အပေါ်ယံကိုပဲကြည့်ပြီး မဝေဖန်ကြပါနဲ့
စာသင်ခန်းထဲတွင် ဆရာမက ကျောင်းသား ကျောင်းသူများအား အဖြစ်အပျက် တခုကို ပြောပြနေသည် ။
" လင်မယား နှစ်ယောက် စီးနင်း လိုက်ပါလာတဲ့ သင်္ဘောတစ်စင်း နစ်မြုပ် သွားတယ် ။ အချိန် တော်တော်ကြာတော့မှ အသက်ကယ် လှေတစ်စင်း ရောက်လာတယ် ။ အသက်ကယ် လှေပေါ်မှာ နေရာ ဆိုလို့ တစ်နေရာဘဲ ကျန်တော့တယ် ။ အဲဒီအချိန်မှာ ယောက်ျားဖြစ်သူက သူ့မိန်းမကို သူ့အနောက် ဆွဲချလိုက်ပြီး သူကိုယ်တိုင် အသက်ကယ်လှေပေါ် ခုန်တက် လိုက်တယ် ။ အဲဒီ အမျိုးသမီး ကတော့ တဖြည်းဖြည်းချင်း နစ်မြှုပ်နေတဲ့ သင်္ဘောပေါ်မှာ ရပ်ပြီး သူ့ယောက်ျားကို စကားတစ်ခွန်း အော်ပြောလိုက်တယ် "
ထိုနေရာအထိ ပြောပြီးတော့ ဆရာမက ကျောင်းသားတွေကို မေးလိုက်တယ်
" မင်းတို့ ခန့်မှန်းကြည့်စမ်း
အမျိုးသမီးက ဘာအော်ပြောလိုက်သလဲ ? "
ကျောင်းသားတွေကတော့ အလုအယက် ဒေါနဲ့မောနဲ့ အော်ပြောကြတယ်
" ငါနင့်ကို မုန်းတယ် … ငါကို ထားပစ်ရက်တယ် … "
အဲဒီအချိန်မှာ ဆရာမက ကျောင်းသူလေး တစ်ယောက်ကို ဘာမှ မပြောတာကို သတိထားမိတော့ ဆရာမက သူ့ကို မေးလိုက်တယ် ။ အဲဒီကျောင်းသူလေးက ပြန်ဖြေလိုက်တယ်
" ဆရာမ သမီး ထင်တယ်
အဲဒီ အမျိုးသမီး အော်ပြောလိုက်မှာက ငါတို့ကလေးကို ကောင်းကောင်း ဂရုစိုက်ပေးပါ လို့ "
ဆရာမက အံ့သြသွားတယ် ။ ပြီးတော့ သူ့ကို ပြန်မေးလိုက်တယ်
" အဲဒီ ပုံပြင်ကို နားထောင်ဖူးလို့လာ ? "
ကျောင်းသူလေးက ခေါင်းကို ခါပြီး ပြောလိုက်တယ်
" ဟင့်အင်း … သမီး မေမေ နေမကောင်းဖြစ်ပြီး ဆုံးခါနီးမှာ ဒီစကားဟာ သူ ဖေဖေ့ကို ပြောခဲ့တဲ့စကားပါ "
ဆရာမက ပြောတယ်
" အဖြေ မှန်ပါတယ်ကွယ် ။ သင်္ဘော နစ်မြှုပ်သွားပါတယ် ။ ယောက်ျားက သူ့မြို့ကို ပြန်ရောက်ပြီး သမီးလေးကို ကြီးပြင်းလာတဲ့အထိ ကိုယ်တိုင်ပြုစု စောင့်ရှောက်ပေးခဲ့တယ် ။ နှစ်ပေါင်းများစွာ ကြာပြီးနောက် အဲဒီယောက်ျားဟာလဲ ရောဂါနဲ့ ဆုံးပါးသွားတော့ သမီးဖြစ်သူက သူကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို ရှင်းတော့မှ သူ့ဖေဖေရဲ့ နေ့စဉ် မှတ်တမ်း စာအုပ်ကို တွေ့တယ် ။
