ကိုယ့်ချစ်သူကို အမြဲပျော်ရွှင်နေစေဖို့
အရမ်းချစ်ကြတဲ့ ချစ်သူ နှစ်ဦးရဲ့ ဆက်ဆံရေးဟာ အချစ်ရုပ်ရှင် ဇာတ်လမ်း တခုလို အမြဲတမ်း စိတ်ကူးယဉ် ဆန်နေမှာ မဟုတ်ပါဘူး ။ တကယ့် လက်တွေ့ ဘ၀မှာတော့ တရက်ပြီး တရက် ၊ တလပြီး တစ်လ၊ တနှစ်ပြီး တနှစ် ချစ်ခင် ပျော်ရွှင်နေနိုင်ဖို့ အတွက် ကြိုးစားကြရ မှာပါ ။
ဒ့ါကြောင့် သင့်ချစ်သူ ၊ သင့်လက်တွဲဖော် ကို အမြဲတမ်း ပျော်ရွှင်ပြီး ချင်ခင်ကြင်နာ နေနိုင်ဖို့ အတွက် လုပ်ဆောင်သင့်တာလေး တွေကို ဝေမျှ ပေးလိုက် ပါတယ် ။
နေ့စဉ် လုပ်ဆောင်ရန်
နေ့စဉ် လုပ်ငန်း ဆောင်တာတွေ နဲ့ အလုပ်ရှုပ် နေပြီး သင့်ကြင်သူရဲ့ စိတ်ခံစားမှု ပိုင်းဆိုင်ရာ လိုအပ်ချက် တွေကို မေ့လျော့ မနေသင့် ပါဘူး ။
နေ့တိုင်း စိတ်ခံစားမှု ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ် ဆိုလို့ အရမ်းခက်မယ် မထင်ပါနဲ့ဦး ။ သင့်ရဲ့ သွားတွေကို နေ့တိုင်း တိုက်သလို သူမ ကို အသိအမှတ်ပြု ချီးကျူးစကားလေး တခုခု နေ့တိုင်း ပြောပေးရုံ ပါပဲ ။
သူမ ဆံပင် ၊ သူမရဲ့မိတ်ကပ် အပြင်အဆင်၊ သူမ အလုပ်က တိုးတက်မှု၊ ညစာ ချက်ထားတဲ့ ဟင်းလျာ၊ သူမရဲ့ အကြံဉာဏ် စတဲ့ ကိစ္စလေးတွေနဲ့ ပတ်သက်ပြီး သူမ ကို ချီးကျူးစကားလေး တွေ ပြောပေးပါ ။
လွယ်လွယ် ကူကူ လုပ်ဆောင် နိုင်တဲ့ ကိစ္စတခု ဖြစ်ပြီး အကျိုးရလဒ် ကတော့ သူမ ကို ပျော်ရွှင် ကြည့်နူးနေစေမှာပဲ ဖြစ်ပါတယ် ။
အပတ်စဉ် လုပ်ဆောင်ရန်
ဒီတခုကတော့ ပြောဖို့ မဟုတ်ပါဘူး ။ လုပ်ဖို့ ဖြစ်ပါတယ် ။ တပတ်မှာ တကြိမ်လောက်တော့ အိမ်မှုကိစ္စ တွေကို သူမနဲ့ အတူ ခွဲဝေပြီး ၀ိုင်းလုပ်ပေး လိုက်ပါ ။
သူမက အ၀တ်လျှောရင် ပန်းကန်ဆေးပေးလိုက်တာမျိုး၊ သူမအိပ်ရာပြင်နေချိန်မှာ အမှိုက်ပစ်ပေးတာမျိုး စတဲ့ သူမ လုပ်ရမယ့် အိမ်အလုပ်လေး တခုခုကို (၇) ရက်မှာ တကြိမ်လောက် လုပ်ပေးရမှာ ဖြစ်ပါတယ် ။
