အိတ်အကောင်းစား ကိုင်ချင်တဲ့ ကောင်မလေး ...
ကောင်လေးက နိုင်ငံခြားမှာ အလုပ် လုပ်နေတယ် ။ ဝင်ငွေလည်း ထိုက်သင့်သလောက် ကောင်းပါတယ် ။ သူပြန်လာတိုင်းလဲ သူ့ ချစ်သူ ကောင်မလေး အတွက် ပစ္စည်း အသစ်အဆန်း လေးတွေ ရေမွှေးတို့ ဘာတို့ ဝယ် ဝယ်လာတာပဲ ။ ပြသနာက အဲဒီမှာ စတယ် ။
ဒီတခါမှာတော့ ကောင်မလေးက ပြောတယ် ။ သူလိုချင်တာ LV တို့ Coach တို့လို branded လက်ကိုင်အိတ်မျိုး တဲ့ ။ ဈေးကလည်း နင့်နေတယ် ။ ဒါပေမဲ့ ချစ်သူက လိုချင်တယ် ဆိုတော့လည်း ခြစ်ခြုတ် အငတ် ခံပြီး ဝယ်ပေးလိုက် ပါတယ် ။ မိန်းခလေး တယောက်မှာ အမျိုးအစား ကောင်းတဲ့ လက်ကိုင်အိတ် ကောင်းကောင်းလေးတော့ တလံးတော့ ရှိသင့်ပါတယ် လို့ သူတွေးတာကိုး ။ ကောင်လေးက ၀ယ်ပေးမယ်လေ ဆိုတော့ ကောင်မလေးလည်း ပျော်သွားတယ် ။
ဒါပေမဲ့ ကောင်မလေးက နောက်တခါကျ တော့လည်း သူ့အတွက် ရောက်တဲ့ နေရာတိုင်းက သတိတရ အမှတ်တရ ပစ္စည်း ကွိစိကွစ လေးတွေ ဝယ်မဲ့ အစား အဲဒီပိုက်ဆံတွေ စုစုထားပြီး အိတ်ပဲ ဝယ်ပေးပါဦး တဲ့ ။ အရင်တစ်ခါက ဒီဇိုင်းက ဟောင်းနေပြီ ။ သူငယ်ချင်းရဲ့ ရည်းစားဆို ဝယ်ပေးတာ ဖိနပ်က သိန်း ၃၀ လောက် တန်တယ်တဲ့ ။
မီးလောင်လို့ ထွက်ပြေးရပြီ ဆိုရင် သိန်း ၃၀ တန် ဖိနပ်က အလုပ်ဖြစ်မှာ မဟုတ်ဘူး ။ ၁၅၀၀ တန် ရာဘာ ဖိနပ်ကမှ အသက်ဘေး ကနေ လွတ်ရာကို ပေါ့ပေါ့ ပါးပါး သယ်ဆောင်နိုင်ပေး လိမ့်ဦးမယ် လို့ ကောင်လေးက တွေးမိသတဲ့ ။
ဒီတစ်ခါ ကောင်မလေး လိုချင်တဲ့ အိတ်က မြန်မာငွေ ၁၅ သိန်း ကျော်နေတယ် ။ ပြောတဲ့ပုံ ကလည်း ၁၅ သိန်းတန် မှာတာကိုပဲ ကျေးဇူး အကြီး အကျယ် တင်ရမဲ့ပုံ ။ ကောင်လေးကလည်း သိတတ်သူ ဆိုတော့ အမေမိဘ ပေးကမ်းထောက်ပံ့ရတဲ့ အထဲက သူကိုယ်တိုင် မစားရက် မသောက်ရက် ဖြစ်ပြီး နောက်အိတ် တမျိုး ဝယ်ပေးရဦးမယ် ဆိုတော့ အင်သွားတယ် ။
အဲဒီမှာ ပြသနာက စတော့တာပဲ ။ ကဲ ဟုတ်ပါပြီ ၁၅ သိန်းတန် အိတ်ထဲကို ပိုက်ဆံ ဘယ်လောက် ထည့်မှာလဲ ဆိုတော့ ကောင်မလေးက သူ့ကို စော်ကားတယ် သူအလုပ်ကို နှိမ်ချတယ် ဆိုပြီး စိတ်ဆိုးသွားရော ။ သူက လစာ ၃ သိန်းလောက်ပဲ ရတဲ့ ကုမ္ပဏီ ဝန်ထမ်းမလေး တယောက်ကိုး ။
