Header Ads

ချစ်သူနဲ့ Best Friend ကြား ဗျာမများစေဖို့


"Best Friend" ဆိုတာ ဘယ်လောက်ပဲ ခင်ခင် ချစ်သူရည်းစား ရှိလာပြီ ဆိုရင်တော့ အကန့်လေးတွေ ထားပြီး ဆင်ခြင်စရာရှိ ဆင်ခြင်သင့်တဲ့ အထဲမှာ ပါတယ်။ အထူးသဖြင့် ယောက်ျားလေးနဲ့ မိန်းကလေး best friend ပေါ့။ အရင်က ဘယ်လောက်ပဲ ခင်ခင် ဘယ်လိုပဲ ပတ်သက်ခဲ့ဖူးပါစေ။ ချစ်သူရည်းစား ရှိလာပြီ ဆိုရင် ဆင်ခြင်လိုက်တာ အကောင်းဆုံးပဲ။

တချို့လူတွေ ရှိတယ်။ ငါနဲ့သူ ဒီလောက် ခင်တာ သူ့ချစ်သူက နောက်မှ ရောက်လာတဲ့သူပဲ ဆိုပြီး နေရာတကာ ၀င်စွက်ဖက် နေတတ်တယ်။ နေရာတိုင်း ငါ သူ့ချစ်သူထက် ပိုသိတာပေါ့ ဆိုတဲ့ အထာမျိုး လုပ်တတ်ကြတယ်။ ကျတော်ထင်တယ် ဒါမျိုးက ကိုယ့်သူငယ်ချင်းရဲ့ ချစ်သူက အားနာလို့ဖြစ်စေ မကောင်းတတ်လို့ဖြစ်စေ နားလည်မှု ရှိလို့ပဲဖြစ်စေ ဘာမှမပြောဘူး ဆိုတိုင်း သူခွင့်ပြုထားတာပဲ ဆိုပြီး မလုပ်သင့်ဘူးဗျ။

ခင်တာက ခင်လို့ရတယ်။ လူပဲ အပေါင်းအသင်း ရှိရမှာပေါ့။ "လူဆိုတာ တစ်ဦးတစ်ယောက်တည်း မနေကောင်းဘူး" တဲ့။ မိတ်ဆွေ အပေါင်းအသင်း ယုံကြည်ရတဲ့သူ best friend စသဖြင့် ရှိကို ရှိရမှာပဲ။ ချစ်သူတစ်ယောက် အနေနဲ့ ကိုယ့်ချစ်သူအပေါ် ဒါကို မချုပ်ချယ်သင့်သလို ဘယ်သူနဲ့ မပေါင်းရဘူး ဘယ်သူနဲ့တော့ စကားမပြောပါနဲ့ ဆိုပြီး မပိတ်ပင်သင့်ပါဘူး။ ဒါပေမယ့် အတွဲ တော်တော်များများမှာ ပြဿနာ ဖြစ်လိုက်တိုင်း ယောက်ျားလေးနဲ့ မိန်းကလေး best friend ကြောင့်ခပ်များများပဲ။


ပြောရရင် ကျတော်လည်း မိန်းကလေး သူငယ်ချင်းတွေ ရှိခဲ့တယ်။ ခင်တာလည်း တော်တော် ခင်တယ်။ အုပ်စုလိုက် တတွဲတွဲပဲ ဒါပေမယ့် ဒါက ကိုယ်ရော သူတို့ပါ ချစ်သူရည်းစား မရှိသေးတဲ့ အချိန်မျိုး။ နောက်တော့ သူတို့ ချစ်ရသူနဲ့ တွေ့ကြတယ်။ "ဒါငါ့ချစ်သူပါ" ဆိုပြီး မိတ်ဆက်ပေးတဲ့ အချိန်ကစလို့ ကိုယ်နဲ့သူတို့ စည်းတစ်ခု ခြားသွားပြီ။ ဘယ်လောက်ပဲ ရိုးသားတယ် ပြောပြော အရင်ကလို အားယားတိုင်း မလိုအပ်ပဲ ဖုန်းမဆက်တော့သလို စနောက်တာပါ လျှော့လိုက်တယ်။ တစ်နေရာရာ သွားလည်ကြတယ်။ သူတို့ချစ်သူ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကိုယ့်ဖက်က သတိထားပြီး ဆင်ခြင်လိုက်တယ်။


