100% အပိုင်တွက်ထားတဲ့ Relationship
အရင်ဆုံးပြောလိုတာက ဒီဆောင်းပါးဟာ ကျမအနေနဲ့ အမျိုးသမီးတွေဘက်က ရေးထားတာဖြစ်လို့ အနဲငယ်တော့ အမျိုးသမီးဝါဒီ ဆန်ကောင်းဆန်နေပါလိမ့်မယ်… သေချာတာကတော့ ကျမတို့ အမျိုးသမီးအများစုရဲ့ ခံစားချက် အစစ်အမှန်တွေကို သတိမမူမိတဲ့ ပုရိသတွေ တီးမိခေါက်မိစေရန် ရည်ရွယ်ရွေ့ ဒီဆောင်းပါးကို ကျမရေးပါတယ်…
ကဲ… စလိုက်ကြရအောင်… ခေါင်းစဉ်ကြည့်ပြီး နားများရှုပ်သွားမလား… ၁၀၀% အပိုင်တွက်တယ် ဆိုတာ “ကိုယ်ခြံထဲကကြက် ဘယ်ချိန်ရိုက်သတ်သတ်” ဆိုတဲ့စိတ်မျိုးပါ… ဘယ်အချိန်မှာ ဖြစ်တတ်လဲဆို တွဲတာကြာလာပြီး မယူဖြစ်သေးတဲ့ သမီးရည်းစားမျိုး ၊ နောက် အိမ်ထောင်သက်ကြာသွားတဲ့ လင်မယားမျိုးမှာ တွေ့ရလေ့ရှိတယ်… အထူးသဖြင့် ယောင်္ကျား အများစုမှာတွေ့ရလေ့ ရှိတယ်…(ယောင်္ကျားတိုင်းကို မဆိုလိုသလို ၊ ချွင်းချက်အနေနဲ့ အချို့ အမျိုးသမီးများလဲ ပါကောင်းပါနိုင်ပါတယ်…) အကြမ်းဖြင်း ရှင်းပြီးပြီဆိုတော့ကာ ခေါင်းစဉ်လေး ပြန်ကောက်ရအောင်…
ကျမ စောစောက ပြောသလိုပေါ့… relationship မှာ အပိုင်တွက်တဲ့စိတ်ဆိုတာ တကယ်တော့ ချစ်ခြင်း ၊ မချစ်ခြင်း နဲ့ မဆိုင်ပါဘူး… နားများရှုပ်သွားသလား… ဆိုလိုချင်တာ ယောင်္ကျားတယောက်ဟာ မိန်းကလေးတယောက်ကို တကယ်ချစ်ချင်ချစ်မယ်…. ဒါပေမဲ့ သူ့စိတ်ထဲ အပိုင်တွက်ချင် တွက်ထားမှာပဲ… ဘယ်လိုအပိုင်တွက်တာလဲ… “သူဟာ ငါကလွဲလို့ ဘယ်ယောင်္ကျားကိုမှ ကြိုက်မှာမဟုတ်တော့ပါဘူး… အိမ်ထောင်သည်ဆိုရင်လဲ သူငါ့ကိုတကယ်မကွဲနိုင်ပါဘူး…” ဆိုတာမျိုး အပိုင်တွက်တာ… ဟုတ်ပါတယ်… ကျမတို့ မိန်းကလေးတွေဟာ ရည်းစားသက်တမ်းတခု ကြာလာရင် အဲ့ Relationship ကထွက်ဖို့ဆိုတာ တော်တော်ကို မလွယ်တာပါ… မလွယ်ရအောင်လဲ လုံလောက်တဲ့အကြောင်းအရင်းက များစွာရှိနေတာကိုး…