အဲ့ကောင်မလေးက တက်လမ်းမရှာ ပညာမရှာဘဲ အဲဒီ နေရာလေးမှာပဲ ပျော်နေတဲ့သူ ။ သူ့ဘဝက အလှအပနဲ့ ဂုဏ်တုဂုဏ်ပြိုင်တွေကြား မွေ့လျော် ပျော်ပိုက်နေ တာပဲ ။ ကောင်မလေးက လှနေအောင်တော့ ပြင်တတ် ဆင်တတ်တယ် ။ ဝတ်တတ် စားတတ်တယ် ။
မိသားစုကလည်း ရိုးရိုး သာမာန် မိသားစုတွေပါ ။ သူ့ကို ကြည့်လိုက်ရင်တော့ ရွှေတောင်ကြားလို ရပ်ကွက်မျိုးမှာ နေပြီး ကားအကောင်းစားကြီး မောင်းလာ ၊ ဘားမှာ တညတည်း သူငယ်ချင်း တွေနဲ့ ၁၀သိန်းလောက် ဖြုန်းပစ်နိုင်တဲ့ ပုံမျိုးပဲ ။
ကောင်မလေးက လန်းနေမှတော့ ကောင်လေးကလည်း တွဲချင်တာပေါ့ ။ သူက သူ့ကို အထင်ကြီးနေ ကြတဲ့ ပတ်ဝန်းကျင်မှာ သူ့အပေါင်းသင်းနေတဲ့ လူတွေ ဖေ့စ်ဘွတ် မိတ်ဆွေတွေ ကြားထဲမှာ ဒီလို အိတ်မျိုး ကိုင်မှ လူရာ ဝင်မယ်လို့ ဆိုတယ် ။
ကောင်မလေးက ပွဲလမ်း သွားရင်လည်း ကောင်လေးရဲ့ ကား အကောင်းစားနဲ့ပဲ သွားချင်တယ် ။ ကောင်လေး အိမ်မှာ ကား ၂ စင်း ရှိတော့ တစ်ခါများ ကောင်လေးအဖေက ကား အကောင်းစား သုံးနေလို့ သူက ခပ်သေးသေး ကားလေးနဲ့ ကောင်မလေးကို ပွဲတစ်ခု ပို့ရပါတယ် ။ ရှက်လွန်းလို့ စိတ်ကောက်တယ်တဲ့ ။
လူကို ဖိတ်တာ ကားကို ဖိတ်တာ ကျနေတာပဲ ။ ကားကြီးလည်း ပွဲခမ်းမထဲ မောင်းဝင်သွားလို့ ရတာ မဟုတ်ဆိုတော့ သူ့ လာကြိုရင် ဆင်ဝင်အောက် မရပ်နဲ့ ။ သူလမ်းလျှောက်လာမယ် ။ ဝေးဝေးမှာ ရပ် လို့ ဆိုသတဲ့ ။
တွေးမိတာ ကတော့ ဒီခေတ်မှာ စပွန်ဆာ ဆိုတဲ့ စကားကလည်း မိန်းမငယ်တွေ အကြား တော်တော် ခေတ်စားလာတယ် ။ နင့်လူက ဘာဝယ်ပေးနိုင်သလဲ ။ ငါ့လူက ဘာဝယ်ပေးတယ် ဆိုတာမျိုးတွေပေါ့ ။ ဒီကြားထဲ သိန်း ၇၀ တန် ဖိနပ် စီးပြီး ပွဲတက်ပါတယ် ။
ဒီပိုက်ဆံအိတ်ကတော့ သိန်း ၂၀၀ တန် ပါတယ် ဆိုတဲ့ သတင်းတွေ မီဒီယာတွေ ပေါ်မှာ ပေါ်ပြူလာ ဖြစ်လာတော့ ယိမ်းယိုင်တတ်သူတွေရဲ့ စိတ်မှာ ဒီလိုတွေသုံးချင် ကိုင်ချင်တယ် ပေါ်ပြူလာ ဖြစ်ချင်တယ် ။ ဒါမျိုးတွေ ပေးနိုင်တဲ့သူ စပွန်ဆာ ကို ရှာရမယ် ဆိုတာ မျိုးတွေ ဖြစ်လာပါတယ် ။
