Header Ads

အိမ်ထောင်တစ်ခုမှာ အချစ်က အဓိကကျလား..


အိမ်ထောင် တစ်ခုမှာ အချစ်က အဓိက အကျဆုံးလား? သမီးရည်းစား ဘ၀မှာတော့ အချစ်က ကြည်နူးစရာ အကောင်းဆုံးပဲ။ သာသာယာယာပေါ့။ သူ့ မျက်နှာလေး ကိုယ်ကြည့်၊ ကိုယ့်မျက်နှာလေး သူကြည့်နဲ့။ တစ်ခါ၊ တစ်ခါ ရန်ဖြစ်လို့ရှိရင် မျက်ရည်လည်ရွှဲ၊ နှာချီးတွဲလောင်း လေးနဲ့ကတောင် ချစ်စရာ ကောင်းနေသေးတာ။

သမီးရည်းစား ဘ၀မှာ ကိုယ့်လက်လေး ကိုင်ထားတဲ့ သူ့ အပြုအမူလေးကြောင့် သူရှိရင် ကမ္ဘာကြီးကိုပဲ ရင်ဆိုင်ရဲသလိုလို။ ဒီလိုနဲ့ပဲ သူနဲ့အတူ ကမ္ဘာကြီးကို ရင်ဆိုင်မယ် ဆိုပြီး နှစ်ယောက်ပေါင်းပြီး ဘ၀ တည်ထောင်ကြတယ်။

ဒီနေရာမှာ ချစ်နေတာ တစ်ခုတည်းနဲ့ ပြီးသွားမှာတဲ့လား? ကိုယ့်ဘာသာကိုယ် လူပျို ၊ အပျို ဘ၀မှာ ထမင်းဆိုတာ စားချင်တဲ့အချိန် စား။ အခန်းသန့် ရှင်းရေးတောင် လုပ်ချင်တဲ့ အချိန်မှ လုပ်တာ။ နေ မကောင်းချင်သလိုလို၊ စိတ်ဓာတ်ကျချင်သလိုလို ဖြစ်လာရင် ကိုယ့်ဘာသာ စိတ်ပြေလက်ပျောက် နားနေမလား၊ အပြင် သွားမလား လုပ်လို့ရတယ်။

အခုတော့ ကိုယ့်ဘ၀ထဲမှာ ကိုယ်ချည်းပဲမှ မဟုတ်တော့တာ။ ကိုယ့်ကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေမယ့် လူတစ်ယောက်ရှိတယ်။ တစ်ဖက်ကလည်း ငါ အရမ်းကြီး လိုက်ကြည့်နေရင် သူအနေအထိုင် ကျဉ်းကျပ်နေမလားဆိုတဲ့ နားလည်မှု ရှိရမယ်။

တစ်ဖက်ကလည်း ငါ စိတ်မကောင်းနေရင်တောင် အခုတော့ ငါတစ်ယောက်ထဲ မဟုတ်တော့ဘူး။ မျက်နှာညှိုးနေတဲ့ ငါ့ကို ကြည့်ပြီး သူ့ စိတ်ထဲ ဘယ်လို ခံစားရမလဲ? သူ့ ကြောင့် မဟုတ်ဘူးဆိုတာ ပြောပြထားမှပါလေ ဆိုတဲ့ သူ့ နေရာက တွေးတတ်တဲ့ ကိုယ်ချင်းစာစိတ် ရှိရမယ်။

အရင်က လူလွတ်ဘ၀မှာ ကိုယ်လိုချင်တာ ၀ယ်လိုက်တယ်။ ပိုက်ဆံ ကုတ်သွားရင် ဗိုက်မှောက်နေလိုက်တယ်။ ဖျားရင်လဲ ပေပေတေတေပဲ ဆိုတဲ့ သူ...။ အိမ်ထောင်ကျသွားရင် ကိုယ့်ဘ၀ထဲကို ခေါ်သွင်းခဲ့တဲ့ သူတစ်ယောက် ရှိတယ်။ သူက ဧည့်သည်။ ကိုယ်က အိမ်ရှင်။ ဧည့်ဝတ် ကျေရတယ်။ ကိုယ်က ဗိုက်မှောက်နေလို့ ရရင်တောင် သူ့ ကိုဗိုက်မှောက် နေခိုင်းလို့ မဖြစ်ဘူး။

အဲ့ဒီမှ စပြီး ချိုးခြံချွေတာရပြီ။ ဘ၀နှစ်ခု ပေါင်းစပ်ခဲ့ကြတာလေ။ လွယ်တာမှ မဟုတ်တာ။ ဖိတ်စာတွေပေါ်မှာ နာမည်နှစ်ခု ပါလာသလို Bill တွေ ပေါ်မှာလဲ နာမည် နှစ်ခုပါလာတယ်။ တစ်ခါတစ်ရံ ငွေကြေး အကျပ်အတည်းဖြစ်တဲ့အခါ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု၊ လေးစားမှု၊ ငဲ့ညာမှုတွေ လိုအပ်တယ်။