အဲဒီ အချိန်ရောက်မှ သူသိလိုက်တယ် ။ ဖေဖေနဲ့ မေမေ သင်္ဘောအတူ စီးတဲ့အချိန်မှာ မေမေ့ရောဂါဟာ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ ။ အရေးပေါ် အချိန်မှာ ဖေဖေဟာ အသက်ရှင်ဖို့ တစ်မျှင်သာ ရှိတဲ့ နေရာကို အရောက် ပြေးခဲ့တယ် ။ သူ့ရဲ့ မှတ်တမ်းစာအုပ်မှာ ရေးထားတာက " ငါ မင်းနဲ့ ဒီပင်လယ်အောက်ကို အတူတူသာ နစ်မြှုပ် သွားလိုက်ချင် ပါတယ် ။ ဒါပေမဲ့ ဒါဟာ မဖြစ်နိုင်ပါဘူး ။ သမီးလေးအတွက်ကြောင့် ဒီပင်လယ်ရေနက် အောက်မှာ နင်တစ်ယောက်တည်းကိုဘဲ ထားခဲ့လိုက်ရ တာပါ "
ပုံပြင်ပြောလို့ ပြီးသွားပါပြီ ။ အခန်းထဲမှာလဲ ငြိမ်သက် သွားပါတယ် ။ ဆရာမက သိတယ် ။ သူ့ကျောင်းသားတွေ ဒီပုံပြင်ရဲ့ အနှစ်သာရကို နားလည်လိမ့်မယ်လို့ ။
ဒီလောကမှာ ရှိတဲ့ ကောင်းခြင်းဆိုးခြင်း ဆိုတာတွေ တခါတလေမှာ ပွေလီ ရှုပ်ထွေးလှ ပါတယ် ။ ပိုင်းခြားရမှာ ခက်ခဲလှပါတယ် ။ ဒါကြောင့် အရာရာတိုင်းကို အပေါ်ယံဘဲကြည့်ပြီး အလွယ်တကူ ဝေဖန်ပိုင်းခြားလို့ မရပါဘူး ။
ပိုက်ဆံ ရှင်းချိန်မှာ ပိုက်ဆံ အရင် ထုတ်ပြီး ရှင်းတဲ့သူဟာ သူ ပိုက်ဆံ အရမ်း ချမ်းသာနေလို့ မဟုတ်ဘူး ။ သူက ဒီသူငယ်ချင်း သံယောဇဉ်ကို ငွေကြေးထက်ပိုပြီး အလေးထားလို့ပါ ။ အလုပ် လုပ်ချိန်မှာ အသိစိတ်နဲ့ ပိုပြီး ကြိုးစားလုပ်တဲ့သူဟာ သူ အ နေလို့မဟုတ်ဘူး ။ သူက တာဝန်သိတတ်လို့ပါ ။
ရန်ဖြစ်တဲ့အချိန်မှာ အရင်ဆုံး တောင်းပန်တဲ့သူဟာ သူမှားနေလို့ မဟုတ်ဘူး ။ ကိုယ့်ဘေးက လူကို သူ တန်ဖိုးထားရမှန်း သိနေလို့ပါ ။ မင်းကို အမြဲ ကူညီနေတဲ့သူဟာ မင်းဆီကနေ တစ်ခုခုပြန်ရဖို့ တောင့်တနေတာ မဟုတ်ဘူး ။ မင်းကို သူငယ်ချင်း အစစ် တစ်ယောက်အနေနဲ့ တန်ဖိုးထားလို့ပါ ။ မင်းကို အမြဲ မက်ဆေ့ပို့ ဆက်သွယ်နေတဲ့ သူဟာ သူအားယားနေလို့ မဟုတ်ပါဘူး ။ ဒါဟာ သူ့ စိတ်ထဲမှာ မင်း ရှိနေလို့ပါဘဲ ။
ဒေါက်တာရွှေထွန်း
Post a Comment