ကိုယ်ကိုယ်တိုင်က ပိုက်ဆံရှိလို့ ၊ ရှာနိုင်လို့ ကိုယ့်ဘာသာ သိန်း ၁၀၀၀ ကျော် ဖိနပ် ပိုက်ဆံအိတ် ဝယ်စီး ဝယ်ကိုင်ရုံ မက တကိုယ်လုံးပါ ရွှေချ ထားလိုက်ဦး ။ ဘယ်သူ ဘာပြောပြော ဘာ ဂရုစိုက်စရာရှိလဲလေ ။
ဒါပေမဲ့ ကိုယ့်လုပ်စာနဲ့ ကျတော့လည်း ကိုယ်မဝယ်နိုင် ။ ကိုယ့် ရည်းစား ကို ပူဆာတော့ ဟိုက အင် သွားပါတယ် ဆိုတဲ့ ဘဝလောက် အောက်တာ မရှိ ၊ မိန်းမ သိက္ခာကျတာ မရှိ ။ တဘက် ယောကျာ်းလေးက သိပ်ကို အဲသလို အိတ်မျိုး ဝယ်ပေးချင်နေပါတယ် ဆိုလည်း ထားလိုက်ပါတော့ ။
ဒါတောင် ရည်းစား ဘဝမှာ မိန်းခလေးတွေဟာ သိပ် တန်ဖိုးကြီးတဲ့ လက်ဆောင်မျိုးတွေ လက်မခံသင့်ဘူး ။ လင်နဲ့ မယားဘဝ ယောကျာ်း ရှာနိုင်လွန်းလို့ မိန်းမသုံးတယ် ဆိုတဲ့ နေရာမှာ ယောကျာ်းက သိပ်မကျေနပ်ဘူး ဆိုရင်တောင် လူကြားလို့ ကောင်းသေး ။
ခုဖြစ်နေကြတာက ဘဝ တခုလုံး အချင်းချင်း တာဝန် ယူစရာမလိုကြသေးတဲ့ ရည်းစား ဘဝမှာပါ ချူတယ်ဆိုတဲ့ စကား မကောင်းပေမဲ့ အဲဒါမျိုးက ချူသလို ဖြစ်မနေဘူးလား တွေးမိလို့ပါ ။ ချူလို့ ရတဲ့ ပိုက်ဆံ အိတ်ဟောင်းလောင်းကြီးကိုင်ပြီး ဟိုတယ် လိုက်စားနေမဲ့ ကောင်မလေး တစ်ယောက် ၊ ဖေ့ဘွတ် တင်တဲ့ ဓါတ်ပုံထဲမှာ သိပ်လှနေ သိပ်ပျော်နေ သိပ်အထက်တန်း ကျနေပေမဲ့ သူ့ရည်းစားကို ဘာတွေ ဘယ်လောက် ပြန်ပေးဆပ်ရမလဲ ဆိုတာကိုတော့ စဉ်းစားမိမှာပါ ။
ရိုးရိုး ပိုက်ဆံအိတ်ကလေး ကိုင်ပြီး လှည်းတန်းဈေး အသုပ်စုံ ထိုင်စားနေတဲ့ မိန်းခလေး ဘဝကမှ လွတ်လပ်ပြီး တန်ဖိုးရှိဦးမယ် ။ အခုတော့ လမ်းမှား လိုက်ကြတာကနေ မိန်းခလေးတွေမှာ တန်ဖိုးထားမှုတွေ မတူညီကြတော့ဘူး ။
တချို့က ဘဝမှာ ကျော့ကျော့လေး လှလှလေးပဲ နေချင်တယ် ။ အဲဒါကို ဂုဏ်တစ်ခုလို့ပဲ မြင်တယ် ချမ်းသာ တဲ့ ယောကျာ်း ကိုယ့်ကို ငွေနဲ့ ပစ္စည်းနဲ့ ဖို့နိုင်မဲ့ ယောကျာ်းမျိုးကို ရှာချင်တယ် ။ အဲဒီအတွက် သူက အဲဒီယောကျာ်းဆီမှာ ဘာမဆို အောက်ကျ ခံနိုင်သလို ဖြစ်နေတယ် ။
