လူပြိုကြီး ဖြစ်ရခြင်း အကြောင်းတရားများ...
ကျွန်တော် မိန်းမ ယူချင်နေတာ တော်တော့ကို ကြာနေပြီ ။ စိတ်ကြိုက်ဖြစ်မယ့် မိန်းမတစ်ယောက်ကို တွေ့တာနဲ့ ကောက်ယူလိုက်မယ် လို့ ဆုံးဖြတ်ထားတယ် ။
ကျွန်တော်ယူမဲ့ မိန်းမဟာ လူတကာကို ဆွဲဆောင်နိုင်တဲ့ အလှဘုရင်မ ဖြစ်စရာ မလိုဘူး ။ ကိုယ်လုံး သေးသေး သွယ်သွယ်နဲ့ ချစ်စရာ မျက်နှာ ရှိရင် ရပြီ ။ ကျွန်တော် ရယ်စရာတွေ ပြောရင် လိုက်ရယ်တတ် ရမယ် ။ ကျွန်တော် တခါတလေ ထွေပြီး ပြန်လာရင် ပြုံးပြုံးလေးနဲ့ ကြိုတတ်ရမယ် ။
ကျွန်တော်ယူမဲ့ မိန်းမရဲ့အိမ် ဘယ်လိုပုံစံ ရှိသလဲ စိတ်မဝင်စားဘူး ။ အိမ် ကျယ်ရင် ပြီးရော ။ မင်္ဂလာဆောင်ရင် ကုန်ကျစရိတ်ကို တစ်ဝက်စီ ခံရမယ် ။ ကျွန်တော်ယူမဲ့ မိန်းမက တစ်ဝက် ၊ သူ့ မိဘတွေက တစ်ဝက် ။
အသွင် မတူရင် အိမ်သူ မဖြစ်ဘူး ဆိုတာ ကျွန်တော် နားလည်တယ် ။ ဒါကြောင့် လက်ထပ်ပြီးရင် စိတ်တူ ကိုယ်တူ ဖြစ်အောင် ညှိမယ် ။ ဆိုကြပါစို့ ။ ရုပ်ရှင်ရုံမှာ ရွှေမှုံရတီရဲ့ ကားသစ် ထွက်လို့ သွားကြည့်ဖို့ သူမကို ကျွန်တော်က ပြောမယ် ။ ရွှေမှုံရတီကို သူမ မကြိုက်ဘူး ။ ဒါကြောင့် မလိုက်ချင်ဘူးလို့ သူမ ငြင်းတယ် ။ အဲဒီလိုဆို နှစ်ယောက်စလုံး မသွားတော့ဘူး ။ TV က လာတဲ့ တရုတ်ကားပဲ ကြည့်ကြမယ် ။
သူမရဲ့ ကျန်းမာရေးကို ကျွန်တော် ဂရုစိုက်မယ် ။ ချိုလွန်းတဲ့ အစားအစာ ဥပမာ ... ဈေးကြီးတဲ့ ချောကလက်ကို သူမ လုံးဝ လက်နဲ့တောင် မထိစေရဘူး ။ ကျွန်တော်ပဲ စားမယ် ။ ဘေးဖြစ်စေတဲ့ အရက်နှင့် ဘီယာ သူမကို ဘေးအဖြစ်မခံဘူး ။ ကျွန်တော်ပဲ သောက်သုံးပေးမယ် ။
ထမင်းဟင်းကို သူဘယ်လို ချက်ချက် ကျွန်တော့်အတွက် အရေးမကြီးဘူး ။ အရသာရှိရင် တော်ပြီ ။ မြန်မာဟင်းလျာချည်းပဲ ချက်စရာမလိုဘူး ။ ဒီနေ့ မြန်မာ အစားအစာ မနက်ဖြန် တရုတ်စာ သန်ဘက်ခါ ကိုရီးယားစာ စသည်ဖြင့် ပြောင်းလဲ ချက်ချင်သလား ရတယ် ။ ဒီကိစ္စမှာ သူမကို လုံးဝ လွတ်လပ်ခွင့် ပေးထားမယ် ။
အဝတ် လျှော်ရမယ် မီးပူ တိုက်ရမယ်လို့ သူမကို ကျွန်တော် မပြောဘူး ။ ဒါပေမဲ့ ကျွန်တော် ဝတ်တဲ့ အဝတ်အစားဟာ အမြဲတမ်း သန့်ရှင်း သပ်ရပ်နေ ရမယ်။
အိမ်ခန်းကို လှဲကျင်းဖို့ သူမကို ကျွန်တော် မတိုက်တွန်းဘူး ။ အိမ်ရှင်မကောင်း တစ်ယောက်ဆို သူမရဲ့ အသိစိတ်နဲ့ သူမ လုပ်လိမ့်မယ် ။ အဲ အိမ်ရှင်မကောင်း မဟုတ်ဘူး ဆိုရင်တော့ အိမ်ခန်း သန့်ရှင်းရေးက သူမရဲ့ အမေ တာဝန်ယူပါစေ ။
လှဲကျင်း ချက်ပြုတ် လျှော်ဖွပ်ရလို့ ပင်ပန်းလာပြီလား ။ အဲဒါဆိုရင် မိန်းမကို ခဏ နားခိုင်းမယ် ။ အမောပြေပြီဆိုမှ ကျန်နေတဲ့ ပန်းကန် ခွက်ယောက်တွေကို ဆေးခိုင်းမယ် ။
ဈေးကိုတော့ အတူသွားမယ် ။ အသွားမှာ ဈေးခြင်းတောင်းကို ကျွန်တော်ကိုင်မယ် ။ အပြန်မှာ သူမ ဆွဲပေါ့။ ကျွန်တော့် သဘောထားနဲ့ တိုက်ဆိုင်တာ မှန်သမျှ သူမ ပြောတာကို နားထောင်မယ် ။
သူမရဲ့ အသက်အန္တရာယ် ထိခိုက်မှာ စိုးလို့ သူမ ဘယ်ကိုပဲ သွားသွား လက်ဝတ်ရတနာတွေ မဝတ်ရဘူး။ ပိုက်ဆံတစ်ပြားမှ ထည့်မပေးဘူး။ လူဆိုး သူခိုးတွေက ပေါတယ် မဟုတ်လား ။
ကျွန်တော့်အမိန့် ကို နာခံရမယ်လို့ ကျွန်တော် ဘယ်တော့မှ မပြောဘူး ။ ကျွန်တော့် ဆန္ဒကို ဖြည့်ဆည်းပေးရင် တော်ပြီ။ အဲ မဖြည့်ဆည်းနိုင်ဘူး ဆိုရင်လား ဒါဆို နောက်ယောက်ျား ရှာပစေပေါ့ ။ မဟုတ်ဘူးလား ။ လုံးဝ လွတ်လပ်ခွင့် ပေးထားပါတယ် ။
အင်း ....
ဘာလိုလိုနဲ့ ကျွန်တော်ကြင်ယာ ရှာနေတာ နှစ်တွေတောင် အတော် ကြာသွားပါပကောဗျာ ။
Maung Maung
Post a Comment