Header Ads

အမျိုးသမီးတွေ အသက် 25 နှစ်ကျော်လာတဲ့ အခါ..


တည်ငြိမ် ရင့်ကျက်တဲ့ မိန်းမတယောက်ရဲ့ အလှတရားကို ဘယ်အရာကမှ လိုက်မမှီဘူး ။ ငယ်ဂုဏ် ဆိုတာ ငယ်ရုံက လွဲရင် ဘာမှ သုံးမရဘူး ။

ကိုယ့်အားကို ကိုယ်ကိုး ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည် နေတဲ့ အမျိုးသမီးတွေ မှာတော့ မာန်လေးတွေ ကတော့ ကိုယ်စီ ရှိလာကြတယ် ။ ကိုယ့်ကိုယ်ကို တန်ဖိုး ထားတတ် လာတယ် ။ ချစ်ခြင်းမေတ္တာတရား ကို နားလည်မှုနဲ့ပဲ တည်ဆောက်ချင် လာတယ် ။ မိုက်ရူးရဲ ဆန်တယ် ဆိုတဲ့ စာမျက်နှာကို ဘယ်တော့မှ ဖွင့်မဖတ်တော့တဲ့ အရွယ် ။

အသက် ၂၅ နှစ် ကျော်လာတာနဲ့ အလှအပတရား အပေါ် ခံယူချက်ဟာ ပြောင်းလဲ လာတယ် ။ ကျက်သရေရှိတဲ့ အလှတရားမျိုးကိုပဲ မက်မောတော့တယ် ။ ငယ်ဂုဏ်ဆိုတာ ပြန်မရဘူးတဲ့ ။ မှားတယ် ။ စိတ်ပျိုကိုယ်နုပြီး ကိုယ်သွားချင်တာ သွား ၊ စားချင်တာစား ဝယ်ချင်တာ ဝယ်ပြီး ကိုယ့်ဝင်ငွေ ကိုယ် သုံးနိုင်တဲ့ သက်လတ်ပိုင်း အရွယ်ဟာ ဘဝရဲ့ အကောင်းဆုံး အချိန်ပဲ ။

Rich Kid မဟုတ်ရင် ကျောင်းမုန့်ဖိုးကို ချင့်ချိန်သုံးပြီး မိဘဆီက လက်ဖြန့် တောင်းရတဲ့ အရွယ်ဟာ စိတ်ခံစားမှုကို ဦးစားပေးတတ် လွန်းလို့ အမှားတွေလည်း များတတ်ပြီး နာကျင် ကြေကွဲစရာ တွေလည်း များခဲ့မယ် ဆိုတာ ငြင်းလို့မရဘူး ။

တည်ငြိမ် ရင့်ကျက် လာတဲ့ အရွယ်မှာ ဒီအရာတွေဟာ အတိတ်မှာ ကျန်ခဲ့ပြီ ။ အရာရာကို ကိုယ့်လက်နဲ့ ဖန်တီးလာနိုင်တဲ့ အချိန်တွေပေါ့ ။ တချို့က ဘဝလက်တွဲဖော် ရှာကြတယ် ။ ဦးနှောက်ကို ဦးစားပေးတဲ့ အရွယ်မို့ အမှားအယွင်း နည်းတယ် ။

အိမ်ထောင်တခု သာယာပျော်ရွှင်အောင် စီမံ နိုင်စွမ်း ကလည်း အနည်းနဲ့ အများ ရှိနေတဲ့ အရွယ် ။ ဒီအရွယ် မိန်းမ တယောက်ဟာ အနည်းဆုံးတော့ ကိုယ်ပိုင် လစာ ရှိနေတတ်တာမို့ ယောက်ျားမျက်နှာ တရွာ ထင်စရာလည်း မလိုတော့တဲ့ အရွယ်မျိုး ။ ကလေး ယူမယ် မယူဘူး ဆိုတာကို ကိုယ်ပိုင်အသိနဲ့ ဆုံးဖြတ်တတ်တဲ့ အရွယ်မျိုး ။

အိမ်ထောင် မပြုပဲ အပျိုကြီး ဖြစ်နေသူတွေ ကလည်း ကိုယ့်ဘဝကိုယ် နှမျောလွန်းလို့ အပူအပင်မရှိ တကိုယ်စာ ပျော်ရွှင်မှုကို ဆက်လက် ထိန်းသိမ်းနေကြတဲ့ အရွယ်မျိုး ။

ဒါကြောင့် အသက် ၂၅ နှစ် နောက်ပိုင်းဟာ အမျိုးသမီးတွေ အတွက် ရွှေရောင်လွှမ်းတဲ့ နေ့ရက်တွေလို့ ကိုယ်ကတော့ ဆိုချင်တယ် ။

မှတ်ချက် ။ ။ သူများတွေကို ပြောတာနော် ။ ကွကို ပြောနေတယ် မထင်နဲ့ ။ ကိုယ်ကတော့ ဘယ်လောက် နုတယ် မနုတယ် ခုချိန်ထိ ရုပ်ရှင်ကြည့်ရင်တောင် လူလစ်ရင် ကလေး လက်မှတ်နဲ့ ဝင်တုန်း ။ အယ်လယ် .... ။

ShunMiMiHtet

No comments

Powered by Blogger.