သူ့ရဲ့ကိုယ်ပိုင် လွတ်လပ်ခွင့် ကိုယ့်ကိုယ်ကို စီမံအုပ်ချုပ်ခွင့်ကိုလည်း ဆုံးရှုံးခံနိုင်တယ် ။ ဒီအချိန် ပြန်ဆိုပြန် ။ ဒီအချိန် ဖုန်းကိုင်ဆိုကိုင် ။ ဒီလူတွေနဲ့ မသွားနဲ့ဆို မသွားရ ။ ကိုယ့်ဘဝကို ပိုင်ပိုင် နိုင်နိုင် မစီမံနိုင်ဘဲ သူများ ပြောသလို လုပ်နေရတဲ့ မိန်းမတယောက်ရဲ့ ဘဝလောက် ရှက်စရာကောင်းတာမရှိ ။ သိက္ခာကျတာ မရှိ ။
အပေးအယူတွေနဲ့ အချစ်မှာ ကိုယ်က သူ့ အပေါ် မရိုးသားရင် သူလည်း ကိုယ့်အပေါ် ရိုးသားဖို့ ဆိုတာ ဘယ်တော့မှ မမျှော်လင့်လေနဲ့ ။ စားပြီး နားမလည် ဆိုတာမျိုးတွေနဲ့ တွေ့လို့ကတော့ ငွေကြေး သုံးမကုန် စွဲမကုန်တဲ့ လူတွေရဲ့ သြဇာနဲ့ မောင်းနှင်မှုအောက် ဘတ်လဘိုင် လိုက်ပြီးသာ ကျန်ခဲ့မယ် ။ စည်းစနစ်ရှိတဲ့ ယောကျာ်းကောင်း လင်ကောင်း သားကောင်းတော့ ရမှာမဟုတ် ။
တကယ်တော့ အမျိုးသမီးတွေရဲ့ တန်ဖိုးထဲမှာ ပညာရေး လူမှုရေး ငွေကြေး အလုပ်အကိုင် မိသားစု ဆိုတဲ့ကိစ္စတွေမှာ ဦးစီး ဦးဆောင်ပြုနိုင်ဖို့ တိုးတက်မြင့်မားဖို့ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့သာ တူညီမျှအခွင့်အရေးတွေရဖို့ ကြိုးစား လုပ်ဆောင်မှာတွေ ပါဝင်တယ် ။
ပိုက်ဆံအိတ် ဆိုတာ ပိုက်ဆံ ထည့်ဖို့ ဆိုတဲ့ အသုံးဝင်မှု တခုသာ ရှိတယ် ဆိုတာကို သဘောပေါက်ဖို့ လိုတယ် ။ ရှိတဲ့သူ ကလည်း သိန်း ဆယ်ဂဏန်း ရာဂဏန်းချီတဲ့ အိတ်ကိုင်ကြမှာပဲ ။ အဓိက အချက်က ဈေးကြီးတဲ့ branded ပိုက်ဆံအိတ် ကိုင်ရလို့ ဂုဏ်မြောက်နေဖို့ မလိုသလို မကိုင်ရလည်း ဂုဏ်ငယ်မသွားဘူး ဆိုတာ ပါပဲ ။
တချို့နေရာတွေမှာ တော်ရုံ သင့်ရုံပဲ ကောင်းပါတယ် ။ ရုပ်ဝတ္ထု ပစ္စည်းတွေရဲ့ အသုံးဝင်မှု ဆိုတာကို တကယ် နားလည်နိုင်တယ် ဆိုရင် စိတ်အေးချမ်းရ လိမ့်မယ် ။ ကျမလည်း စိတ်ထဲမှာ ယုံကြည်မိတာကို ပြောလို့ ကောင်းကောင်း နဲ့ ပြောလိုက်မိတာပါပဲ ။ စကားပြောဖြစ်တဲ့ ကောင်လေး ကတော့ ကျမကို ပြောတယ် သူ့ကောင်မလေးကို ကျမဆီ ခေါ်လာချင်တယ် တဲ့ ။ ခေါ်လာခဲ့ ဆိုတော့ ပြတ်သွားပြီတဲ့ ။
Mon Halsey
Post a Comment