Header Ads

မသက်ဆိုင်တော့သူကို တမ်းတနေစရာ မလိုတော့ပါ..


မနေ့ က   ကျမကို အစ်မ တစ်ယောက် မေးတဲ့ မေးခွန်းလေးကို အတော်လေး သဘောကျ မိတယ်။ " အစ်မတို့ တွေကသာ မျက်ရည် မျက်ခွက်နဲ့  စိတ်ဆင်းရဲနေရတာ အစ်မချစ်သူ ညီမချစ်သူတို့ ကတော့ ပျော်နေကြမှာနော် " တဲ့  သူစိတ်မကောင်းစွာနဲ့  ပြောခဲ့တယ် ။

" အို့  အို ! အစ်မရေ  ကျမတို့ တွေဖက်က   သတိမရမိအောင် ကြိုးစားနေထိုင်ရင်း တခါတလေ  သူငယ်ချင်းတွေနဲ့  ရယ်လိုက်မောလိုက် မေ့မေ့ပျောက်ပျောက် ဖြစ်နေချိန်မှာတောင် လုံးဝမတွေးမိပဲ  မျှော်လင့်မထားမိတဲ့အချိန် ရုတ်တရက် သူ့ အကြောင်းခေါင်းထဲဝင်လာရင် စိတ်ထဲက  အလိုလို ဝမ်းနည်းလာတယ်။ ပြီးတော့ ရယ်နေတဲ့  မျက်နှာဟာ ချက်ချင်း ညိုးကျသွားခဲ့တာပဲလေ

သူတို့ ကရော  ပျော်ရွှင်နေတဲ့အချိန် ကျမတို့  နည်းတူ  ကျမတို့ အပေါ်  ဆိုးယုတ်ခဲ့တာတွေ ခေါင်းထဲ ရုတ်တရက်မဝင်ဘူး ထင်နေလား။ သူတို့ က  ပိုပြီး ဆိုးပါတယ်။ အရိပ်မဲဆိုတာ  အမြဲတမ်း လိုက်နေပြီးသားလေ " ကျမ ရိုးရှင်းတဲ့ အဖြေကို ပေးလိုက်ပါတယ် ။

ဒီနေရာမှာ  ကျမ တစ်ချက်ထောက်ပြ ချင်တယ်။ ရည်းစားနဲ့  ပြတ်သွားပြီးတဲ့နောက်  သူသူကိုယ်ကိုယ်
တွေးမိကြတဲ့  အမှားက " သူကတော့  ပျော်နေမှာ " ဆိုတဲ့  အတွေးပါပဲ။

ရေစက်ပါလို့   သူစိမ်းနှစ်ယောက် ရင်းနှီး ပတ်သက်ခဲ့ပြီးပြီ  သဘောထား မတူညီလို့  ကိုယ့်လမ်းကိုယ် ခွဲထွက်ခဲ့ပြီး  ကျန်နေခဲ့တာ ဖြစ်စေ၊ ချန်ထား ပစ်ခဲ့တာ  ဖြစ်စေ ဘာနှောင်ကြိုးမှ တွယ်ညှိနေဖို့   မလိုအပ်တော့ပါဘူး ။

ကိုယ်နဲ့  ပတ်သက်နေစဉ်ကာလမှာ  အကောင်းဆုံးပေးဆပ် ခဲ့ရသူတွေအတွက်  ပိုပြီးတောင်  ဝမ်းသာဖို့ 
ကောင်းပါတယ် ။ သူများသားသမီး ( အမှိုက်ထုပ် ) ခေါင်းပေါ် ရွက်ထားရတာ  ပစ်ချလိုက်ရလို့   ဝန်ပေါ့သွားတာလေ ။

ချစ်သူ အဖြစ် ရှိနေစဉ်  သူပျော်၏ မပျော်၏ အဆင်ပြေ၏  မပြေ၏ ဆိုတာ ထည့်စဉ်းစားတာ မှန်ပေမယ့် လမ်းခွဲပြီးတဲ့နောက်  ဘာလို့ ဝန်ထုပ်ဝန်ပိုးတွေ ယူနေရအုံးမှာလည်း  သူ့ ဘဝနဲ့ သူ  ကိုယ့်ဘဝနဲ့ ကိုယ်လေ။ အကောင်းဆုံး နည်းလမ်းက  ကိုယ့်ဘဝကို အကောင်းဆုံး ဆက်လျှောက်လှမ်းဖို့ ပဲ  လိုပါတယ် ။

" ငါကတော့  လဲပြိုကျလို့   သူကတော့ ပျော်နေမှာ " ဆိုတဲ့အတွေးက  နည်းနည်း အတ္တဆန်တယ်။ အဲ့ဒီ အတ္တက  တွေးရင်းတွေးရင်း ပိုပူလောင်စေ လာပါလိမ့်မယ် ။

ရှင်းရှင်း ပြောလိုက်ရရင်  အတူရှိစဉ် ကိုယ့်ဖက်က တတ်နိုင်သလောက် ဖေးမပေး ခဲ့ပြီးပြီ။ တန်ဖိုး မသိလို့   ကျောခိုင်းသွားပြီးမှ  ပြန်တမ်းတ နေစရာ မလိုအပ်တော့ဘူး ။

ဘာမှလည်း  မသက်ဆိုင်တော့တဲ့ ဘဝမှာ သူ့ ဟာသူ " ကျီးထိုးထိုး လဒစားစား " " လမ်းဘေး ခွက်တစ်လုံးနဲ့  တောင်းစားစား တိုက်ကြီးပေါ်နေနေ " ကိုယ့်အရေး မဟုတ်တော့ဘူး လို့ ပဲ  ခံယူလိုက်ပါ ။

လူတစ်ယောက်ရဲ့ စိတ်ကို  ဖမ်းဆုပ်ထားပြီး ပုံစံသွင်းလို့ မရသလို လူတစ်ယောက်ရဲ့  စရိုက်ကိုလည်း  ကိုယ်ပြောင်းပေးလို့  မရဘူးလေ။ ဘာလို့ လည်းသိလား။  သွေးသားရင်းတောင် ခံယူချက် ကွဲနေသေးတာ သွေးမစပ်တဲ့  သူစိမ်းဆိုတာ သူစိမ်းစိတ်ပဲ ရှိနေခဲ့လို့ ပါပဲ ။

MayNoe

No comments

Powered by Blogger.