ဆရာကျော်ဆန်းလွင်၏ တပတ်စာ ဟောစာတမ်း (5.8.2018 မှ 11.8.2018 ထိ)
တနင်္ဂနွေ သားသမီးများအတွက်
မိမိကံမှာ အကောင်းထဲသို့ ရောက်လာမည်။ အလုပ်အကိုင်၌ မတည်မငြိမ် ဖြစ်တတ်စေကာမူ အောင်မြင် အဆင်ပြေခြင်း ဖြစ်လိမ့်မည်။ မိတ်ဆွေများနှင့် အဆင်သိပ်မပြေ ဖြစ်ကိန်းရှိသည်။ ငွေကြေးစီးပွားကံ သင့်ပါသည်။ သို့သော် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများတွင် ငွေမြှပ်နေတတ်သည်။
ဌာနဆိုင်ရာ ဝန်ထမ်းများ အနေဖြင့်လည်း ကြီးကဲသူ မစကိန်းရှိသည်။ ပညာရေးတွင်တော့ စိတ်ညစ်ရတတ်ပေရာ ပို၍ကြိုးစားလေ့လာရန် လိုအပ်သည်။ ဗုဒ္ဓဟူး၊ စနေ၊ တနင်္ဂနွေများ နှင့် အကျိုးကျေးဇူး ဖြစ်ပေါ်မည်။ ကျန်းမာရေးတွင် အချို အဆိမ့်များ လျော့စားပါ။ ဗိုက်အောင့်၊ သွားကိုက် ဖြစ်တတ်ပါသည်။
ငယ်ရွယ်သူများ အချစ်ရေး တွင် မရိုးသားသောသူများ ချဉ်းကပ်လာကိန်း ရှိသည်။ ဇနီးဖြစ်သူ ကျန်းမာရေး ညံ့တတ်ပေရာ ဂရုစိုက်ပါ။ ခင်ပွန်းဖြစ်သူမိမိစကား နားမဝင် ဖြစ်နေပါမည်။
အသက် 2, 10, 18, 26, 34, 42, 50, 58, 66, 74, 82, 90, 98, 106 နှစ်ထဲသို့ ၀င်နေသော တနင်္ဂနွေသားသမီးများသည် ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာ သတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။
ယတြာ။ ။ ဘုရားစေတီ များတွင် လျှပ်စစ်မီး အလှူကပ်လှူပူဇော်ပါ။ ဒိဝါတပတိ ဂါထာ ၃-ခေါက်ပူဇော်၍ အလှူငွေထည့်က ပိုကောင်းပါသည်။
တနလာင်္ သားသမီးများအတွက်
အခက်အခဲလေးများ ကြုံတွေ့ရ စေကာမူ ပျော်ရွှင် ကံကောင်းရမည့် ရက်သတ္တပတ် ဖြစ်ပါသည်။ သို့ရာတွင် အလုပ်အကိုင်နှင့် ပတ်သက်၍ စိတ်ပင်ပမ်း ရပါလိမ့်မည်။ ကြီးကဲသူများထက် ငယ်သူများ၏ ကူညီထောက်ပံ့မှုကို ပိုရလိမ့်မည်။
ခရီးစဉ်ကောင်း ပေါ်ကိန်းရှိသည်၊ သို့သော် နတ် သိုက် သရဲ စသော ပရလောကသားများ ကြီးစိုးရာ နယ်မြေများသို့ သွားရောက်ခြင်း မသင့်။ ပညာရေးတွင် မေ့လျော့ခြင်း စိတ်တိုင်းမကျ ဖြစ်ရတတ်ခြင်း တို့ကြောင့် အကြိမ်ကြိမ် လေ့လာနေရမည်။
ကျန်းမာရေးတွင် မသန့်ရှင်းသော ရေကြောင့် ဥပါဒ်ရောက်ကိန်း ရှိသလို အဆိပ်ရှိ သတ္တဝါများ၊ အာရုံကြောအားနည်းခြင်းများကို ဂရုပြုပါ။ မိတ်တု မိတ်ယောင် လူလည်များနှင့် ဆုံရကိန်း ရှိသည်။ အချစ်ရေး၊ အိမ်ထောင်ရေးကံများ အကောင်းထဲသို့ ရောက်ရှိလာပေမည်။
အသက် 2, 3, 10,11, 18, 19, 26, 27, 34, 35, 42, 43, 50, 51, 58, 59, 66, 67, 74, 75, 82, 83, 90, 91, 98, 99, 106, 107 နှစ်ထဲ ၀င်နေသော တနလာင်္သားသမီးများသည် ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာ သတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။
