Header Ads

နှလုံးသား ကင်းမဲ့တဲ့ မိန်းမတယောက်ရဲ့ ဆုတောင်း


စိတ်နှလုံးသား ကြည်ကြည်သာသာ ရှိတဲ့ အချိန်မှာ ဝင်လာတတ်တဲ့ အတွေး တစကြောင့် ကျမကိုယ် ကျမပြန် မုန်းမိပါတယ် မောင် ။ " မိန်းကလေးတို့  အိနြေ္ဒရွှေပေးလို့ မရ " ဆိုတဲ့ ဆိုရိုးစကားကို အသက်ထက် ပိုတန်ဖိုး ထားပြီး မိန်းခလေး တယောက်ရဲ့ တန်ဖိုး ကို စိတ်ဆန္ဒနဲ့ လဲမယူတတ်တဲ့ မိန်းမတွေတိုင်း အချစ်ရေးမှာ အမြဲတမ်း ကျရှုံး ဆုံးရှုံး ခဲ့ကြတာပဲလားလို့ သိချင်မိတယ် ။

မိဘအရိပ်ရဲ့ အဝေး တနေရာမှာ တက္ကသိုလ် ကျောင်းသူ တယောက်ရဲ့ လွတ်လပ်မှုကို အပြည့်ဝ ရယူနိုင်ပေမဲ့ စည်းဘောင် တခုထဲက ကျွန်မ အခွင့်ရေးဆိုတာကို လုံးဝ မယူခဲ့ပါဘူး ။  ကျမ မိဘရဲ့ ယုံကြည် လေးစားမှုကို အလွဲသုံးစား မလုပ်ရက် ခဲ့ ပါဘူး ။ ကျွန်မရဲ့ ဦးဏှောက်ထဲက သိတာ အချစ်ထက် မိန်းခလေး တယောက်ရဲ့ ဘဝကို ပိုပြီးတန်ဖိုး ထားသင့်တယ် ဆိုတဲ့ အယူအဆရယ် ၊  ပညာသင်ချိန်မှာ အပျော် ဆိုတာ သာမန်အတိုင်း အတာထက် မပိုသင့်ဘူး ဆိုတဲ့ အတွေးတွေပါ ။

ကိုယ်ပိုင် လွတ်လပ်ခွင့်ကို အပြည့်အဝ ယူမိလို့  ဘဝတခုလုံးကို ပေးလိုက် ရတဲ့ သူများ အဖြစ်တွေကို ကြည့်ပြီး မိန်းမသား ပီပီ ကြောက်ရွံ့ ခဲ့တယ် ။ တက္ကသိုလ်ကျောင်းသူ တယောက် ဖြစ်နေပါရက် ရိုးသားစွာ ကျမ ဘဝကို ကျော်ဖြတ်ခဲ့တယ် ။

ကျမ မိဘတွေရဲ့ ချွေးနဲ့  ရှာထားတဲ့ ငွေတွေကို အလကား ဖြုန်းတီး ရမှာကို ကျမ ရှက်တယ် ။ မိဘတွေကို တန်ဖိုးမဲ့ တချို့နေရာမှာ သုံးမိတိုင်း လိပ်ပြာမသန့်သလို ခံစားခဲ့ရ ပါတယ် ။ ကျမ အားနာမိတယ် ။ မွေးလာထဲက အယူပဲ ရှိခဲ့တဲ့ မိဘအပေါ် အားနာစိတ် ထားမိခြင်းထဲမှာ မိဘ ကွယ်ရာမှာ ချစ်သူ ရည်းစား မထားဖို့  ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အတူ ကျမအပေါ် တန်ဖိုးထားပြီး ချစ်ခဲ့တဲ့ " မောင် " ပါသွားခဲ့ ပါတယ် ။

ငါ့ ရည်မှန်းချက်တွေ အောင်မြင်တဲ့ တစ်နေ့မှာ ငါနဲ့ ထိုက်တန်တဲ့ ချစ်သူကို တွေ့မှာပါ ဆိုတဲ့ မာန စိတ်ဟာ နှလုံးသားကို တဒင်္ဂ နာကျင်စေ ပေမယ့်လည်း ဘဝအတွက်တော့ ဆေးဖက်ဝင်စေ ခဲ့ပါတယ် ။

မိန်းမသား ဆိုတာက ကိုယ့်တန်ဖိုး ကိုယ်ချမှ ကျတာ ဖြစ်သလို ကိုယ့်တန်ဖိုးကို ကိုယ်ကပဲ မြှင့်မှ ရတာပါ ။ အခု ချိန်မှာ အချစ်နောက်ကို မလိုက်ခဲ့လို့ ကိုယ့်ခြေထောက်ပေါ် ကိုယ် တင့်တင့် တယ်တယ် ရပ်တည်နိုင်တဲ့ မိန်းမသား ဘဝကို ပိုင်ဆိုင်ခဲ့ ပါပြီ ။ မတော်တဆနဲ့ ကျောင်းသူ ဘဝမှာ စိတ်အလို ဆန္ဒနောက် လိုက်ခဲ့မိရင် ဒီနေ့ ဒီအချိန် ပွဲလယ်တင့်တဲ့ မိန်းမသား အဖြစ် မြင်တွေ့ရဖို့  မသေချာပါဘူး ။

