မအောင်မြင်ခင်နဲ့ အောင်မြင်တဲ့အခါ..
အောင်မြင်တဲ့ အနုပညာရှင်တချို့ မအောင်မြင်ခင်က တွဲခဲ့တဲ့ မိန်းကလေးနဲ့ ပြတ်ဆဲပြီး အောင်မြင်လာတဲ့အခါ တခြား မိန်းကလေးနဲ့ လက်တွဲ သွားတာမျိုးတွေ အတော်များများ တွေ့ရတယ်။
ဒါဟာ အနုပညာရှင်တွေမှ မဟုတ်ပါဘူး။ သူတို့က လူသိများသူတွေ စိတ်ဝင်စား ခံရသူတွေမို့ သူတို့ ကိစ္စက လူတွေကြားမှာ ပြောစရာဖြစ်နေတာ။ ပြင်ပလောကက သာမန်လူတွေ ကြားထဲမှာလည်း ဒီလိုပါပဲ။ ယောက်ျားမှ မိန်းမမှလည်း မဟုတ်ဘူး။ အတူတူပဲ။
" ရိုးမြေကျ " ဆိုတဲ့ စကားဟာ ရေးရတာ သိပ်လွယ်သလောက် တကယ် တည်ဆောက်ရတာ သိပ်ခက်ခဲတယ်။ လက်တွေ့ဘဝဟာ စိတ်ကူးယဉ်တွေထဲကလို မဟုတ်ဘူး။ " ကိုယ်တို့ ဘယ်တော့မှ မခွဲကြဘူးနော် " လို့ ပြောခဲ့ကြပြီး အဲဒီ ကိုယ်တို့ကပဲ ဝေးကွာ သွားတတ်ကြတာ။
ကိုယ်ကတော့ အသိတရား ဝင်မိတယ်။ အောင်မြင်လာတယ် ဆိုတဲ့ နေရာက သူကချည်း အောင်မြင်သွားတာမျိုးဟာ နှစ်ဦးကြားက Gap တွေကို ကြီးမားလာစေတယ်။ အတူတူ Grow up ဖြစ်နိုင်မှသာ ဟန်ချက်ညီတာ။
အောင်မြင်ရာ နယ်ပယ်ချင်း မတူတောင် နှစ်ဦးသား အတူတူ အောင်မြင်လာတဲ့အခါ အောင်မြင်သူတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ညှိနှိုင်းစရာ မလိုဘဲ နားလည် တတ်သွားကြတယ်။ နှစ်ဦးယှဉ်တွဲ သွားနေရာက တစ်ဦးက ပြတ်ကျန်လာတဲ့အခါ ဆွဲခေါ်ဖို့ ကြိုးစား မရတဲ့အခါ နောက်ကျန်ရစ် ခဲ့ကြတော့တယ်။
တချို့ အမျိုးသမီးလေးတွေ ရှိတယ်။ ချစ်သူကို သိပ်အောင်မြင် စေချင်တယ်။ အောင်မြင်ဖို့ တတ်အားသမျှ ကူညီတယ်။ ပါရမီဖြည့်ဖက်ကောင်း တစ်ယောက်ဖြစ်ဖို့ ကြိုးစားတယ်။ ဆိုးတာ တစ်ခုက ကိုယ့်ကိုယ်ကိုယ် အောင်မြင်အောင် လုပ်ဖို့ မေ့လျော့ သွားတတ်ကြတယ်။ ကိုယ်ဟာ သူပဲလို့ ခံယူလိုက်တဲ့အခါ သူအောင်မြင်တာကို ကိုယ်အောင်မြင်တာ လို့ ယူဆလာမိတယ်။