ယတြာ။ ။ သစ်သီး တမျိုးမျိုးကို သီလရှင် / ရဟန်းသမဏေကို လှူဒါန်းပါ။ တတ်နိုင်လျှင် ဆင်းရဲနွမ်းပါးသူများကို ထီးစွန့်ကြဲ လှူဒါန်းပါ။
အင်္ဂါ သားသမီးများအတွက်
မဆုတ်မနစ် ကြိုးစား လုပ်ဆောင်မှုကြောင့် အောင်မြင်ခြင်း၊ ဘုန်းကံတက်ခြင်းတို့ ကြုံတွေ့ ခံစားရလိမ့်မည်။ အလုပ်အကိုင်နှင့် ပတ်သက်၍ဖြစ်စေ ငွေကုန်ကြေးကျများ ကိန်းရှိသည်။ ပညာရေးကံတွင် အနှောက်အယှက်မရှိပဲ ကြိုးစားလေလေ ခရီးရောက်လေလေ ဖြစ်မည်။
ပျက်လွယ်သော ထီး၊ဖိနပ် တို့ ဝယ်မိတတ်ပါသည်။ လူကြီး မိဘ ညီကို မောင်နှမများနှင့် ပတ်သက်၍ စိတ်ညစ်ရခြင်း၊ သဘောထား ကွဲလွဲခြင်း ဖြစ်တတ်ရာ ဂရုပြုပါ။ မိတ်ဆွေတို့၏ အကူအညီကို ရရှိလိမ့်မည်။ နတ်အုန်း၊ နတ်စာတင် စသော ပရလောကသားများနှင့် ပတ်သက်သည့် ကိစ္စများ၌ အမှားအယွင်း ဖြစ်တတ်ရာ သတိထားဆောင်ရွက်ပါ။
ကျန်းမာရေးတွင် အရေပြား၌ Allergic ဖြစ်ပေါ်မှုကို ဆင်ခြင်ဂရုပြုပါ။ အချစ်ရေးတွင် ရန်သဘော ကြုံတွေ့ရစေကာမူ ပြန်အဆင်ပြေပါမည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဘက်၏ အကျိုးကျေးဇူးကို ခံစားရပါမည်။
ယတြာ။ ။ အဆောက်အဦး ပြုပြင်ထိန်းသိမ်းသော လုပ်ငန်းများသို့ လှူဒါန်းပါ။ ဒုက္ခိတ တောင်းစားသူများအား အလှူငွေ စွန့်ကြဲပါ။
ဗုဒ္ဓဟူး သားသမီးများအတွက်
အခက်အခဲ ပြဿနာများ၊ ရန်သဘော ဆောင်လာမှုများ နှင့် ရင်ဆိုင်ရတတ်ပေသည်။ သို့သော် အလုပ်အကိုင်, အစီးအပွား ထိခိုက်ပျက်စီးခြင်း အထိတော့ မဖြစ်နိုင်သည့်အပြင် တိုးတက် အဆင်ပြေ တတ်ပါသည်။ ဌာနဆိုင်ရာ အာဏာပိုင်များနှင့် ပတ်သက်သည့် ဝန်ထမ်းများကမူ ဂရုပြုရပါမည်။
ဘုရားဖူးစသော ခရီးစဉ်ကောင်းများ ပေါ်ခြင်းဖြစ်ပါက ကံအညံ့များ ပြေပျောက်သက်သာ အဆင်ပြေ လာလိမ့်မည်။ အဝေးရောက် မိတ်ဆွေဟောင်းများ၏ ကူညီမစမှု ကို ခံစားကြုံတွေ့ရမည်။ ပညာရေးကံ သင့်ပါသည်။ ကျန်းမာရေး၌ အစစ ဂရုပြုပါ။ ဥပဒေနှင့် မလွတ်ကင်းသော အမှုများကို အထူး ရှောင်ကြဉ်ရန် လိုအပ်ပါသည်။
အချစ်ရေးတွင် စိတ်ဖိစီးမှုကြားမှ အဆင်ပြေ ပျော်ရွှင်ရမည်။ ဇနီးဖြစ်သူ၏ ကူညီစောင့်ရှောက်မှု အကျိုးကျေးဇူးကို ခံစားရမည်။ ခင်ပွန်းဖြစ်သူ ကိုယ်စိတ် ကျန်းမာရေး ညံ့တတ်သော်လဲ အဆင်ပြေသွားပါမည်၊ သို့သော် ဂရုစိုက်ပါ။
အသက် 5, 13, 21, 29, 37, 45, 53, 61, 69, 77, 85, 93, 101, 109 နှစ်ထဲ ၀င်နေသော ဗုဒ္ဓဟူးသားသမီးများသည် ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာ သတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။
