Header Ads

ပြုံးနေသူရဲ့ နောက်ကွယ်မှာ ဆုံးရှုံးမှုတွေရှိတယ်..


ပြုံးပြုံးလေး နေတတ်တဲ့ သူတွေဟာ နောက်ကွယ်မှာ တယောက်ထဲ ကျိတ်မှိတ်ပြီး ငိုကြွေးခဲ့ရတဲ့ နေ့ရက်တွေ ရှိခဲ့ ဖူးတယ် ။ အဆင်ပြေပါတယ် လို့ အမြဲ ပြောနေတတ်တဲ့ သူရဲ့ နောက်မှာ တခါ တခါ အခက်အခဲ တွေနဲ့ ၊ စိတ်ဖိစီးမှုတွေ အလူးအလဲ ခံစားရတဲ့ နေ့ရက်တွေ ရှိခဲ့ဖူးတယ် ။

သူများတွေ အဆင်ပြေတာ မြင်ရရင် ဝမ်းသာပါတယ် ဆိုတဲ့ အဖြည့်ခံ လူတွေဟာ နောက်ကွယ်မှာ သူ့ရဲ့ အဆင်မပြေတာ တွေကို ဖုံးဖိပြီး ၊ သူ့ကြောင့် သူများတွေ စိုးရိမ်ပူပန်ခြင်း မရှိစေဖို့ အဆင်ပြေ ပါတယ်လို့ ညာပြောခဲ့ရ ဖူးတယ် ။

ရင့်ကျက်တယ် လို့ ထင်ရသူတွေဟာ နောက်ကွယ်မှာ ဒဏ်ရာတွေ မကျက်သေးတဲ့ နာကျင်မှုတွေ ၊ မလွှဲသာ ကျောခိုင်းလိုက်ရတဲ့ သံယောဇဉ်တွေ ၊ ဆုပ်ကိုင်ထားချင် ပေမယ့် လွှတ်ချခဲ့ရတဲ့ နွေးထွေးတဲ့ လက်စုံ ရှိခဲ့ဖူးတယ် ။

အတိတ်ရဲ့ မခံချင်စိတ်က ပေးတဲ့ နာကျည်းချက်နဲ့ ကြိုးစားချင်စိတ်တွေ၊ လဲကျခြင်း ဒဏ်ရာတွေ ကနေ တနေ့ ကျရင် ရည်ရွယ်ချက်တွေ အကောင်အထည် ဖော်နိုင်ရမယ် ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိနေကြတယ် ။

ရင့်ကျက်တယ် ဆိုတာ အမှားတွေ အများကြီး လုပ်ခဲ့ဖူလို့ ၊ အခက်အခဲတွေ အများကြီးကို တယောက်ထဲ ကူသူမဲ့ ရင်ဆိုင်ခဲ့ရတာ များလို့ ပါပဲ ။ တကယ်တော့ ရင့်ကျက်တယ် ထင်ရ လေလေ မရင့်ကျက်သေးတာ ကိုယ် ကိုယ်တိုင်သာ အသိဆုံးပါပဲ ။

ပြုံးနေသူတွေ ဟာ နောက်ကွယ် မှာတော့ ဒဏ်ရာတွေနဲ့ ဆုံးရှုံးမှုတွေ ရှိကြတယ် ။ ရင်ထဲက ဒဏ်ရာကို အပြုံးတွေနဲ့ နှစ်သိမ့်ဖို့ ကြိုးစားရင်း ဟန်ဆောင်သူတွေ ဖြစ်လာကြတယ် ။ သူများကို လိမ်ညာချင်တဲ့ ဆန္ဒနဲ့ ဟန်ဆောင်ကြတာ မဟုတ်ပဲ ၊ သူတို့ ဒဏ်ရာတွေ အတွက် အပြုံးနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရဖို့ လဲလှယ်နေလို့ ပါပဲ ။

လူတယောက်ကို အပြင်က ကြည့်ရုံနဲ့ သူ့ရင်ထဲက ဒဏ်ရာကို မသိပဲ မဝေဖန်လိုက် ပါနဲ့ ။ ပြဿနာတိုင်းရဲ့ နောက်မှာ ဒါပေမယ့် ဆိုတာ ရှိတယ် ။ ဘာကြောင့်ဖြစ်တာလဲ သေချာ မသိပဲ အပြစ်တင် မစောနဲ့ ။

ဝေဖန်မှုတွေ မလွန်ကဲ စေနဲ့ ။ ကိုယ်ထင်သလို မဟုတ်တဲ့ အခါ ကိုယ်မှားမိတဲ့ အမှားက နောင်တ တွေနဲ့ ကိုယ့်ကိုယ်ကို အထင်သေးစွာ ခြောက်လှန့်နေ လိမ့်မယ် ။

Chitthuyinhkwinmyotaw

No comments

Powered by Blogger.