အချစ် နဲ့ အကြိုက်
xxxxxxxxxxxxx
ယောင်္ကျားကြိုက်တော့ ဆိုက်ဆိုက်လာ မိန်းမကြိုက်တော့ မျော်လိုက်တာ စကားပုံ ရှိပါသေးတယ်၊ ကြိုက်မရှက်၊ ငိုက်မရှက်| ငတ်မရှက်တဲ့ ဒီတော့.. အကြိုက်နဲ့ အချစ် ဘာကွာသလဲ ကျွန်တော့ရဲ့ အမြင်ကတော့ ရောတော ယောင်တောင်ပါပဲ၊ အချစ်လည်း အကြိုက်၊ အကြိုက်လည်း အချစ်၊ သိပ်အကွာကြီးလို့ မထင်ခဲ့ပါဘူး။
တကယ် ခွဲခြမ်းပြီး ပြောရမယ် ဆိုရင်တော့ အကြိုက်ဆိုတာ အနည်းဆုံးတော့ အချစ်ရဲ့ နိဒါန်း ဖြစ်မှာပါ။ အကြိုက် ဆိုတာ “နှစ်သက်မှု” ဆန်ပြီး၊ အချစ် ဆိုတာ “ မေတ္တာသက်ဝင်မူ” ပိုဆန်ပါတယ်။ ချစ်ခြင်းအစ ကြိုက်ခြင်းက ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် လူငယ်တွေရဲ့ မြင်မြင်ချင်း ချစ်မိတယ်ဆိုတာ၊ မြင်မြင်ချင်း ကြိုက်မိတဲ့ အဆင့်မှာပဲ ရှိအုန်းမှာပါ။
အကြိုက်နဲ့ အချစ်ကို မသဲကွဲလို့ အကြိုက်ကို အချစ်လို့ ထင်လိုက်တာပါ။ အကြိုက်နဲ့ အချစ်ကို သဲသဲကွဲကွဲ ခွဲခြား တတ်ရင် သာယာတဲ့ အိမ်ထောင်ရေး တစ်ခုကို တည်ဆောက်ဖို့ အထောက်အကူ ဖြစ်နိုင်ပါတယ်။ သင်သာ ပန်းတစ်ပွင့် ဖြစ်ခဲ့မယ်ဆိုရင် ကြိုက်တဲ့လူက ပန်းကို ခူးချင်တယ်။ ချစ်တဲ့လူက ပန်းကို ရေလောင်းချင်ပါ တယ်။
အကြိုက်ဟာ ပိုင်ဆိုင်မှုကို နှစ်သက်တတ် ပြီး၊ အချစ်ဟာ ပေးဆပ်မူကို ဦးစားပေးတဲ့ သဘောပါ။ အကြိုက်ဆိုတာ သင့်ထံကို လက်ဖျန့်ပြီး အချစ်ဆိုတာ သင့်လက်ကို မြဲမြဲ ဆုပ်ကိုင်ထားခြင်းပါ။ ကြိုက်တဲ့လူက “ မင်းဟာ ငါ့အတွက်ပဲ၊ မင်းကို ငါပိုင်ဆိုင်တယ်” လို့ကြွေးကြော်ပြီး ချစ်တဲ့လူ ကျတော့..... “ ငါဟာ မင်းအတွက်၊ ငါမင်းကို ဘာလုပ်ပေးရမလဲ” လို့ ကြံဆောင်နေပါတယ်။
ကြိုက်တဲ့လူဟာ နီးနီးကပ်ကပ် နေချင်တယ်လို့ တစ်ဖွဖွ ပြောဆိုတတ်ပြီး ချစ်တဲ့လူကျတော့ မခွဲမခွါ ဖြစ်အောင် အ မြဲကြိုးစား နေတတ်ပါတယ်။ အချစ်ရဲ့ လှပခြင်းဆိုတာ အချစ်ဦးရဲ့ အရူးအမူး မဟုတ်သလို.. ကဗျာဆန်ဆန်၊ စာဆန်ဆန် ၊ Romantic ဖြစ်တာလည်း မဟုတ်ပါ။ အချစ်ရဲ့ လှပခြင်းဟာ အေးအတူ ပူအမျ ရွှေလက်တွဲနိုင်ကြပြီး၊ အတူတကွ အိုမင်းသွားကြခြင်းပါ။
အဲဒီ အိုမင်းသွားတဲ့ ဘ၀ခရီးလမ်းတစ် လျှောက် ကိုယ်က အပြည့်အ၀ ချစ်တယ်၊ ချစ်ခြင်းလည်း အပြည့်အ၀ ခံရတယ် ဆိုရင် ဒါ “အချစ်” ရဲ့ အနစ်သာရ စစ်စစ်ပါ။ အချစ်စစ် ဆိုတာ နှလုံးသားထဲကို အရင် ဝင်လာတဲ့လူ မဟုတ်သလို၊ အကြာကြီး ရည်းစားဖြစ်လိုက်တဲ့ ငယ်ကျွမ်းဆွေလည်း မဟုတ်ရပါ။
အချစ်စစ်ဆိုတာ၊ ဘ၀ထဲဝင်လာပြီး၊ ဘယ်တော့မှ ပြန်မထွက် သွားတော့တဲ့သူပါ။ အိမ်ထောင်သက် ဘယ်လောက်ပဲ ရှည်ကြာရှည်ကြာ နောင်ဘ၀ရှိခဲ့ရင် “ မင်းနဲ့ အတူ နေချင်သေးတယ်” လို့ ဆုတောင်းနေတတ်တဲ့သူပါ။ လောကမှာ ပြည့်စုံတဲ့သူဆိုတာ မရှိပါဘူး၊ အချစ်ဆိုတာ အပြစ်၊ အနာအဆာ နဲ့ လည်း မကင်းပါဘူး၊ အဲဒီ အနာအဆာနဲ့ အားနည်းချက်ကိုပါ ချစ်မိသွားလို့ပါ။
မင်းကို နိုင်တဲ့လူ ဆိုတာ၊ မင်းချစ်တဲ့သူပါ။ မင်းဒဏ်ကို ခံနိုင်တဲ့လူကျတော့၊ မင်းကို ချစ်တဲ့သူပါ။ တန်ဖိုးထားတတ်ပါမှ၊ အချစ်စစ်ဘ၀နဲ့ ထိုက်တန်မှာပါ။ တန်ဖိုးထား နိုင်ကြပါစေ။ ။
Ref: we chat
Credit Sayar Aung Ko Latt





Post a Comment