Header Ads

ယုံကြည်မှုရဲ့အား


တခါတုန်းက ရန်သူ့စစ်တပ်ဟာ တိုင်းပြည် တ​ပြည်ကို သိမ်းပိုက်ဖို့  နန်းမြို့ရိုးကို ဝန်းရံထားတယ်။ ဘုရင်ကြီးကလည်း ရန်သူ့စစ်တပ်ဟာ သူ့စစ်တပ်ထက် အင်အား များနေတဲ့ အတွက်  ထွက်မတိုက်ဘဲ နေခဲ့တယ် ။

ဒီလိုနဲ့ အချိန်တွေ ကြာလာတော့ ဘုရင့်တပ်ဟာ အစာရေစာ ပြတ်လု နီးနီး ဖြစ်လာခဲ့တယ် ။ ဒါကြောင့် ဘုရင်ကြီးဟာ အရေးပေါ် အစည်းအဝေး တခု​ ခေါ်လိုက်တယ် ။

ဘုရင်ကြီးက ...
" ဒီအတိုင်းသာ ဆိုရင် ငါတို့ မကြာခင် အချိန်မှာ အစာရေစာ ပြတ်ပြီး အငတ်ဘေးနဲ့ ကြုံရတော့မယ်.. ဒါကြောင့် ငါတို့ ရန်သူ့စစ်တပ်ကို ထွက်တိုက်မယ် "

ထိုအခါ စစ်သူကြီး ...
" ဒါကတော့ မဖြစ်သင့်ပါဘူးအရှင်။ ရန်သူ့စစ်တပ်ဟာ ဘုရင့်စစ်တပ်ထက် အင်အား ကြီးလွန်း ပါတယ်... ဒါကြောင့် ထွက်တိုက်ရင် သေချာပေါက် ရှုံးပါလိမ့်မယ်... ကံတရားက ကျနော် တို့ကို ရှုံးဖို့အတွက် ကြိုတင် သတ်မှတ်ပြီးသားပါ "

ဘုရင်ကြီး..
" ဒါဆို စစ်မတိုက်ရ သေးဘဲ ငါတို့ ရှုံးမယ် လို့ ကံတရားက သတ်မှတ်ထား တာလား "

စစ်သူကြီးများ..
" ဟုတ်ပါတယ် အရှင်မင်းကြီး "

ဘုရင်ကြီး..
" ကောင်းပြီလေ ... မင်းတို့တွေ ကံတရားကို အဲဒီလောက် ယုံကြည်တယ် ဆိုရင် ငါတို့ ကံစမ်းကြည့် ကြတာပေါ့ "

ဘုရင်ကြီးက ပြောပြော ဆိုဆိုနဲ့ သူ့အိတ်ထဲက အကြွေစေ့ တခု ထုတ်လိုက်ပြီး ပြောတယ် ။

ဘုရင်ကြီး...
" အခု ငါ့လက်ထဲမှာ အကြွေစေ့ ရှိတယ်.. ငါမြောက်လိုက်လို့ ပြန်ကျလာတဲ့ အခါ ခေါင်းကျရင် ဒီစစ်ပွဲမှာ ငါတို့နိုင်မယ် ... ဒါကြောင့် ထွက်တိုက်မယ်.. ပန်းကျရင်တော့ ငါတို့ရှုံးမယ် ... ဒါကြောင့် ထွက်မတိုက်တော့ဘူး လို့ ဆုံးဖြတ်မယ်.. ဘယ်လိုလဲ "

ဆိုတော့ စစ်သူကြီးများ အားလုံးက တညီတညာထဲ ထောက်ခံ ကြတယ် ။

ဒါနဲ့ ဘုရင်ကြီးက အကြွေစေ့ကို လေထဲ မြောက်ပြီး ပြန်အကျမှာ ဖမ်းလိုက်တယ် ။ ပြီးတော့ လက်ကို ဖြေးဖြေးခြင်း ဖွင့်လိုက်တဲ့ အခါမှာ ခေါင်းဘက် ကျနေတာကို တွေ့ကြတယ် ။ ဒါကြောင့် စစ်သူကြီး အားလုံး အရမ်းကို ပျော်သွားတယ်။ နောက် ဒီစစ်ပွဲမှာ သူတို့ နိုင်မယ်လို့ ယုံကြည်သွားတယ် ။

