တွေ ကစားလို့ အပြီးမှာ ၁၆ သင်း အဆင့်မှာ တွေ့ဆုံရမယ့် အသင်းတွေ အဖြေထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ အုပ်စု A ရဲ့ ပထမအသင်းကတော့ ဥရုဂွေးဖြစ်ကာ အိမ်ရှင်ရုရှားကတော့ အုပ်စုဒုတိယ ဖြစ်ပါတယ်။


အုပ်စု A ရဲ့ ပွဲစဉ်များကို မြန်မာစံတော်ချိန် ည ၈ နာရီခွဲမှာ ကစားခဲ့ကြကာ အာရှအသင်း တစ်သင်းဖြစ်တဲ့ ဆော်ဒီအာရေဗျက အီဂျစ်ကို ပင်နယ်တီဂိုး အပါအ၀င် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ နာမည်ကြီးကစားသမားတွေ ပါဝင်တဲ့ ဥရုဂွေးကလည်း အိမ်ရှင်ရုရှားကို ၃ ဂိုး ၀ နဲ့ ဂိုးပြတ် အနိုင်ယူခဲ့ကာ အုပ်စု ပထမနေရာကို ရယူခဲ့ပါတယ်။

အုပ်စု B ပွဲစဉ်တွေကို မြန်မာ စံတော်ချိန် ည၁၂ နာရီခွဲမှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး နာမည်ကြီးစပိန်အသင်းက မော်ရိုကို အသင်းနဲ့ ၂ ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းကလည်း အာရှထိပ်သီး အီရန်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ အနိုင်ရခဲ့ရင် အိမ်ရှင်ရုရှားနဲ့ တွေ့မှာ ဖြစ်ပေမယ့် ရော်နယ်ဒို ပင်နယ်တီ ၀င်အောင်မကန်နိုင်ပဲ ပွဲပြီးခါနီးမှ ပေးလိုက်ရတဲ့ ပင်နယ်တီကြောင့် အုပ်စုဒုတိယနေရာ ရခဲ့တာပဲ ဖြစ်ပါတယ်။


နာမည်ကြီး စပိန်အသင်းကလည်း မော်ရိုကိုအသင်းကို နောက်ကနေ လိုက်ကစားခဲ့ရကာ အီယာဂိုအက်စ်ပတ်စ်ရဲ့ နောက်ကျ သွင်းဂိုးကြောင့်သာ အုပ်စုပထမနေရာ ရခဲ့တာ ဖြစ်ပါတယ်။

အုပ်စု B ရဲ့ နောက်ဆုံး ပွဲစဉ်တွေဟာ နောက်ဆုံးမိနစ်၊ နောက်ဆုံး စက္ကန့်အထိ အသက်ဝင်ခဲ့ကာ အလှည့်အပြောင်းအလဲ များခဲ့တာ ဖြစ်ပါတယ်။ နာမည်ကြီး စပိန်အသင်းကတော့ ကာဗာနီ ဆွာရက်ဇ်တို့ ပါဝင်နေတဲ့ ဥရုဂွေး အသင်းကို ရှောင်ရှားနိုင်ခဲ့ပြီး အိမ်ရှင်ရုရှားအသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။


ပေါ်တူဂီအသင်းကတော့ အသင်းကောင်း တစ်သင်းဖြစ်တဲ့ ဥရုဂွေးကို အနိုင်ကန်နိုင်မှသာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခွင့် ရတော့မှာလည်း ဖြစ်လို့ ပိုမိုခက်ခဲတဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာလည်း ပင်နယ်တီ မဝင်ခဲ့တဲ့အတွက် ကမ္ဘာ့ဖလား သွင်းဂိုးအများဆုံး ဖြစ်နေတဲ့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းကို လိုက်မီနိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။

photos from internet

No comments

Powered by Blogger.