ယတြာ။ ။ သီလရှင်ကို ဆေးပစ္စည်း တစုံတရာ လှူဒါန်းပါ။ မရှိဆင်းရဲသား ဒုက္ခိတများကို ထီး၊ဖိနပ် စသည် စွန့်ကြဲပါ။
ရာဟု သားသမီးများအတွက်
ဘာသာရေး ကျင့်ဝတ်များကို ကျင့်ကြံအားထုတ်လေလေ ကံဇာတာ တိုးတက်လေလေ ဖြစ်မည်။ မိမိကံမှာ အကောင်းထဲတွင် ရှိသော်လည်း မတရားမှုများ အမှားအယွင်းများကို ပြုမိလျှင်တော့ ထိခိုက်မှု ကြီးမားတတ်သည်။ အလုပ်အကိုင် တိုးတက်ဖြစ်ထွန်းမည်။ ဝန်ထမ်းများလည်း အဆင်ပြေမည်။
ငွေကြေး ဆုံးရှုံးကံတော့ ရှိပေရာ ရင်းနှီးသင့်မှ ရင်းနှီးပါ။ သီလထိန်း ကုသိုလ်ပြု၍ အစောင့်အရှောက် ဒေဝတာများကို တိုင်တည်ပြီး အခက်အခဲများကို ရင်ဆိုင်လျှင် ပြေပျောက်အဆင်ပြေ လွယ်မည်။ ပညာရေးကံတွင် နားလည်မှု လွဲမှားခြင်း၊ အမှတ်မှားခြင်း ဖြစ်တတ်ပါသည်။
အိမ်ပေါ်သို့ မြွေတက်လျှင် နိမိတ်မကောင်း။ မြွေ ခွေး ကင်း အကိုက်ခံရတတ်ရာ သတိပြုသင့်ပါသည်။ ကျန်းမာရေးအရ အငန်၊ ကော်ဖီ၊ ချဉ်ပေါင် လျော့စားပါ။ အချစ်ရေး ဒုက္ခကြောင့် စိတ်ဆင်းရဲ ရကိန်းရှိရာ နားလည်မှု ရယူရမည်။ အိမ်ထောင်ရေးတွင်လည်း ညှိညှိနှိုင်းနှိုင်း အပြန်အလှန်နားလည်မှု ထားပါမှ ကတောက်ကများ သက်သာပါလိမ့်မည်။
အသက် 2, 10, 18, 26, 34, 42, 50, 58, 66, 74, 82, 90, 98, 106 နှစ်ထဲ ၀င်နေသော ရာဟု သားသမီးများသည် ကာလ၀ိပ္ပတ္တိ ကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာ သတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။
ယတြာ။ ။ ဘုရားစေတီများ၌ လျှပ်စစ်မီး အလှူငွေထည့်ပါ။ ဒုက္ခိတ တောင်းစားသူများကို အလှူငွေ စွန့်ကြဲပါ။
ကြာသပတေး သားသမီးများအတွက်
ကျန်းမာရေး အားနည်းခြင်း၊ အစစ ရန်ပေါ်ခြင်း၊ အပြောင်းအလဲများကြုံရခြင်းတို့ ဆက်လက် ဖြစ်နေတတ်သေးသည်။ သူတပါးအလုပ်ကို ကူညီဝင်ပါမိရာမှ မိမိပါ ဘေးရန်ဥပါဒ်ရောက်ရ တတ်သည်။ အလုပ်အကိုင်တွင် စိတ်ညစ်စရာ ကြုံတတ်သည်။
ငွေကြေးစီးပွား တွင်လဲ ပေးရန်_ရရန် နှစ်မျိုးလုံး၌ သောကပူပမ်မှု ရှိသည်။ နိုင်ငံရပ်ခြား၊ ရွှေထည်၊ စကားပြန်၊ ခရီးသွား၊ ဌာနဆိုင်ရာ အာဏာပိုင်များနှင့် ပတ်သက်သော ကိစ္စများတွင်တော့ အကျိုးရှိမည်။ မိတ်ဆွေများ ၏ အကူအညီကို ထိရောက်စွာ မရနိုင်သေးပါ။
မမျှော်လင့်ထားပဲ ကံကောင်းခြင်း၊ ကံဆိုးခြင်းတို့ ကြုံတွေ့ရမည်။ မိခင်၊ ဖခင်တို့နှင့် သဘောထား ကွဲလွဲတတ်သည်။ အချစ်ရေးတွင် ပြဿနာငယ်လေးများ ရှိမည်။ အိမ်ထောင်ရေး အခြေအနေ သင့်ပါသည်။