၁။ ပတ်ဝန်းကျင်
၂။ မိဘ၊ အသိုင်းအ၀ိုင်း
၃။ ကိုယ်ကိုယ်တိုင်ကလဲ သံယောဇဉ်ရှိနေတယ်
၎။ နောက်လူတယောက်နဲ့ရော အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်
၅။ (ကံမကောင်းခဲ့ရင်) ခြိမ်းခြောက်အကြပ်ကိုင်ခံရမှု (သို့မဟုတ်) အရှက်များလိုက်ခွဲမလား
စတဲ့ စတဲ့ အချက်တွေကြောင့် ဘယ်သောအခါမှ Relationship တခုက စထွက်ခွာဖို့ဟာ စိတ်တောင်မကူးရဲတဲ့ အိမ်မက်ဆိုးတခုပါ… ဒါပေမဲ့ သူတို့ပျော်နေကြလား… သေချာပါတယ်… ရည်းစားသက်ကြာတဲ့အတွဲ ၈၀%ဟာ စကြိုက်ခါစက ပိုပျော်စရာကောင်းတယ်လို့ပဲ ဖြေမှာပါ… တချို့ဆို လူရှေ့မှာ ဟန်လုပ်ပြုံးလို့ နောက်ကွယ်မှာ မျက်ရည်တွေနဲ့ပေါ့…
ဘယ်လိုတွေကြောင့်မပျော်ကြတာလဲ…
၁။ အရင်လို ဂရုမစိုက် ၊ အဖတ်မလုပ်တော့ဘူး…
၂။ စိတ်မရှည်ချင်ဘူး…
၃။ ချစ်ပြရတာကို အပိုအလုပ်တွေလို့ မြင်လာမယ်…
၎။ လုပ်ချင်တာလုပ်ပြီး တောင်းပန်လိုက်ရင် ပြီးရော လုပ်လာမယ်…
၅။ တချို့ဆို ဖောက်ပြန်တာတွေ ၊ လက်ပါတာတွေပါ လုပ်လာမယ်…
ခြုံပြောရရင်တော့ မိန်းကလေးဘက်ကို ကိုယ်ချင်းစာတရားခေါင်းပါးလာတဲ့သဘောပေါ့… တကယ်တော့ အပိုင်တွက်တယ်ဆိုတာ စကားလုံးလေးကသာ တိုတိုလေးပါ… တချို့များဆို ကိုယ့်စိတ်နဲ့ ကိုယ်အသက်ရှင်ခွင့်တောင်မရတာမျိုး ၊ ကိုယ့်ခံစားချက်တွေကို နင်းခြေပစ်တတ်တာမျိုး… ကျမတွေ့ဖူးတဲ့ အတွဲတတွဲများဆို ရည်းစားဘ၀မှာတင် ကောင်မလေးရှိရက်နဲ့ ရှုပ်ချင်တဲ့သူနဲ့ ရှုပ်တယ်… သူဘယ်သူနဲ့ရှုပ်ရှုပ် ဒီမိန်းကလေးက သူ့ကိုယူမှာပဲလေ… ဒီမိန်းကလေးက တကယ်ထွက်သွားတော့မယ်ဆိုတော့လဲ ခွင့်မပြုဘူး… ဆိုးလိုက်တာနော်… တချို့များကျပြန်တော့လဲ သူ့ပဲလက်ထပ်တော့မယ်ဆိုတာ သိလေတော့ ဘ၀ရည်မှန်းချက်မရှိ ၊ ဘာမရှိ… လေလွင့်နေချင်သလိုနေလို့… မိန်းမလုပ်စာထိုင်စားမယ်များ စဉ်းစားထားသလားမသိ… တချို့များ အနေအထိုင်လွန်မိတဲ့ မိန်းကလေးများဆို သူ့ကိုဖြတ်ရင် မိဘကိုအကုန်ပြောပြမယ် ၊ ဓါတ်ပုံတွေဖြန့်မယ် ဘာညာခြိမ်းခြောက်တတ်သေး… အာ့မျိုးကျတော့ အောက်တန်းစား စိတ်ဓါတ်လို့ပဲ ခေါ်ရမယ်… အစုံပါပဲ… ယောင်္ကျားလေးတယောက်က အပိုင်တွက်လာပြီဆို ဘေးထွက်ဆိုးကျိုးတွေက အတော်များသား…
ကဲ… ယောင်္ကျားလေးတွေဘက် ဆက်ကြရအောင်… သူတို့ကလဲ မချစ်လို့ဒီလိုလုပ်တာလား ဆိုတော့လဲ အဲ့လိုလဲ မဟုတ်ပြန်ဘူး… ဒီနေရာမှာ ကျမ အားလုံးနားလည်အောင် ဖြစ်ရပ်လေးတခုနဲ့ ဥပမာပေးမယ်… ကျမမိတ်ဆွေ Market leader ဖြစ်နေတဲ့ နာမည်ကြီး ဂျာနယ်တိုက်တခုက ပိုင်ရှင်နဲ့ စကားပြောဖူးတဲ့ ဖြစ်ရပ်လေးပေါ့… ကျမက သူ့ဂျာနယ်ကိုဖတ်ပြီး နိုင်ငံခြားမှာ ကျမဖတ်ဖူးတဲ့ အမျိုးအစားတူဂျာနယ်တွေမှာ ဒီလိုကဏ္ဍတွေပါကြောင်း… ဒီတွေက အကုန်အကျများပေမဲ့ ထပ်ထည့်လိုက်ရင် လူပိုကြိုက်သွားမဲ့အကြောင်း အကြံပေးလိုက်တယ်… အဲ့မှာ သူပြောလိုက်တဲ့ စကားတခွန်း… “မလိုအပ်သေးဘူး သူငယ်ချင်း… ဒီကလူတွေက ဒီလောက်လုပ်ပေးတာတောင် တော်တော်ကျေနပ်နေကြပြီ…” သူဟာ အဲ့အချိန်မှာ Market leader… သူလုပ်ပြသလောက်ကိုပဲ လူတွေက knowledge ရှိနေတဲ့အချိန်… အဲ့အချိန်မှာ သူ့ထက်လူစွမ်းကောင်းမပေါ်သရွေ့တော့ လူတွေဟာ သူ့ကိုတမ်းတမ်းစွဲဖြစ်နေမှာပဲ… အဲ့… နောက်တယောက်ပေါ်လာရင်တော့ သူသိတာတွေကို အစွမ်းကုန်ထုတ်သုံးချင်သုံးမှာပေါ့နော်…
Relationship မှာအပိုင်တွက်တဲ့စိတ်ဆိုတာလဲ ဒီသဘောနဲ့ခပ်ဆင်ဆင်ပဲ… ဒီမိန်းကလေးဟာ လွယ်လွယ်နဲ့ နောက်တယောက်မပြောင်းနိုင်ဘူး ဆိုတာ သိနေတဲ့အချိန် သူတို့မလိုအပ်ပဲအင်အားကို မစိုက်ထုတ်ချင်ဘူး… ဒါဟာသိစိတ်မှာ ဖြစ်နေတာမဟုတ်ဘူး… မသိစိတ်မှာ ဖြစ်နေတာ… သူနဲ့ ပြိုင်လုမဲ့ နောက်တယောက်ပေါ်လာရင်တော့ အခြေအနေပြောင်းချင်ပြောင်းသွားမှာပေါ့နော်… ဒါပေမဲ့ သမီးရည်းစားဆိုတာ လက်ရှိရည်းစားကိုဖြတ် ၊ နောက်ကောင်လေးနဲ့ ပြိုင်လုခိုင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အခြေအနေပါ… ကျမတို့မှာ အရှက်နဲ့ … သိက္ခာနဲ့လေ... တချို့မိန်းကလေးများကတော့ အရွဲ့တိုက်ပြီး လုပ်မိတဲ့အခါကျပြန်တော့လဲ နာမည်ဆိုးနဲ့ ကျော်ကြားသွားလေရဲ့… မလုပ်သင့်တဲ့အရာကတော့ ဘယ်သူမကောင်း ၊ကောင်း လုံးဝကိုမလုပ်ရပါဘူး ညီမလေးတို့ရေ…
ဒီကိစ္စမှာ ကျမအဓိကအပြစ်တင်ချင်တာကတော့ ကျမတို့ ရှေးရိုးစွဲမြန်မာ့ပတ်ဝန်းကျင်ပဲ… ဘယ် Relationship မှာမဆို အဆင်မပြေမှု အများစုကို အရင်းစစ်လိုက်ရင် မူလဘူတက ပတ်ဝန်းကျင်ပါပဲ… ကျမတို့ မိန်းကလေးတွေဟာ ဒီပတ်ဝန်းကျင်ကြောင့်ပဲ မလုပ်သင့်တာတွေကို ဆက်လုပ်နေရတယ် ၊ လုပ်သင့်တာတွေကို မလုပ်ရဲကြတော့ဘူး… ကျမတို့ မိန်းကလေးတွေရဲ့ သတ္တိတွေကို ရိုက်ချိုးလိုက်တာ ဒီပတ်ဝန်းကျင်ပါပဲ… အဲ့အပေါ်မှာ အတ္တကြီးတဲ့ ယောင်္ကျားများနဲ့ ကြုံဆုံလာတဲ့အခါမှာ တဖက်စောင်းနင်းအခွင့်အရေးယူခြင်းကို ခံရတော့တာပဲ… ကျမသိသလောက် ကျမမိတ်ဆွေ နိုင်ငံခြားသားအတွဲတွေမှာ အဲ့လိုဖြစ်တာတော်တော်ရှားပါတယ်… (အနဲငယ်တော့ ရှိမှာပေါ့လေ…) ဘာလို့လဲ…
သူတို့ပတ်ဝန်းကျင်ဟာ သူတို့ကြိုက်သည်ဖြစ်စေ ၊ ပြတ်သည်ဖြစ်စေ ဘယ်သူမှ စိတ်မ၀င်စားဘူး… ကျမတို့နဲ့များကွာပ… (တခါများဆို ယောင်္ကျားက ဖောက်ပြန်ပြီး မယားငယ်နေတာကိုတောင် မယားကြီးကို ပြန်အပြစ်တင်တတ်တဲ့ သြချရလောက်တဲ့ ပတ်ဝန်းကျင်မျိုး)… နောက်တခုက မိဘတွေဟာ Relationship တွေမှာ ၀င်ပါလေ့မရှိဘူး… ကောင်းလဲစံ ၊ ဆိုးလဲခံပေါ့… ဆွေမျိုးတွေဆို ပိုဆိုး… အဲ့တော့ မိန်းကလေးဟာ သူလုပ်သင့်တာကို သူ့ဘာသာသိတယ်… အချိန်တခုသူ့ဘာသာ ပြင်ဆင်ပြီးရင် လုပ်သင့်တာကို သတိရှိရှိလုပ်တယ်… တကယ်တော့ မိန်းကလေးတယောက် Relationship ကထွက်ခွာတယ် ဆိုတာ စိတ်ပိုင်းဆိုင်ရာအရ တော်တော်ထိခိုက်ပါတယ်… ဒီဆုံးဖြတ်ချက်ကို သူမချမနေရ ရွေးချယ်တယ်ဆိုကထဲက သူ့မှာ မထွေးနိုင်မအံနိုင် ပြသနာတွေ ရှိနေလို့ပါ… ကိုယ့်မှာ နဂိုထဲက အတွင်းဒဏ်ရာ ရှိပြီးသားကို အပြင်ကပါ အားမနာလျှာမကျိုး ရိုက်ခတ်ကြတော့ ဒီမိန်းကလေးဘ၀ ဘာကျန်ဦးမလဲ… သိပ်ရက်စက်တဲ့လူတွေ…
ခေါင်းစဉ်လေးကို ပြန်ကောက်ရရင်… ပုရိသယောင်္ကျားတွေ မသိသေးတဲ့ အချက်က ကျမတို့မိန်းကလေးတွေဟာ အသွေးနဲ့ကိုယ် အသားနဲ့ကိုယ်ပါပဲ… ရည်းစားဖြစ်ခါစမှာ ဂရုစိုက်တာခံချင်သလို အဖွားကြီးဖြစ်လဲ ဂရုစိုက်တာခံချင်ပါတယ်… ဟုတ်ပြီ… ပုရိသတွေဟာ အတ္တတွေကြီး အပိုင်တွေတွက်လာတော့ ဘာဖြစ်လဲ… လုပ်သင့်တာတွေကို မလုပ်ပေးတော့ဘူး… မလုပ်သင့်တာတွေကို လုပ်လာတယ်… အဲ့တော့ ဘာဆက်ဖြစ်လဲ… ကျမတို့စိတ်ထဲ ရှင်တို့ကို တဖြေးဖြေး မေတ္တာတုံးလာတာပေါ့ရှင်… အာဆို ဘာလို့ဆက်နေသေးလဲ သိလား… " ကြောက်လို့…" အရာရာကိုကြောက်နေလို့… ပေးဆပ်နေတဲ့အရာအားလုံးက လိုလိုလားလားနဲ့ ချစ်လို့မဟုတ်ဘူး… ကြောက်လို့… ရှင်တို့လိုချင်သေးလား?… တကယ်တော့ ဒီနိုင်ငံမှာလူဖြစ်ရတာ မိန်းမတွေဟာတကယ် သနားစရာပါ… အရာရာဟာ အကြောက်တရားတွေ ၊ စိုးရိမ်စိတ်တွေကြီးစိုးလို့… အဲ့တော့ ကိုယ်တွဲတဲ့ချစ်သူ ၊ ကိုယ်ယူတဲ့မိန်းမကို တကယ်ချစ်ရင် အပိုင်မတွက်ကြပါနဲ့… ခွေးတောင် ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်တတ်ပါတယ်… တနေ့ မကြောက်နိုင်တော့တဲ့တနေ့ ဖိနပ်တောင်မပါဘဲ ထွက်ပြေးသွားပါလိမ့်မယ်…
ကဲ… ကျမ ညီမလေးတွေဘက်ကရော… ယောင်္ကျားတယောက် အပိုင်တွက်ခံရတဲ့အခြေအနေမှာ ဘယ်တော့မှ မနေပါနဲ့… (ဒီလိုပြောလို့ တခြား ယောင်္ကျားလေးတွေနဲ့ အရောဝင်ခိုင်းတာ မဟုတ်ဘူးနော်..)
