သိထားရမယ့် လင့်ကျင့်ဝတ် နဲ့ မယားကျင့်ဝတ်များ..
လင် ကျင့်ဝတ် မယား ကျင့်ဝတ် တွေကို မသိသေးတဲ့ မျိုးဆက်သစ်တွေ အတွက်ပါ ။
လင်ကျင့်ဝတ် (5) ပါး
မထီမဲ့ကင်း
အပ်နှင်းဥစ္စာ
မိစ္ဆာမမှား
ဝတ်စား ဆင်ယင်
မြတ်နိုးကြင်
ငါးအင် လင်ကျင့်ရာ ။
1) မိမိ ဇနီးမယားအား မထီလေးစားမှု မပြုခြင်း ၊
2) မိမိ ဇနီးမယားထံ ရှာဖွေရသမျှ ဥစ္စာများကို အပ်နှံခြင်း ၊
3) မိမိ ဇနီးမယားမှ တပါး အခြား မိန်းမများနှင့် ဖောက်ပြား ကျူးလွန်မှု မရှိခြင်း ၊
4) ဇနီးမယားအား အခါ အားလျော်စွာ အ၀တ်အစား အသစ်အဆန်းများ ဆင်ယင် ပေးခြင်း ၊
5) ဇနီးမယားအား ချစ်ခင် မြတ်နိုး ကြင်နာစွာ ဆက်ဆံခြင်း ။
အကျယ်တ၀င့် ထပ်ရှင်းပြ ရရင်တော့
1) မိမိ၏ ဇနီးမယားအား မထီလေးစားမှု မပြုခြင်း
ကိုယ့်ရဲ့ မိန်းမ ကို အများသူငါ ရှေ့မှာ အော်ငေါက်တာတွေ ၊ ဆဲဆိုတာတွေ ၊ အပြစ်မရှိ အပြစ်ရှာ အကြောင်းမရှိ အကြောင်းရှာပြီး လူအထင်သေးမဲ့ ၊ သိမ်ငယ်စေမဲ့ ကိစ္စတွေ ပြောဆိုတာမျိုးကို လုံးဝ ရှောင်ကြဉ်ပြီးတော့ ဇနီးမယားရဲ့ အပြုအစု အယုအယ ကောင်းကြောင်း ၊ တော်ကြောင်း ၊ တတ်ကြာင်း ၊ အနစ်နာခံ ၊ သည်းခံ ခွင့်လွှတ်တတ်ကြောင်း အစရှိတဲ့ ဇနီးမယား ဂုဏ်တက်စေမဲ့ အကြောင်း ကိစ္စ မျိုးကို ကြံဖန်ရှာဖွေပြီး အခါအခွင့် သင့်တိုင်း ပြောဆိုပေးတာကို ဆိုလို ပါတယ် ။ ကိုယ့် မိန်းမကို နှုတ်၏ စောင်မခြင်း ဆိုတဲ့ သဘောပါပဲ ။ မိန်းမကို ကိုယ့်ရဲ့ ကြင်နာမှု တွေ ၊ နွေးထွေးမှုတွေကို အများ သူငါရှေ့ မှာ ထုတ်ဖော်ပြသတာမျိုးပေါ့။
2) မိမိ ဇနီးမယားထံ ရှာဖွေရသမျှ ပစ္စည်း ဥစ္စာများကို အပ်နှံခြင်း ၊
ကိုယ်က လခစား ဖြစ်ရင်လည်း လခစား အလျောက် ၊ ကိုယ်ပိုင် စီးပွားရေး သမား ဆိုရင်လည်း ကိုယ်ပိုင်စီးပွားရေး သမား အလျောက် ရလာတဲ့ လခ၊ အကျိုးအမြတ်တွေကို စာရင်းဇယားနဲ့ တကွ မိန်းမကို ပေးအပ်ရပါမယ် ။ ပြီးတော့မှ မိန်းမ ဆီက မိမိ ကိုယ်ရေး ကိုယ်တာ သုံးဖို့ စွဲဖို့ အတွက် ဘယ်ရွေ့ ဘယ်မျှ လိုအပ်ကြောင်း ဖြစ်နိုင်ရင် စာရင်းနဲ့ ပြန်တောင်းတာမျိုး ကို ဆိုလိုပါတယ် ။
