Header Ads

💘 အိမ်ထောင်ရေးနဲ့ အနိုင်အရှုံး 💘


တခါတုန်းက ကျွန်မယောက်ျားဖက်က ဆွေမျိုးတော်စပ်သူ တစ်ယောက်က ကျွန်မကို " ငါတို့မောင်ကို သိပ်မနိုင်ပါနဲ့အေ "လို့ ပြောဖူးတယ်။ ကျွန်မက ရယ်ရုံပဲ နေလိုက်ပြီး မနိုင်ရပါဘူး အစ်မရယ် လို့ပဲ တိုတိုပြန်တုန့်ပြန် လိုက်တယ်။ သူက တောသူ အပျိုကြီး ဆိုတော့ ရှည်ရှည် ဝေးဝေးရှင်းပြလဲ နားလည်ချင်မှ လည်မှာလေ။

ဒီအကြောင်းနဲ့ ဆက်စပ်ပြီး တွေးမိတာက ကျွန်မတို့ မြန်မာတွေမှာ အရိုးစွဲနေတဲ့ Culture အကြောင်းပေါ့။ လင်ယောက်ျားဆိုရင် ငွေရှာပေးရင် ၊မသောက်မစား ၊မဖောက်မပြားနေရင်ပဲ တော်လှပြီ လို့ မှတ်ထားကြတယ်။ အဲဒီထက် ထူးခြားပြီး မိန်းမကို ထမင်းချက် ကျွေးတယ်တို့၊ ကလေး ကူထိန်းပေးတယ် တို့ ကြားရရင် "ဟယ် ဒီမိန်းမ လင်နိုင်လိုက်တာ" တဲ့။

ကျွန်မအတွက်ကတော့ ဒါ ဘာဆန်းလဲဟဲ့ လို့ ပြန်မေးချင်တာ။ နှစ်ဖက်မိဘ အထောက်အပံ့မပါပဲ ကိုယ့်မင်္ဂလာဆောင် ကိုယ်ဆောင်ပြီး ကိုယ့်အိမ်ထောင် ကိုယ်ပြု လင်တစ်ကျပ် မယားတစ်ကျပ် တန်းတူရှာတဲ့ အိမ်ထောင်ရေးမှာ မိန်းမက ကိုးလကိုယ်ဝန်ဆောင်လို့ ယောက်ျားက တစ်လလောက် အနှီး ကူလျှော်ပေးရတာ အနိုင်အရှုံး မဟုတ်ဘူး။


မိန်းမက ထမင်းချက်ကျွေးလို့ ယောက်ျားက ပန်းကန်ဆေးတာ အနိုင်အရှုံး မဟုတ်ဘူး။ မိန်းမက အဝတ်လျှော်လို့ ယောက်ျားက မီးပူတိုက်တာ အနိုင်အရှုံး မဟုတ်ဘူး။ မိန်းမက ကလေးတစ်ဖက် ရှိနေပေမယ့် လင်ယောက်ျားရဲ့ ဝင်ငွေအပြင် အပိုလေး ရပါစေတော့ ဆိုပြီး အိမ်နေရင်းငွေ ထပ်ရှာပေးလို့ ယောက်ျားက အလုပ်ကပြန်ချိန် ကလေး ကူထိန်းတာဟာ အနိုင်အရှုံး မဟုတ်ဘူး။


မိန်းမဖက်ကလဲ အပါးမခို အချောင်မခိုပဲ အိမ်ထောင့် တာဝန်ကို အိမ်ရှင်မနေရာ၊ မိခင်နေရာကအပြင် ခေတ်သစ် မိန်းမတစ်ယောက်လို တာဝန်ကျေမှတော့ ယောက်ျားဖက်ကလဲ တွက်ကပ်စရာ မရှိဘူးလို့ ကျွန်မမြင်တာပဲ။

ဒါဟာ ချစ်ခြင်းမေတ္တာပါ။ အပြန်အလှန် နားလည်မှုပါ။ အတုံ့အလှည့် ပေးဆပ်မှုပါ။ စိတ်ဓါတ် အဆင့်အတန်း မြင့်မားတဲ့ ယောက်ျားသားတွေရဲ့ အပြုအမူပါ။ တကယ်ဆို ကိုယ့်ဆွေမျိုး မောင်လေးတစ်ယောက် ဒီလိုရည်မွန်တာကို ဂုဏ်ယူရမှာပါ။ ကျွန်မကတော့ ကျွန်မမွေးတဲ့ သားလေးတွေက အဲဒီ့လို တရားမျှတပြီး စာနာ တတ်သူတွေများ ဖြစ်ရင် သိပ်ဂုဏ်ယူမိမှာပဲ။


တစ်ခုတော့ ရှိတာပေါ့။ သူ့မိန်းမကလဲ ဒိုးတူပေါင်ဖက် လုပ်ကိုင် စားသောက်ပြီး တာဝန်ကျေသူ ဖြစ်ဖို့လိုတာပေါ့။ အိမ်ထောင်ရေးဟာ ဘက်မျှမှ အဆင်ပြေတာလေ။ ယောက်ျားသားမို့၊ မိန်းမသားမို့ ဆိုတဲ့စိတ်နဲ့ ဘယ်သူမှ အခွင့်ထူး ပိုခံနေလို့ မဖြစ်ဘူး။ ကျွန်မတို့ လင်မယားမှာ အနိုင်အရှုံး မရှိဘူး။ အားလုံး မျှမျှတတပဲ။


ကျွန်မရဲ့ ဒီအယူအဆကို ကျွန်မယောက်ျားက လက်ခံနေသေးသရွေ့တော့ ကျွန်မက ကံကောင်းနေသေး ရုံပါပဲ။ ဒီထက်မပိုဘူး။ ဒါကို ယောက်ျားကိုနိုင်လေခြင်း လို့ထင်ရင်၊ ထင်တဲ့သူ ကိုယ်တိုင်ကိုက မိန်းမသား ဖြစ်နေရင်တော့ ကျွန်မဆုတောင်းတယ်။

သူအိမ်ထောင်ပြုတဲ့အခါ

"မင်းကံကောင်းပါဇေးးးး "လို့။

Credit : Win Eunice

No comments

Powered by Blogger.