ဘယ်လို အနေအထားတွေလဲ…
၁) အမြဲ လှအောင်နေပါ။
----------------
ယောင်္ကျားတယောက်ဟာ ပိုကြည့်ကောင်းလာပြီး မိန်းကလေးဟာ တဖြေးဖြေးပုံပျက်လာမယ်ဆိုရင် အဲ့ယောင်္ကျားဟာ အပိုင်တွက်လာမှာပဲ… (သူလဲချော ၊ ကိုယ်လဲ ချောပေါ့နော်)
၂) အမြဲ ထက်မြက်နေပါစေ။
----------------
ယောင်္ကျားအများစုဟာ တုံးတဲ့မိန်းမတွေကို အပိုင်တွက်လေ့ရှိသလို လိမ်ညာဖို့လဲ ၀န်မလေးပါဘူး… ရိုးသားတာက ဂုဏ်ယူစရာဖြစ်ပေမဲ့ ရိုးအ တာက ရှက်စရာပါ…
၃) ဆန်ကုန်မြေလေး မဖြစ်ပါစေနဲ့…
------------------
ဆိုလိုချင်တာက အသုံးဝင်တဲ့သူတယောက်ဖြစ်ပါစေ… သူ့ကိုတဖက်တလမ်းက support ပေးနိုင်တာမျိုးဆို ပိုတောင်ကောင်းသေး… (အိမ်ထောင်သည်များအတွက် အဓိကဆိုလိုပါသည်)
၎) မသေချာသေးခင် အနေအထိုင်ဆင်ခြင်ပါ…
------------------
ကျမအနေနဲ့ လူငယ်သဘာဝနီးစပ်ခြင်းကို မဝေဖန်လိုပေမဲ့ ညီမလေးများ ယောင်္ကျားတယောက်ကို လက်ထပ်ဖို့ မသေချာသေးပဲ အနေမနီးစပ်စေချင်ပါ… တချို့သော အတကြီးတဲ့ ယောင်္ကျားများဆို သိပ်သိသာပါတယ်… ဘယ်လောက်ပဲ social ကျကျ ကျမတို့နေတာ မြန်မာနိုင်ငံဖြစ်တာမို့ မြန်မာယောင်္ကျားဟာ မြန်မာယောင်္ကျားလိုပဲ တွေးကြမှာပါ…
၅) မိဘနဲ့ မိတ်ဆက်ပေးဖို့ကို မလောပါနဲ့…
--------------------
တချို့တွေက ရည်းစားဖြစ်တာမှ မကြာသေး… မိဘအသိအမှတ်ပြုတာကို ခံချင်ကြတယ်… (၃နှစ် ၊ ၄နှစ် တွဲပြီး အသိပေးတာမျိုးကို မဆိုလိုပါ…) ဒါဟာသိပ်မှားပါတယ်… လူဆိုတာ တရက်ထက် တရက်တောင် သူ့အကြောင်းကို ပိုပိုသိလာတာပါ… ကိုယ်တောင်ဘာမှန်းညာမှန်း သေချာမသိသေးတဲ့အချိန် မိဘနဲ့ မိတ်ဆက်ပေးခြင်းဟာ မိမိရော ၊ မိဘရောပါ တန်ဖိုးကျစေပါတယ်… ယူဖြစ်ရင်တော့ကိစ မရှိပေမဲ့ မယူဖြစ်ရင် ကိုယ့်မိဘပါ နေရင်းထိုင်ရင်း ပေါသွားမှာပါ…
၆) အလွန်အကြူး သ၀န်မတိုပါနဲ့…
-------------------
ချစ်စရာကောင်းရုံသ၀န်တိုတာက ကိစမရှိပေမဲ့ အလွန်အကြူးသ၀န်တိုတာဟာ ကိုယ့်ကိုသူကလွဲလို့ ကြိုက်မဲ့သူမရှိဘူးလို့ သွေးနထင်ရောက်စေနိုင်ပါတယ်… နောက်စိတ်သဘောထား သေးသိမ်တာကိုလဲ ပြပါတယ်… လိမ်ညာတဲ့အကျင့်ကိုလဲ လမ်းကြောင်းပေးရာရောက်ပါတယ်…
၇) အမြဲ မတောင်းပန်ပါနဲ့…
------------------
