ချစ်သူတွေကြား အညံ့ပျောက်စေတဲ့ ယတြာ
" သဲ ရေ "
" ဖြန်း "
ဟာ...
ကျုပ်ဖြင့် တကယ် ဘာမှ မလုပ်ရသေးဘူး.. နာမည် ခေါ်ရုံလေးနဲ့ဗျာ ပါးကို ရိုက်ချလိုက်တာ အီစိမ့်သွားတာပဲ
" ကိုကို ဘာလုပ်လို့လဲကွာ "
" တောင်းပန်ပါတယ် ကိုကိုရယ် မရိုက်လို့ မရလို့ပါ "
" အွန့် "
ကျုပ်မှာ မျက်ရည်လေး လည်တယ်တယ် နဲ့ စွံ့အပြီး ကျန်ခဲ့တယ် ... ။ မရိုက်လို့မရလို့တဲ့ ... ။ ရှိစေတော့လေ အကြောင်းရှိလို့ ဖြစ်မှာပဲ ဆိုပြီး နှစ်သိမ့်ရအောင် စိတ်ကူး လိုက်တယ် ။
" သဲရေ "
" ဖြန်း "
တင်းပြီလေ ။ ဂန်းနာမ ဘာမပြော ညာမပြောနဲ့ ပါးချည်း လှိမ့်ရိုက်နေတာ။ အော်မလို့ စိုက်ကြည့်လိုက်တယ် ။
" အဲ့လို မကြည့်ပါနဲ့ ကိုကိုရယ် မရိုက်လို့ မရလို့ပါ "
" အွိ "
ဒေါသထွက်ရမယ့် လူက ဟိုလိုဒီလိုနဲ့ ဒေါသကြီးက ပြူတစ်တစ် ဖြစ်နေတာပေါ့.. စိတ်တိုတာနဲ့ ဘာမှမပြောပဲ တစ်ဖက် လှည့်နေလိုက်တယ်
" ကိုကို မကျေနပ်ရင် သဲကို ပြန်ရိုက်ပါကွာ နော် "
" ဟွင်း "
" လာကွာ ရိုက်ပါကွာ ရိုက် ရိုက် "
ကျုပ်လက်ကိုပါ ဆွဲပြီး သူ့ကို ရိုက်ပေးနေတာ.. အဲလောက်ဆို ကိုယ်တွေက ပျော့ပြီလေ.. ပျော့တာမှ ပြဲလို့
" ဪ သဲရယ် "
" ဖြန်း "
" အုမ့် "
များသွားပြီ ။ နားကျောတွေပါ ကျင်တက် လာတယ် ။ သုံးချက်လေဗျာ စဉ်းစားကြည့်... ငတိမကို ပြန်ရိုက်ဖို့ထက် သတ်ပစ်ချင် လာတာ ။
" ဘာလို့ အဲလောက် ရိုက်နေတာတုန်း "
" စိတ်မဆိုးပါနဲ့ ကိုကိုရယ်
ရတယ် မကျေနပ်ရင် သဲကို ပြန်ရိုက်ပါ.. သဲ ပါးရိုက်တယ် ဆိုတာ အားလုံး ကောင်းဖို့ပါ "
" ငှါ "
" သဲပြောပြလို့ ရပါပြီ ပြောပြမယ်နော် "
" ပြောစမ်း "
" သဲ ဒီလထဲမှာ ကံနိမ့်နေတယ်တဲ့ အဲဒါ ဗေဒင်ဆရာက အညံ့ပျောက်ချင်ရင် ကိုယ့်ချစ်သူရဲ့ပါးကို ခပ်ဖွဖွ ရိုက်ပါတဲ့ "
" ဖာ့ခ် ခပ်ဖွဖွတဲ့လား "
သေနာမ.. ခပ်ဖွဖွသာ ပြောတယ်.. မကျေနပ်ချက်တွေ စုထားလား မှတ်ရတယ်.. နားကျောတွေပါ ကျင်လာတာပါဆို အဟုတ် ။
" သုံးချက်ပြည့်မှ ပြော ဆိုလို့ပါ "
" လာ အဲဒီ ဗေဒင်ဆရာဆီ သွားမယ် "
ငတိမကို ခေါ်ပြီး အဲ့ဆရာဆီ ချက်ချင်း ထသွားလိုက်တယ် ။ ရောက်တာနဲ့ ဗေဒင်ခ ဆိုပြီး ငါးထောင် ပစ်ပေးလိုက်တယ် ။
" ကျုပ်အညံ့ ဝင်နေလို့ ယတြာ ပေးပါလား "
မျက်လုံး မှိတ်ပြလိုက်တယ်.. ငတိက သဘော ပေါက်ပါတယ်.. ကျုပ်ပါးက သိသိ သာသာ ရောင်နေပြီကိုး
" အညံ့ပျောက်ချင်ရင် မင်းချစ်သူကို နားရင်းကို ကိုးချက်ဆင့်အုပ် အုပ် "
ဗေဒင်ဆရာတောင် စကားမဆုံးဘူး.. ငတိမ ပြေးတာ ဆိုတာ မှုံနေတာပဲ.. ဖမ်းချိန်တောင် မရဘူး..
လုပ်ချင်တာ လုပ်သွားပြီး အိမ်ဖက်တောင် ခြေဦး လှည့်မလာဘူးလေ.. နေနှင့်ဦး ပေါ့ကွာ စိတ်ပြေတယ် ထင်ပြီး ပြန်လာမှ ...
ကတောက်စ်
ငြိမ်းမောင်
NandaNyiNyiThwin
Post a Comment