" ငါ့အချစ်ကို တန်ဖိုး မထားတဲ့ မိန်းမ " " ငါ့ မေတ္တာကို အသိအမှတ် မပြုတဲ့ မိန်းမ " တဲ့လား မောင် ။ ကျောင်းသူ ဘဝမှာ ကျမရဲ့ ရင်ထဲက သံယောဇဉ်တွေ လူတကာ ပေါ်မှာထက် မောင့်အပေါ်မှာ ပိုခဲ့ ပါတယ် ။ ကျမကို အရိပ်လို အမြဲ လိုက်စောင့်ရှောက်တဲ့ မောင့် ကို နှလုံးသားထဲက နှစ်နှစ် ကာကာ ချစ်ခဲ့ပေမဲ့ မောင်နှမလို ခင်မင်တဲ့ အတိုင်းအတာပဲ ပေးခဲ့မိတာ ကျမ မှားသွားလား ။

" ဖက်ပေါ် ဆူးကျ လည်း ဖက်ပဲ ပေါက်တယ် ၊ ဆူးပေါ် ဖက်ကျလည်း ဖက်ပဲ ပေါက်ရတဲ့ " မိန်းမသား ဘဝဆိုတာ မေ့ထားလို့ မရခဲ့ဘူးလေ ။ အမှား တစ်ခုကို မကျူးလွန် မိအောင် ထိန်းသိမ်းရင်း ကျမတို့တတွေ ပညာတွေ တတ်မြောက်လို့ ကိုယ်စီ အသီးသီး ကိုယ့်လမ်း ကိုယ်လျှောက် ထွက်ခွာသွားကြပြီ ။

" မင်းလို နှလုံးသား မရှိတဲ့ မိန်းမမျိုးနဲ့ ဘဝဆက်တိုင်းမှာ  မတွေ့ပါရစေနဲ့ လို့ ဘုရားတွေ ဖူးတိုင်း ငါ ဆုတောင်းနေမယ် " ဆိုပဲ ။ ဆယ်ကျော်သက် မိန်းခလေးရဲ့ တန်ဖိုးကို အသက်ထက် တန်ဖိုး ထားခဲ့တဲ့ ကျမ အမြင် လွဲမှားခံရတဲ့ ကျမသာ နေသား တကျ မဖြစ်နိုင်သေးတဲ့ အလွမ်းတွေ ထဲမှာ နောင်တ တရားမဲ့စွာ ပျော်ဝင် စီးဆင်း နေဆဲပါ ။

" သူ့ရဲ့ အရိပ်ဟာ ကျမအတွက် မဖြစ်ရင် နေပါစေ ကျမရဲ့ အရိပ်ဟာ သူ့အတွက် ဖြစ်စေချင်တယ် "

" မျက်နှာသာပေး မခံရတဲ့ ကျမရဲ့ နှလုံးသားကို သနား မိပေမဲ့ သူ့ရဲ့ နှလုံးသားလေး အေးချမ်းဖို့ အတွက် ကျမရဲ့ နှလုံးသားလေး စတေး ပေးချင် မိတယ် "

" မျက်နှာလိုက် ခံရတဲ့ အချစ်ကို စိတ်နာ ပေမဲ့ သူပျော်ဖို့ ကျမရဲ့ အချစ်ကို ကစားခွင့် ပေးနိုင်ပါတယ် "

" မျက်နှာလွဲ ခံရတဲ့ ကျမရဲ့ ကံတရားကို မုန်းမိပေမဲ့ သူကံကောင်းဖို့  အမြဲတမ်း ဆုတောင်းပေးနေမိ ပါတယ် "
သူ ဘယ်အရပ်ဆီ ကျောခိုင်းထွက်သွားမှန်း မသိပေမယ့် ဘဝအမောတွေ အေးငြိမ်းနေတဲ့ အချိန်တွေဆို  သတိရ လွမ်းဆွတ် စိတ်နဲ့ မောင့်အတွက် မေတ္တာ ပို့သမြဲပါ ။ သို့သော် ဒီ တဘဝလုံး အတွက် ချုပ်ငြိမ်းသွားပေမဲ့ သံသရာ တကွေ့မှာ နှလုံးသား မဲ့တဲ့ မိန်းမ တယောက် မောင်နဲ့ ပြန်ဆုံပါရစေ ။

MayNoe

No comments

Powered by Blogger.