အသက် 1, 8, 16, 24, 32, 40, 48, 56, 64, 72, 80, 88, 96, 104, 112 နှစ်ထဲ ရောက်နေကြသော ကြာသပတေး သားသမီးများ ကာလ၀ိပ္ပတ္တိကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာသတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။
ယတြာ။ ။ ဘုရားစေတီများတွင် ရွှေသင်္ကန်း အလှူငွေ ထည့်ဝင်ပါ။
သောကြာ သားသမီးများအတွက်
အလုပ်အကိုင် အစီးအပွား အစစပွင့်လန်း အဆင်ပြေလာမည့် ရက်သတ္တပတ်ဖြစ်ရာ မိမိဘက်က ကြိုးစားရန်သာလိုသည်။ စက်မှု၊ ရွှေထည် လုပ်ငန်းများ၌မူ စိတ်ရှည်ရန် လိုအပ်သည်။ သူတပါးစွပ်စွဲ သည်ကို ဖြေရှင်းရတတ်သည်။
ပညာသင်ကြားရာတွင် စိတ်ပါချည် မပါချည် ဖြစ်စေကာမူ သိလွယ်တတ်လွယ် နေလိမ့်မည်။ ဆေးဝါး ဓာတ်စာများကို မိမိသဘောဖြင့် မမှီဝဲဘဲ တတ်ကျွမ်းသော ဆရာဝန်လမ်းညွှန်မှ မှီဝဲပါ။ ကျန်းမာရေးတွင် ဒူး၊ အဆစ်၊ မျက်စိ ဂရုပြုပါ။
မိမိ ကိုယ်စောင့်နတ်မှစ၍ အစောင့်အရှောက်ပုဂ္ဂိုလ်များ၊ သတ္တဝါအများကို မကြာခဏ မေတ္တာပို့သပါ။ ပရလောကသားများကို စနောက်ခြင်း မပြုရ။ အချစ်ရေး အိမ်ထောင်ရေးကံ သင့်ပါသည်။ သို့သော် ခင်ပွန်းဖြစ်သူနှင့် ပတ်သက်၍ စိတ်ဆင်းရဲစရာ ကြုံရတတ်ရာ ဂရုပြုပါ။
ယတြာ။ ။ မိဘဘိုးဘွား ဆရာသမားများကို သစ်သီးလှူပါ။ ဆင်းရဲတောင်းစားဒုက္ခရောက်နေသူများကို ထီး၊ ဆေးဝါးများ ကာလဒါနပြုစွန့်ကြဲပါ။
စနေ သားသမီးများအတွက်
ယခုအပတ်လည်း အစစအရာရာ သတိထားလုပ်ဆောင်သင့်သော ရက်သတ္တပတ် ဖြစ်ပေသည်။ မိမိ အလုပ်အကြံ မှားယွင်းခြင်း၊ ကျန်းမာရေး ညံ့ခြင်း၊ စိတ်ညစ်ညူးနေခြင်း ကြုံတွေ့ရတတ်သည်။
နေထိုင် မကောင်းသော် ဆရာကောင်း ဆေးကောင်း တွေ့မည်။ ကိုယ်စောင့်နတ်မှ အစပြု၍ အစောင့်အရှောက်များ၊ သတ္တဝါများအား မကြာခဏ မေတ္တာပို့ အမျှဝေပါ။ အလုပ်အကိုင် အခြေအနေ မငြိမ်မသက်ရှိသော်လဲ စီးပွားရေး အကျိုးအမြတ် ခံစားရမည်။
ပျိုရွယ်သူများ စန်းပွင့်သော်လဲ အိမ်ထောင်သည်များ ပတ်ဝန်းကျင်တွင် အချစ်ရေး၊ လူမှုရေး ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာတတ်ရာ အထူးဂရုပြုပါ။ ပညာရေးတွင် သေချာစိတ်နှစ်ကြိုးစား နေရမည်။ ရွှေထည်ပစ္စည်း ဝင်သော် မသင့်သေးပါ။ အရေးကြီး ကိစ္စရှိသော် အနက်ရောင် အင်္ကျီများ ရှောင်ဝတ်ပါ (Uniform ဆို ရသည်)။
အသက် 6, 14, 22, 30, 38, 46, 54, 62, 70, 78, 86, 94, 102, 110 နှစ်ထဲ ရောက်နေကြသော စနေသားသမီးများ ကာလ၀ိပ္ပတ္တိကြုံနေသဖြင့် 16-4-2019 အထိ အစစအရာရာသတိထား ဆင်ခြင်၍ ကောင်းမှုများများ ပြုရပါလိမ့်မည်။
ယတြာ။ ။ သီလရှင်ကို ဆီ/ဆပ်ပြာ လှူဒါန်းပါ။
ဉာဏ်စွမ်း ဝီရိယစွမ်းများဖြင့် အခက်အခဲများ ကျော်လွှားနိုင်ကြပါစေ...
ဆရာကျော်ဆန်းလွင်
Post a Comment