ဒီလိုလုပ်ပေးတာက ဘာမှ အပန်းကြီးမှာလည်း မဟုတ်သလို သူမကို ထုတ်ဖော် ပြောကြားနေစရာလည်း မလိုအပ်ပါဘူး ။ ဒါပေမယ့် သူမ သေချာပေါက် သတိထား မိပြီး ကျေနပ် ပျော်ရွှင်နေ ပါလိမ့်မယ် ။
လစဉ် လုပ်ဆောင်ရန်
နှစ်ဦးသား ချစ်ခြင်းတွေ ခိုင်မြဲ ပျော်ရွှင်စေဖို့ အတွက် တနှစ်မှာ (၁၂) ကြိမ်လောက်တော့ ငွေကုန် ကြေးကျ ခံပြီး ရင်းနှီးမြုပ်နှံဖို့ လိုပါ လိမ့်မယ် ။ တလကို တကြိမ် လောက်တော့ သူမ အတွက် တခုခု ၀ယ်ပေးလိုက်ပါ။ တန်ဖိုးက အရေးမကြီး ပါဘူး ။ သူမ အတွက် အမှတ်တရ ဖြစ်စေဖို့က အဓိကပါ ။
ဖုန်းမှာ ကပ်တဲ့ စတစ်ကာ တွေပဲ ဖြစ်ဖြစ်၊ လက်သည်း အလှဆင်ခွင့် ဘောက်ချာပဲဖြစ်ဖြစ်၊ သူမ သွားချင်တဲ့စားသောက်ဆိုင်မှာ ညစာ သွားစားတာပဲ ဖြစ်ဖြစ်၊ သူမ ကြိုက်တဲ့ ရုပ်ရှင်ဇာတ်ကား DVD တွေပဲ ဖြစ်ဖြစ် စသဖြင့် သူမ ကြိုက်တတ်တာတွေ ထဲက တစ်ခုခု ဖြစ်ဖို့ပဲ လိုပါတယ် ။
ဒီလိုမျိုး ဝယ်ပေးလို့ ထူးခြားပြီး ငွေကုန်သွားမှာ မဟုတ်ပေမယ့် သူမ အပေါ်မှာ ဘယ်လောက်အထိ ဂရုစိုက်ကြောင်းကို ဖော်ပြရာ ရောက်တဲ့ အတွက် သင့် လက်တွဲဖော် ကို ပျော်ရွှင်စေနိုင် မှာပါ ။
နှစ်စဉ် လုပ်ဆောင်ရန်
သူနဲ့ ရေရှည် လက်တွဲလာပြီ ဆိုတဲ့ အချိန်မှာ သင့်ရဲ့ လက်တွဲဖော်ကို ပေးသင့်တဲ့ အကောင်းဆုံး လက်ဆောင်ကတော့ သူမ ဘေးနားမှာ သင် ရှိနေတုန်းပဲ ဆိုတာကို သတိပြုမိအောင်လုပ်ပေးတာပဲ ဖြစ်ပါတယ် ။
ဒါ့ကြောင့် မွေးနေ့ပွဲ တို့ နှစ်ပတ်လည် ပွဲတို့ကို သေသေ ချာချာ ကျင်းပ ပေးတာ အပြင် ပထမဆုံး ချိန်းတွေ့ ခဲ့ကြတဲ့ နေရာကို သွားတာမျိုး ၊ ကမ်းခြေ တခုခုကို ပျော်ပွဲစား ထွက်တာမျိုး တွေကို တနှစ်မှာ တကြိမ်လောက် လုပ်ဆောင်ပေးသင့် ပါတယ် ။
ဒီလိုမျိုး အချက်လေးတွေကို ပုံမှန် လုပ်ဆောင်သွားမယ် ဆိုရင်တော့ သူမကို ပျော်ရွှင်နေစေနိုင်တဲ့ အပြင် နှစ်ဦးသား ဆက်ဆံရေးက ပျော်ရွှင် ချမ်းမြေ့နေမှာ ဖြစ်ပြီး ရေရှည် လက်တွဲသွားနိုင်မှာ အသေအချာ ပါပဲ ။
Gentleman
Post a Comment