ကျမတို့မိန်းကလေးတွေရဲ့ မကောင်းတဲ့အကျင့်က ပြသနာရှာတာလဲ ကျမတို့ပဲ… ပြန်တောင်းပန်ပြီးကတိတွေပေးတာလဲ ကျမတို့ပဲ… ပြီးရင်လဲ အဲ့ဟာကို ပြသနာပြန်ရှာလဲ ကျမတို့ပဲ… တော်တော်လဲရှုပ်တယ်နော်… အဲ့ဒါကြောင့် ကိုယ့်လူအခြေအနေကို ကြည့်ပါ… သိပ်မဟန်ဘူးထင်ရင် အစထဲက ထိပ်တိုက်မတွေ့ပါနဲ့… ပြသနာဖြစ်တိုင်း ကိုယ်ကချည်းပဲ တောင်းပန်နေရမယ်ဆိုရင်တော့ သိပ်မဟုတ်ပါဘူး… ကြာလာရင်ကိုယ့်ကိုလဲ တန်ဖိုးထားလာတော့မှာမဟုတ်ပါဘူး… အဲ့လိုအခြေအနေမျိုးရောက်အောင်လဲ ဘယ်တော့မှ မလုပ်ကြပါနဲ့လို့…
ပြောရရင်တော့ အများကြီးပါပဲ… အဓိကကတော့ ကိုယ်ချင်းစာတရားလေးနဲ့ ဆက်ဆံပေးဖို့ပါ… ကဲ… ဟုတ်ပါပြီ… ကိုယ်က အကောင်းဆုံးနေပါလျက်နဲ့ ကိုယ့်အပေါ်မကောင်းခဲ့ရင်ကော… သတ္တိရှိရှိနဲ့ ထွက်သာပြေးပါတော့ ညီမလေးရေ… အခုမပြေးရင် နောင်ဘယ်တော့မှ ပြေးလို့လွတ်တော့မှာမဟုတ်ဘူး… အိမ်ထောင်ကျပြီးရင် ပြင်သွားမှာပါ ဆိုပြီး စိတ်ကူးယဉ်နေရင်တော့ sorry ပါညီမလေးရေ… ချစ်စကြင်စ သမီးရည်းစားမှာတောင် တာဝန်မကျေတဲ့သူတယောက်ဟာ အိမ်ထောင်ဆိုတဲ့များပြားလှတဲ့ဝန်ကိုထမ်းရတဲ့အချိန် ပိုဆိုးလာဖို့ပဲ ရှိပါတယ်… ပတ်ဝန်းကျင်တွေ ၊ မိဘတွေ အသာဘေးချိတ်ထားလိုက်စမ်းပါ… အဓိက က ကိုယ်ပျော်ဖို့အရေးကြီးဆုံးပါပဲ ကလေးရယ်…
ပတ်ဝန်းကျင်က အကောင်းပြောပြီး ကိုယ်ကလူမသိအောင် ငိုနေတော့ရော ဘာလုပ်မှာလဲ… ဒီမထွေးနိုင် မအံနိုင်ပြသနာကြီးနဲ့ကော အချိန်ဘယ်လောက်ကြာအောင် ဆက်သွားနိုင်မယ်ထင်နေလဲ… အချစ်ဆိုတာ အပူတွေ အိမ်နောက်ဖေးက တက်လာရင် အိမ်ရှေ့ကနေ ဆင်းပြေးတတ်တဲ့အရာမျိုးပါ… အရာရာကို သတ္တိရှိရှိရင်ဆိုင်ပါ… ချီးမွမ်း ၇ရက် ၊ ကဲ့ရဲ့ ၇ရက်ပါ… ဘ၀ကို ၁က ပြန်စလို့ တန်ဖိုးရှိတဲ့ မိန်းကလေးအဖြစ်နေပြလိုက်စမ်းပါ… နောက် ကိုယ့်အပေါ်မကောင်းခဲ့တဲ့ ဒီယောင်္ကျားထက် အဆပေါင်းများစွာသာတဲ့သူနဲ့ သာယာတဲ့အိမ်ထောင်ရေးကို ထူထောင်ပြလိုက်စမ်းပါ… မင်းကို တချိန်ကကဲ့ရဲ့ခဲ့တဲ့သူတွေ သူတို့ဘာသာ ပြန်ရှက်သွားပါစေ… မျက်ရည်ကိုသုတ် ၊ ရင်ကိုဖွင့် ၊ သတ္တိရှိရအောင်နော်… အမကတော့ အမညီမလေးတွေ ဘ၀သာယာပျော်ရွှင်နေရင် ကျေနပ်ပါပြီ…
ချစ်သဉ္ဇာ
Post a Comment