ဘုရင်ကြီးနဲ့ စစ်သူကြီး တို့ဟာ ထွက်တိုက်ဖို့ အတွက် စီမံကိန်း ရေးဆွဲကြတယ်။ သူတို့က အင်အား နည်းတဲ့ အတွက် ယှဉ်တိုက်ဖို့ မလွယ်ဘူး ။ ဒါကြောင့် ညအိပ်ချိန်မှာ အလစ် တိုက်ဖို့  အစီအစဉ် ဆွဲလိုက်တယ်။

ဒီစစ်ပွဲမှာ သေချာပေါက် နိုင်မယ် ဆိုတဲ့ အကြောင်းကို စစ်သူကြီးတွေ ကနေ တဆင့် စစ်သည်တော်တွေအထိ ပြန့်နှံ့ သွားတယ် ။ ဒါကြောင့် စစ်သူကြီးတွေရော စစ်သည်တော်တွေရော အားလုံး စိတ်ဓာတ်တက်ကြွနေ ကြတယ် ။ သူတို့ နိုင်မယ် လို့လည်း ယုံကြည်မှု ပြင်းထန်နေ ကြတယ် ။

သူတို့ အစီအစဉ် ဆွဲထားတဲ့ အတိုင်း ညအချိန်ကို ရောက်တဲ့ အခါ ရန်သူ့တပ်ကို ဝင်တိုက် ကြတယ် ။ ရန်သူတွေဟာ အလစ် တိုက်ခံလိုက်ရတဲ့ အတွက် ဖရိုဖရဲဖြစ်ပြီး နောက်ဆုံးမှာ နောက်ဆုတ် ထွက်ပြေးကြရ တော့တယ် ။

စစ်နိုင်သွားတဲ့ အတွက် ဘုရင်ကြီးနဲ့ အတူ မှူးမတ်တွေ အားလုံး စားသောက်ပွဲ ကျင်းပ ကြတယ် ။ စားသောက်ပွဲမှာ ဘုရင်ကြီးက မေးတယ် ။

ဘုရင်ကြီး
" ဒီစစ်ပွဲမှာ ငါတို့  ဘာကြောင့် နိုင်တာလဲ "

စစ်သူကြီး
" ကံတရားကြောင့်ပါ အရှင်မင်းကြီး "

ဘုရင်ကြီး
" ကံကြောင့် မဟုတ်ဘူးကွ ... မင်းတို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကြောင့်ပဲ ... ကံကြောင့် မဟုတ်ဘူး ...
မယုံရင် မင်းတို့ကို ငါ သက်သေပြမယ် "

ဘုရင်ကြီးက ပြောပြော ဆိုဆိုနဲ့ အကြွေစေ့ကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်တယ်။ အကြွေစေ့ရဲ့ မျက်နှာ ၂ ဘက် လုံးဟာ ခေါင်းဖြစ်နေတာကို စစ်သူကြီးတွေ တွေ့သွားတယ် ။

ဘုရင်ကြီး
" အလုပ်တခု အောင်မြင်ဖို့ အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့ လိုတယ်.. ကံဆိုတာ ရွှေဒင်္ဂါး ၁ ပြားဖြစ်ခဲ့ရင် ကြိုးစားမှုက ၉ဝ ကျပ်သား.. အခွင့်အရေး ၁ဝ ကျပ်သား သွန်းလောင်း ထားတယ် "

ဆရာဗန်းမော်သိန်းဖေ
(အလုပ်​တခုအတွက်​ ကိုယ့်ကိုယ်​ကို ယုံကြည်​မှုသည်​ ၉၀% ​အောင်​မြင်​မှု ဖြစ်​တယ်​)
Credit - Original Uploader

No comments

Powered by Blogger.