သူ ပိုသုံးလို့၊ ကိုယ် ပိုသုံးလို့၊ သူ အသုံးမကျလို့၊ ကိုယ် အသုံးမကျလို့ ဆိုတဲ့ စကားတွေထက် အတူရင်ဆိုင် ဖြေရှင်းမယ် ဆိုတဲ့ စည်းလုံးမှုတွေ လိုအပ်တယ်။ တစ်ခါတစ်ရံမှာပေါ့...။ လူတွေကြားမှာ သတင်းတွေ ထွက်လာတယ်။ သူမှားတာလဲ ရှိမယ်။ ကိုယ်မှားတာလဲ ရှိမယ်။ မလိုသူတွေလဲ ရှိမယ်။

ဒီနေရာမှာ ယုံကြည်မှုနဲ့ လေးစားမှုက အရေးအကြီးဆုံးပဲ။ သူ့ ဂုဏ်သိက္ခာကလည်း ကိုယ့် ဂုဏ်သိက္ခာပဲ။ သူ အသုံးမကျဘူး ဆိုရင် သူ့ ကို ရွေးချယ်ခဲ့တဲ့ကိုယ် အသုံးမကျသလိုပဲ ဖြစ်သွားမှာ။ ဒီအချိန်မှာ မေတ္တာတွေ လိုတယ်။ နားလည်မှုတွေ လိုတယ်။ သဘောထား ကြီးမှုတွေ လိုတယ်။ ပညာရှိဖို့ လိုတယ်။ မဟုတ်ရင် အရာအားလုံး ပျက်ဆီးသွားလိမ့်မယ်။

ပ၀ါဖြူကို စိတ်လိုက်မာန်ပါနဲ့ အမဲရောင် ဆိုးဆေး ပတ်လိုက်တာ အလွယ်လေးပါ။ မလိုချင်တော့လို့ ပ၀ါဖြူ ပြန်ဖြစ်သွားအောင် လုပ်ဖို့ဆိုတာ ချွတ်ဆေးတွေ ကောင်းခဲ့ရင်တောင် Quality တောင် ကျသွားမှာပဲ။ ဒီအချိန်မှာ ကိုယ်လုပ်တော့မယ့် လုပ်ရပ်တစ်ခု၊ ကိုယ်ပြောတော့မယ့် စကားတစ်ခွန်းအတွက် ချင့်ချိန်နိုင်စွမ်း၊ သည်းခံနိုင်စွမ်းတွေ လိုတယ်။

နောက်ဆုံးကျတော့ အိမ့်ဆည်းလည်းလေးတွေ ဘ၀ထဲကို ခေါ်ဆောင်တော့မယ် တဲ့။ ဆည်းလည်းသံ ဆိုတာ အချိန်တိုင်း သာယာနေမယ် လို့ ယူဆလို့ မရဘူး။ ကိုယ့် စိတ်ခံစားချက်အပေါ် မူတည်ပြီး နားငြီးလိုက်တာဆိုတဲ့ စိတ်တွေ ဖြစ်လိမ့်မယ်။ ဒါ ဆည်းလည်းလေးတွေကို အပြစ်တင်လို့ မရဘူး။

ပြောင်းလဲနေတဲ့ ကိုယ့်ရဲ့ စိတ်၊ စိတ်ညစ်စရာတွေ ရှိနေတဲ့ ကိုယ့်ရဲ့ ဘ၀ကိုပဲ ဘယ်လို ပြောင်းလဲအောင် လုပ်ရမလဲလို့ စဉ်းစားရမှာ။ အချစ်ရှိရင် တူနှစ်ကိုယ် တဲအိမ်ထဲလဲ နေနိုင်တယ်။ ထမင်းကြမ်းလဲ စားနိုင်တယ်လို့ ဆိုခဲ့ရင်တောင် ကိုယ်ရဲ့ မွေးလာမယ့် မျိုးဆက်၊ သားသမီး လူ့ လောက အလယ်မှာ ရှင်သန်နိုင်ဖို့အတွက် တာဝန်သိတတ်မှုဆိုတာ လိုတယ်။

ကျပ်တည်း လာတဲ့အခါ အသုံးမကျ လိုက်တာလို့ မမြင်ပဲ သူအစွမ်းကုန် ကြိုးစားနေတာပဲလေ ဆိုတဲ့ လေးစားမှုတွေလိုတယ်။ ငါ ဘာကူလုပ်ပေးရမလဲ ဆိုတဲ့ သိတတ်မှုတွေ လိုတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ လူဆိုတဲ့ အမျိုးတွေအတွက် ဘ၀နှစ်ခု ပေါင်းစပ်ဖို့ ဆိုတာ၊ ချစ်နေရုံနဲ့ မရဘူး။

ဘ၀နှစ်ခု ပေါင်းစပ်နိုင်ဖို့အတွက်၊ ဒီ လူ့ လောက၊ လူ့ ပတ်ဝန်းကျင်မှာ ရှင်သန်နေနိုင်ဖို့ အတွက် တာဝန်ယူတတ်မှု၊ လေးစားမှု၊ နားလည်မှု၊ မေတ္တာထားဖို့ စတဲ့ အရာတွေ အများကြီး လိုအပ်နေတယ်...။

Credit မူရင်းရေးသူ

No comments

Powered by Blogger.