တကယ့် တကယ်မှာ ဘယ်သူ့ ဘယ်သူကမှ ကိုယ်မဟုတ်ဘူ။ ဒါဟာ ခါးပေမယ့် အမှန်တရားပါပဲ။ အားလုံးဟာ အမှားတွေကို နှစ်ခြိုက်တတ်တဲ့ ပုထုဇဉ် လူသားတွေကိုး။ အောင်မြင်လာတဲ့အခါ အချို့ဟာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီး လာတတ်ကြတယ်။ ညှိနှိုင်းလိုစိတ်တွေ ပါးလျလာတယ်။
အမြင့်ပျံ လာတဲ့အခါ အဝေးကြီး မြင်လာတယ်။ အဆိုးဆုံး အဆင့်ကတော့ သူဟာ ကိုယ်နဲ့ မတန်ဘူး ထင်လာတယ်။ ဒါဟာ သဘာဝပါပဲ။ ဘယ်သူ့ ဘယ်သူကမှ ထူးထွေ မှားယွင်းနေတာ မဟုတ်ပါဘူး။
မိန်းမတွေဟာ ဆင်းရဲရင် ပျက်စီးတတ်တယ်။ ယောက်ျားတွေကတော့ ချမ်းသာရင် ပျက်စီးတတ်တယ် တဲ့။ မိန်းမတွေ ဆင်းရဲလာရင် ငွေရလွယ်တဲ့ လမ်းမှားဘက် ရောက်ပြီး ပျက်စီးသွားတတ်ကြတယ်၊ ယောက်ျားတွေ ချမ်းသာလာရင်တော့ ပျော်စရာ ရွှင်စရာ အကမ်းအလှမ်းတွေ အများကြီး ရှိလာတဲ့အတွက် လွတ်ထွက်သွားတတ်ကြတယ်။ ဒါဟာလည်း သဘာဝပါပဲ။ ချွင်းချက်တွေတော့ ရှိတာပေါ့။
တစ်ဖက်ကို စိတ်ရော လူရော အချိန်ရော ပုံပေးခဲ့ပြီး ကိုယ့်ရဲ့ ငယ်ရွယ်နုပျိုမှုတွေ၊ နှလုံးသားတွေ အားလုံးရင်းနှီးခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုယ် အောင်မြင်အောင် ကြိုးစားဖို့ မေ့လျော့နေမိပြီး တစ်ဖက်က စုံကန်သွားတဲ့အခါ သစ္စာမဲ့တယ်လို့ ပြောနိုင်တာ တစ်ခုက လွဲရင် ကိုယ့်အတွက် ဘာအကျိုးဖြစ်မယ့် အရာမှ ကျန်နေမှာ မဟုတ်ဘူး။
ချစ်ပါ... နှလုံးသားနဲ့ ချစ်ပါ။ ဦးနှောက်နဲ့ ရင်းပြီးလည်း ကိုယ့်ကိုယ်ကိုယ်မှာ ရင်းနှီးမြှုပ်နှံပါ။ ဘဝမှာ ကိုယ်ဟာ သူနဲ့မတန်တော့ဘူး လို့ တွေးခံရတာလောက် နာကျင်စရာ ကောင်းတာ မရှိပါဘူး။
သဘောထား မတိုက်ဆိုင်လို့၊ ညှိနှိုင်းမရတော့လို့ ခွဲခွာသွားကြရသည် ထားအုံး။ သူကလွဲရင် ဘာမှမရှိတဲ့ ဘဝမှာ သူမရှိတော့လို့ သုညအောက် အနှုတ်ပြပြီး ကျန်နေခဲ့ရတာထက် စာရင် ကိုယ့်နယ်ပယ်မှာ ကိုယ့်ရဲ့ အောင်မြင်မှုနဲ့ ဟန်ကျပန်ကျလေး ကျန်ခဲ့ရတာ ခံသာသေးတယ်။
မယုံမရှိနဲ့... နှလုံးသားမပါဘဲ လူတွေဟာ အချိန် အကြာကြီး အသက် ရှင်နိုင်ကြပါတယ်။
PanSalo
Post a Comment