ညီမလေးအတွက် အမှာစာ
ညီမလေးရေ
ညီမလေးရဲ့ ဘဝမှာ စိတ်ညစ်စရာ စိတ်ပျက်စရာတွေ ကြုံရတဲ့ အခါတွေ ရှိကိုရှိမယ် ။ စိတ်ချမ်းသာစရာ တွေနဲ့ ကြုံရတာလည်း ရှိခဲ့တာပဲလေ ။ ဘဝ ဆိုတာ နိမ့်လိုက် မြင့်လိုက် ပဲလေ ။ ပျော်စရာတွေ ချည်းပဲ လက်ခံနိုင်လို့ မရဘူး ။ စိတ်ညစ်စရာတွေ ကိုလည်း ဖြေရှင်း ဖြတ်ကျော်နိုင် ရမယ် ။
စိတ်ညစ်စရာတွေ ကြုံတိုင်း ဘဝကို အရှုံးပေး တာ လူညံ့တွေပါ ။ ဘာလို့လဲ ဆိုတော့ လူတိုင်း စိတ်မညစ်ဖူးတဲ့သူ မရှိဘူး ။ အဲ့ထဲမှာ ကိုယ်က စိတ်ဓာတ်ကျ အရှုံးပေးချင်စိတ် ဖြစ်နေတာ ဖြစ်သင့်ရဲ့လား ။
မိန်းခလေးဆိုတာ ဝမ်းနည်းလာရင် ငိုတတ်ပေမဲ့ အအိပ်ပျက် အစားပျက်အောင် သတိ မလွတ်ပါစေနဲ့ ။ ဝမ်းနည်းရင် ငိုပစ်လိုက်ပါ ။ မျက်လုံးတွေ စပ်သွားရင် အလိုလို အိပ်ပျော်သွား ပါလိမ့်မယ် ။ ဒါပေမယ့် အိပ်ယာက နိုးလာရင်တော့ လုပ်သင့်တာ ဆက်လုပ်ဖို့ တွေးပါ ။ ဘဝကြီးကိုပါ ပြိုလဲ သွားတဲ့ အထိ မခံစားမိဖို့ ကိုယ့်ကိုယ်ကို ထိန်းပါ ။
ကိုယ် လုပ်ဆောင်နိုင်တာတွေ အများကြီး ရှိနေပါလျက် စိတ်ဖိစီးတယ် ဆိုတိုင်း ခွေခေါက်နေတယ် ဆိုတာ ကိုယ့်တန်ဖိုးကို ကိုယ်တိုင်လျော့အောင် လုပ်နေတာပါ ။ ဖြစ်လာတဲ့ ပြဿနာ အပေါ်မှာ ဘာကြောင့်ဖြစ်ရတာလဲ ၊ ပြဿနာ ဖြစ်ရခြင်းရဲ့ အကြောင်းအရင်း ကိုရှာ ။ မှားနေရင် ပြင်လိုက် ။
ကိုယ်က လိုနေသေးရင် ဆက်ကြိုးစားပေါ့ ။ ကိုယ့်ကို အထင်သေးပြီး မလုပ်နိုင်ပါဘူးလို့ ထင်သူတွေကို ဘာမှ မပြောဘဲ ငါလုပ်နိုင်ရမယ် ၊ အလုပ်နဲ့ပဲ သက်သေပြလိုက်ပါ ။ ကိုယ့်အရည်အချင်းတွေကို ထုတ်သုံးပါ ။
အခွင့်အလမ်း ကောင်းတွေ ရှိနေပါသော်လည်း ငါလုပ်ရင် ဖြစ်ပါ့မလား ဆိုတဲ့ အတွေးတွေဟာ ကိုယ် လုပ်ဆောင်နိုင်စွမ်းကို နှောက်နှေးစေတာ အမှန်ပါ ။ စိတ်ညစ်စရာတွေနဲ့ နားလည်မှု မရှိတဲ့ လူတချို့နားမှာ နေပီး အချိန်တန်ရင် ငါ့စေတနာတွေ နားလည်လာမှာပါ ဆိုတဲ့ အတွေးနဲ့ ဘဝကို ပေးဆပ်ရင်း အချိန်ကုန်နေတာ မဖြစ်သင့်ပါဘူး ။
ကိုယ့် စေတနာကို နားလည်တတ်သူ တနေ့ကျ ပေါ်လာမယ် ဆိုတာ မဟုတ်ပါဘူး ။ ကိုယ်က သူနားလည်လာမယ့်နေ့ ကို စောင့်ရင်း စိတ်ပျက်စရာတွေ အတွက် အချိန်တော်တော် ပေးလိုက်ရမှာပဲ ။
ကိုယ့်ရဲ့ လုပ်ငန်း တာဝန်တွေ ကိုလဲ မလစ်ဟင်းနဲ့ ။ ဘဝကို မျက်စိပိတ် နားပိတ်နေသလို အမြင်မကျဉ်းနဲ့ ။ အမြဲတမ်း လန်းဆန်း တတ်ကြွနေ ပါစေ ။ အရမ်း ထက်မြက်ဖို့လဲ မလိုဘူး ။ အရမ်းကြီးလဲ မတုံးနဲ့ ။ အရမ်းတုံးရင် အသုံးမဝင်သူ ဖြစ်သွားမယ် ။ ငါ့ ညီမလေး ရွေးချယ်မှု မှန်ပါစေ
Song Thazin

Post a Comment