အိမ်ထောင်ပြု ခြင်းက အသက်ရှည်စေကြောင်း လေ့လာတွေ့ရှိ
★ ★ ★ ★ ★ ★ ★ ★ ★
အိမ်ထောင်ပြု ခြင်းက အသက်ကို ရှည်စေတယ် လို့ လေ့လာမှု တစ်ရပ်က ဖော်ပြခဲ့ ပါတယ်။ သက်လတ်ပိုင်း ရောက်တဲ့ အထိ တည်ငြိမ်တဲ့ သံယောဇဉ် နှောင်ဖွဲ့မှု ကင်းမဲ့နေသူ တွေဟာ အရွယ်မတိုင်မီ သေဆုံးနိုင်တဲ့ အလားအလာတွေ ပိုမို ရှိနေတယ် လို့ Duke တက္ကသိုလ် ဆေးပညာ ဋ္ဌာနရဲ့ လေ့လာမှုမှာ ဖော်ပြထားခဲ့ ပါတယ်။
Duke တက္ကသိုလ် သုတေသီတွေ ကတော့ သုတေသန ပြုလုပ်ဖို့ အတွက် အမျိုးသား၊ အမျိုးသမီး ၄၈၀၂ ဦးကို ခေါ်ယူ ခဲ့တာပါ။ သူတို့ အားလုံးကတော့ မြောက် ကာရိုလိုင်းနား တက္ကသိုလ်ရဲ့ နှလုံးလေ့လာ သင်ကြားမှု သင်တန်းကို တက်ဖူးသူများ ဖြစ်ကြပါတယ်။ အဲ့ဒီ သင်တန်းကတော့ ၁၉၄၀ ခုနှစ်များမှာ မွေးဖွားခဲ့သူ တွေရဲ့ ကျန်းမာရေးကို ခြေရာခံ စောင့်ကြည့် နေခဲ့တဲ့ သင်တန်း တစ်ခုလည်း ဖြစ်ပါတယ်။
လက်ထပ် ထိမ်းမြားခြင်းရဲ့ သက်လတ်ပိုင်း အပေါ် အကျိုး သက်ရောက်ပုံကို လေ့လာခဲ့ ကြရာမှာတော့ သုတေသန ရလဒ်များကို လွှမ်းမိုးမှု ရှိလာမယ့် ကိုယ်ရည် ကိုယ်သွေး ပြသနာများ၊ လူမှု စီးပွားရေး အခြေအနေ တို့နဲ့ ကျန်းမာရေး နှင့် မညီညွတ်သော အပြုအမူ စတဲ့ အချက်များကို ထိန်းချုပ် စစ်ဆေးမှုများ ပြုလုပ်ပြီးမှ သုတေသနမှာ ပါဝင်ဖို့ ရွေးချယ်ခဲ့တာပါ။
သုတေသနမှာ တွေ့ရှိချက်အရ တစ်ကြိမ် တစ်ခါမှ လက်မထပ်ဖူး သူများဟာ လူရွယ်ဘဝက စပီး ခိုင်မာတဲ့ ချစ်သံယောဇဉ် ထူထောင် လာခဲ့သော ဇနီးမောင်နှံ များထက် အရွယ်မတိုင်မီ သေဆုံးနိုင်ခြေ နှစ်ဆ အလားအလာ များကြောင်းကို တွေ့ရှိလိုက်ရတာ ဖြစ်ပါတယ်။
တစ်ကိုယ်တည်း နေသူတွေ ၊ ဇနီးခင်ပွန်း ဆုံးပါးသွားသူတွေဟာ သက်ကြီး ရွယ်အို ဘဝအထိ အသက် မရှည်နိုင်တဲ့ အလားအလာ များပြားပါတယ်။ ဒီ သက်ရောက်မှု ကတော့ ကျန်းမာရေးနဲ့ ညီညွတ်စွာ ပြုမူ နေထိုင်သူများ၊ လူမှု စီးပွားရေး အခြေအနေ ကောင်းမွန်သူများမှာပါ တွေ့ရတတ်ပါတယ်။
လက်မထပ်ဘဲ အတူ နေထိုင်တဲ့ ပုံစံကို အာရုံစိုက် လေ့လာတာဟာ ကလေးတွေ တစ်ပြုံ ကြီး မွေးနေသူတွေ အတွက် အရေးပါတဲ့ လေ့လာမှု ဖြစ်လာနိုင်ပါတယ်။ ဒီလိုပုံစံ နေထိုင်သူ တွေဟာ စောစီးစွာ သေဆုံးမှုနှင့် ဆက်စပ်နေတဲ့ အတွက် စိတ်ပိုင်း ဆိုင်ရာ၊ လူမှုရေး ဆိုင်ရာ အထောက် အပံ့တွေ ပိုမို ပေးအပ် သင့်ပါတယ်။ သက်လတ်ပိုင်း အရွယ်မှာ လူမှုရေးအရ တွယ်တာ နှောင်ဖွဲ့မှုတွေကို လေ့လာခြင်း အားဖြင့် အရွယ်မတိုင်မီ သေဆုံးရတဲ့ အကြောင်းရင်း တစ်ခုကို တွေ့ရှိ လာရပါတယ် လို့ သုတေသန မှတ်တမ်းတွေမှာ ထည့်သွင်း ဖော်ပြ ထားခဲ့ပါတယ်။
Credit to thit htoo lwin
Post a Comment