ဒါစည်းတစ်ခုပဲ အထူးသဖြင့် သူတို့ချစ်သူရှေ့မှာ သိပ်ရင်းနှီးတဲ့ ပုံမျိုး လုံးဝ မလုပ်ပြဘူး။ ဘယ်လောက်ခင်တယ်ပြောပြော ကိုယ့်ချစ်သူက ကိုယ့်ထက် သူများနဲ့ ပိုရင်းနှီးနေတာကို ဘာမှ မပြောကြရင်တောင် စိတ်ထဲတော့ ဘယ်ပျော်ပါ့မလဲ။ သူများချစ်သူကို "သူက ဒါလေးတွေ ကြိုက်တတ်တယ်ဗျ။ မင်းသိအောင် ပြောပြတာပါ" ဘာညာနဲ့ မပြောဘူး။ ဘာလို့ဆို ချစ်သူထက် ပိုသိပြနေတာက ဘယ်လောက် ခံရခက်လဲ ဆိုတာ ကိုယ်ချင်းစာလို့။ ကိုယ့်ကွယ်ရာမှာ ကိုယ့်ကြောင့် ဆိုပြီ သူတို့အချင်းချင်း စကားများ ရန်ဖြစ်နေရမှာမျိုးကို မလိုလားဘူး။ အခင်အမင် မပျက်ပါဘူး ဒါပေမယ့် စိမ်းသွားတယ်။

တချို့ကတော့ ပြောမှာပဲ သူငယ်ချင်းက သူငယ်ချင်း ရည်းစားက ရည်းစား သူငယ်ချင်းနဲ့ ချစ်သူဆို သူငယ်ချင်းပဲ ရွေးမှာပေါ့။ ဘာညာနဲ့ ပြောစမှတ် ရှိကြတာပဲ။ ဟုတ်ပါတယ် ဒါပေမယ့် ဘ၀တွေ လက်တွဲကြတဲ့ အခါမှာတော့ သူငယ်ချင်းက သူငယ်ချင်း အကန့်နဲ့ ကျန်ခဲ့ရမှာပဲ။ ဒါလည်း အမှန်တရားတစ်ခုပဲ ဟုတ်တယ်ဟုတ်.... နေရာတိုင်းမှာ အကန့်ထားပြီး ခင်မင်ရင် ပြဿနာ မရှိပါဘူး။


ဒီလိုတွေပြောလို့ best friend ကြားသွေးခွဲတယ် ဘာညာ ပြောတဲ့သူလည်း ရှိမှာပဲ။ ကျတော့်ကို ဆဲတဲ့သူလည်း ရှိမှာပဲ။ တချို့စကားတွေက ချစ်သူနဲ့ ဆိုတာထက် သူငယ်ချင်းတွေနဲ့ပဲ ပြောပြ တိုင်ပင်လို့ ကောင်းတယ် ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် အဲဒီလူက မိန်းကလေးဆို မိန်းကလေး အချင်းချင်းပေါ့။ ကိုယ့်ချစ်သူ ကောင်လေးကို ကျော်ပြီး တခြားယောက်ျားလေး သူငယ်ချင်းကို ရင်သွားဖွင့်တာမျိုး မဖြစ်သင့်သလို ယောက်ျားလေး ဆိုရင်လည်း ကိုယ့်ကောင်မလေးကို ကျော်ပြီး မိန်းကလေး သူငယ်ချင်းကို လိုအပ်တာထက် ပိုပြီးမပြောသင့်ဘူး။