အဲဒီလို စာရင်းဇယားနဲ့ ပြတော့ ဇနီးမယားကလည်း ၀င်ငွေ ဘယ်လောက် ရှိသလဲ ၊ အသုံးစရိတ် ဘယ်လောက်ရှိသလဲ ဆိုတာကို တွက်ချက်နိုင်ပြီးတော့ စုသင့်တာစု ၊ ရင်းနှီးမြုပ်နှံသင့်တာ မြုပ်နှံ ၊ ပေးကမ်းစရာ ရှိတာ ပေးကမ်း အစရှိတာတွေကို လုပ်နိုင်မှာပါ။
3) မိမိ ဇနီးမယားမှ တပါး တခြား မိန်းမများနှင့် ဖောက်ပြား ကျူးလွန်မှု မရှိခြင်း ၊
တိတ်တိတ်ပုန်း မယားငယ် ထားတာတွေ ၊ ကိုယ့်လက်အောက်က ၀န်ထမ်းတွေနဲ့ ဖောက်ပြားတာတွေ ၊ အခြားသော လင်ရှိ မယားတွေနဲ့  ဖောက်ပြန်တာတွေ ၊ ပြည့်တန်ဆာတွေနဲ့ သွားလာ ဆက်ဆံတာတွေ ကို ရှောင်ကြဉ်တာမျိုးကို ဆိုလိုပါတယ် ။
တချို့ သဘောထားကြီးတဲ့ မိန်းမ တွေ ကတော့ ကိုယ်ဝန် ရှိနေတဲ့ အချိန်မှာတော့ ကိုယ့်ယောက်ျား ကို ချုပ်ခြယ်တာမျိုး မလုပ်ဘဲ ခွင့်လွှတ်ကြတာလည်း ရှိပါတယ် ။ ၂ ဦး ၂ဖက် ကြိုတင် ညှိနှိုင်းထားကြရင်တော့ အဆင်ပြေမှာပါပဲ ။
4) မိမိ ဇနီးမယားအား အခါ အားလျော်စွာ အ၀တ်အစား အသစ်အဆန်း များအား ဆင်ယင်ပေးခြင်း ၊
ကိုယ့် မိန်းမကို ချစ်သူများနေ့ ၊ မွေးနေ့ ၊ မင်္ဂလာဆောင်တဲ့နေ့ ... အစရှိတဲ့ အမှတ်တရနေ့ တွေမှာ အချိန်သတ်သတ်ပေးပြီး အပြင် လျှောက်လည်တာတွေ ၊ အမှတ်တယ ဖြစ်စေမဲ့ ဖက်ရှင် ဒီဇိုင်းတွေ ၊ အ၀တ်အထည်ဆန်းတွေ၊ ဆက်ဆီ ဖြစ်တဲ့ အ၀တ်အစားတွေ အဲဒီလို နေ့တွေမှာ ၀ယ်ပေးတာတွေ လုပ်ခြင်းအားဖြင့် ဇနီးအပေါ်မှာ အချစ် မပျက်ကြောင်း ၊ မှတ်မှတ် ယယ ရှိနေကြောင်း ပြသတာမျိုး ကို ဆိုလိုပါတယ် ။
5) မိမိ ဇနီးမယားအား ချစ်ခင် မြတ်နိုး ကြင်နာစွာ ဆက်ဆံခြင်း ။
ချစ်သူတွေကနေ လင်မယားတွေ ဖြစ်လာခဲ့တဲ့ သူတွေ ဆိုရင်လည်း ကိုယ့်မိန်းမ ကို စချစ်ခဲ့တုန်း ကလိုပဲ အကြင်နာ မျက်လုံးတွေနဲ့ တယုတယ ထွေးထွေး ပွေ့ပွေ့ ၊ ကြင်ကြင် နာနာ ဆက်ဆံတာမျိုး ၊ မိဘတွေကြောင့် မင်္ဂလာဆောင်ခဲ့ရတဲ့ သူတွေ ဆိုရင်လည်း အရင်တုန်းက ဘယ်လိုပဲ ချစ်သူတွေ ရှိခဲ့ပါစေ .... လက်ရှိ ကိုယ့်ဇနီးကိုပဲ သစ္စာရှိရှိ ၊ မြတ်မြတ်နိုးနိုး ပေါင်းသင်းတာမျိုးကို ဆိုလိုပါတယ် ။