တချို့ကျ ကိုယ့်ချစ်သူကို ပိုင်စိုးပိုင်နင်း လုပ်နေတဲ့ သူငယ်ချင်းတွေကို မကြိုက်ဘူး ဆိုပြီး ပေါ်တင် ပြောတတ်ကြတယ်။ ဒီတော့ ပြဿနာတွေ ဖြစ်ကြတယ်။ ရည်းစားရလို့ အချိုးပြောင်းတယ်။ သူ့ရည်းစားကိုကြည့်လို့ကို မရဘူး ဘာညာနဲ့ ဖြစ်ကုန်ရော။ အဲအချိန် ကိုယ့်ချစ်သူပဲ နစ်နာတယ်။ သူငယ်ချင်းနဲ့ ချစ်သူကြား စိတ်ပင်ပန်းရတယ်။ ဒီနေရာမှာ တကယ်ချစ်တဲ့ သူကတော့ ကိုယ့်ချစ်သူ မျက်နှာပျက်ရမယ့် ကိစ္စမျိုးကို ရှောင်ကြတာချည်းပဲ။ " အော် သူ့သူငယ်ချင်းပဲလေ" ဆိုပြီး နားလည်မှုနဲ့ပေါ့။

ဒါပေမယ့် အဲဒီ အတွဲကြားမှာတော့ မကြာခဏ တကျက်ကျက်ပါပဲ။ ဖြစ်သင့်တာက ကိုယ့်သူငယ်ချင်းမှာ ချစ်သူရည်းစား ရှိလာပြီ ဆိုရင် ကိုယ်က ယောက်ျားလေးဆို ယောက်ျားလေးတစ်ယောက်လို တည်တည်သန့်သန့်နေပါ။ တခြားလူတစ်ယောက် ပိုင်သွားတဲ့ ကိုယ့်မိန်းကလေး သူငယ်ချင်းအပေါ် သိပ်မရောပါနဲ့။ မိန်းကလေး ဆိုရင်လည်း ကောင်မလေး ရှိနေတဲ့ ကိုယ့်ယောက်ျားလေး သူငယ်ချင်းအပေါ် သိပ်မရောပါနဲ့။ အကန့်လေးတွေ ကိုယ်စီထားပြီး ခင်မင်ကြရင် နှစ်ဖက်လုံးအတွက် ကောင်းမွန်တဲ့ ဆက်ဆံရေးကို ရမှာပါ။


"why so serious?" လို့ မေးမလို့လား... ခင်ဗျားတို့ ကြာကူလီတို့ စနိုက်ကြော်တို့ ကြားဖူးတယ်ဟုတ်။ ဒီလိုပဲ အခြေအနေ အမျိုးမျိုးကနေ ဖြစ်သွားကြတာ ချည်းပဲ။ အဲလို မဟုတ်ရင်တောင် ယုံကြည်မှုတွေ ပျက်ပြားလာပြီး စိတ်ဆိုး စကားများရတာနဲ့ ပြတ်သွားတတ်ကြတာ ချည်းပဲ။ ဒါက ချစ်သူရည်းစား ရှိလာတဲ့အခါမှ မဟုတ်ဘူး။ ဒီအတိုင်း တွေးကြည့်ရုံနဲ့တင် ဆင်ခြင်စရာ တစ်ခုဆိုတာ သိကြမှာပါ။

#ညီစေမင်း

2 comments:

  1. My comments just stands for my personal case. The only thing I want to tell the writer is "Right!"

    My girl friend doesn't know this type of ethic. She became angry with me every time I try to teach her. She even said "I'm not you. I live with my private soul." Finally I just want to die. Now, she's beside me and I am praying to have her known all about the above ethic.

    ReplyDelete
    Replies
    1. comment instead of comments*
      becomes instead of became*

      Delete

Powered by Blogger.