လင်မယားချင်း အခန့်မသင့်လို့ စကားများ ရန်ဖြစ်ခဲ့ရင်တောင် ငါ့ အရင်ရည်းစားက နင့်လို မဟုတ်ဘူး .. ငါ့အပေါ် ဘယ်လောက် သည်းခံ ဂရုစိုက်တယ် ဆိုတာတွေ ပြောဆိုတာမျိုး ရှောင်ကြဉ်သင့်သလို ငယ်ကျိုးငယ်နာ ဖော်ပြီး ပြောဆိုတာမျိုး ကိုလည်း မပြုသင့်ပါဘူး ။
မယားကျင့်ဝတ် (5) ပါး
အိမ်တွင်းမှုလုပ်
သိမ်းထုပ်သေချာ
မိစ္ဆာကြဉ်ရှောင်
လျော်အောင်ဖြန့်ချိ
ပျင်းရိမမူ
ဝတ်ငါးဆူ အိမ်သူ ကျင့်အပ်စွာ ။
1) အိမ်မှုကိစ္စများကို အဆင်ပြေစေရန် စီမံခန့် ခွဲ ပြုလုပ်ခြင်း၊
2) မိမိ လင်ယောက်ျား အပ်နှံလာသော ဥစ္စာများကို စနစ်တကျ သိမ်းဆည်း ထိန်းသိမ်းခြင်း ၊
3) မိမိယောက်ျားမှ တစ်ပါး အခြားသော ယောက်ျားတို့နှင့် ကာမအမှု ကိစ္စတွင် ဖောက်ပြန်မှု မရှိခြင်း ၊
4) မိမိဘက်မှဆွေမျိုး ၊ လင်သားဘက်မှ ဆွေမျိုးတို့၌ မျှမျှ တတ ပေးကမ်းရခြင်း ၊
5) လုပ်ငန်းကိစ္စ အ၀၀၌ ပျင်းရိခြင်း ကင်း၍ ကျွမ်းကျင်ရခြင်း ။
1) အိမ်တွင်းမှု ကိစ္စများကို အဆင်ပြေစေရန် စီမံခန့် ခွဲ ပြုလုပ်ခြင်း
ယောက်ျား အိပ်ရာက မထခင် ယောက်ျားအတွက် မနက်စာ စီစဉ်ပေးတာ ၊ ယောက်ျား နိုးလာရင်လည်း သွားတိုက်တံ ၊ မျက်နှာသုတ်ပုဝါ အစရှိတာတွေ အဆင်သင့် ပြင်ဆင်ပေးထားတာ ၊ နှစ်ဖက် မိဘတွေ ၊ ဆွေမျိုးတွေ ကိုယ့်အိမ်မှာ ကျွေးမွေး စောင့်ရှောက်ထားရင် သူတို့ တွေအတွက် မလစ်ဟင်းရအောင် ၊ အိမ်ကို ကြည့်ချင်စဖွယ် ၊ နေခြင်စဖွယ် ဖြစ်အောင် ပြင်ဆင်တာတွေ ၊ ယိုယွင်း ပျက်စီးနေတာတွေကို စွန့် ပြစ်တန် စွန့် ပြစ်၊ ပြင်သင့်တာပြင် ရမယ် ။
ယောက်ျား ရှာသမျှ နောက်ဖေး မီးဖိုချောင်က မထွက်ရအောင် စီမံခန့် ခွဲတာ၊ အိမ်စေ ရှိရင်လည်း မနက်စောစော အိပ်ယာ မထချင်ရင်တောင်မှ အဆင်သင့်ဖြစ်အောင် အစီအစဉ်တွေကို ကြိုတင် ပြောပြပြီး အလုပ်တွေကို သင့်လျော်သလို စီမံ ခန့် ခွဲတာတွေကို ပြုလုပ်စေခြင်းပါပဲ ။
ညအိပ်ရင်လည်း ယောက်ျားထက် စောပြီး အိပ်တာမျိုး မဟုတ်ဘဲ အတူတူဖြစ်စေ ၊ နောက်ကျပြီးမှ ဖြစ်စေ အိပ်ရာဝင်တာမျိုး လုပ်သင့် ပါတယ်။ နောက်ကျမှ အိပ်ယာဝင်တာကလည်း အိမ်တံခါးတွေ လုံခြံအောင် ပိတ်ရဲ့ လား အစရှိသဖြင့် ယောက်ျားတွေ လစ်ဟင်းနေတဲ့ အရာတွေကို ထောင့်စေ့အောင် ကြည့်ရှုစောင့်ရှောက်ခြင်း ပါပဲ ။
2) မိမိယောက်ျား အပ်နှံလာသော ဥစ္စာများကို စနစ်တကျ သိမ်းဆည်း ထိန်းသိမ်းခြင်း ၊
ယောက်ျား ရှာဖွေပေးလာတဲ့ ငွေကြေး ဆိုရင်လည်း မပျောက်ပျက်အောင် ၊ တိုးပွားလာအောင် ၊ လှူသင့်တာ လှူရအောင် အသုံးချတတ်ရပါမယ် ။ ပစ္စည်းဥစ္စာတွေ ဆိုရင်လည်း ယိုယွင်းမှု နည်းအောင်၊ စနစ်တကျ ရှိနေအောင် ၊ ခေတ်နဲ့  လိုက်လျောညီထွေအောင် ၊ ယောက်ျား အကြိုက်လည်း ဖြစ် ၊ ကိုယ့်အကြိုက်လည်း ဖြစ်မယ့် ဟာတွေကို တိုင်တိုင်ပင်ပင် စုဆောင်းတာမျိုး လုပ်တတ်တာမျိုးပေါ့။
3) မိမိခင်ပွန်း မှတစ်ပါး အခြားသော ယောက်ျားတို့နှင့် ကာမအမှု တွင် ဖောက်ပြန်မှု မရှိခြင်း၊
စိတ်ကွယ်ရာမှာ ဖြစ်စေ ၊ မျက်မှောက်မှာပဲ ဖြစ်စေ ကိုယ့် ယောက်ျား မှတပါး တခြားသူတွေနဲ့  ဖောက်လွဲဖောက်ပြန် အကျင့်တန်တဲ့ ကိစ္စတွေ ရှောင်ကြဉ်တာမျိုး ဆိုလိုပါတယ် ။
4) မိမိဘက်မှ ဆွေမျိုး ၊ လင်သားဘက်မှ ဆွေမျိုးတို့၌ မျှမျှ တတ ပေးကမ်းရခြင်း ၊
ကိုယ့် ဘက်မှ ဆွေမျိုးသားချင်းတွေကို 1 သိန်း ထောက်ပံ့ရင် ယောက်ျားက ဆွေမျိုးသားချင်းတွေကိုလည်း 1 သိန်း ထောက်ပံ့တာမျိုး ၊ သီတင်းကျွတ် ၊ တန်ဆောင်တိုင် မှာ လူကြီး မိဘတွေကို ကန်တော့ရင် နှစ်ဘက် မိဘတွေ ၊ ဆွေမျိုးစုတွေကို မျှမျှတတ ဆက်ဆံ ပေးကမ်း ထောက်ပံ့ တာမျိုး ပြုလုပ်တာကို ဆိုလိုပါတယ်။
5) လုပ်ငန်းကိစ္စ အ၀၀၌ ပျင်းရိခြင်းကင်း၍ ကျွမ်းကျင်ရခြင်း။
ကိစ္စတခုတခု ပေါ်ပေါက်လို့ ရှိရင် ယောက်ျားကို ချည်းပဲ အားကိုး မနေဘဲ ကိုယ်တိုင် လုပ်တတ်ရင် ကိုယ်တိုင်လုပ်ကိုင်တာမျိုး ၊ ကိုယ်တိုင် မလုပ်တတ်ရင်လည်း တတ်တဲ့သူ တယောက်ယောက်ကို ငွေပေးပြီး ခိုင်းစေတာမျိုး ၊ နိုးနိုး ကြားကြား နေထိုင်တတ်တာမျိုးကို ဆိုလိုပါတယ်။ " ကိုရေ ... ချစ်က ဒီမှာ ကိုရီးယားကား ကြည့်နေလို့ .. အမှိုက်လေး သွန်ပေးပါ " ဆိုတာမျိုး မလုပ်သင့်ဘူးပေါ့ ။
Credit
Post a Comment