ချစ်ခြင်းတစ်ခု ပြိုင်ကြရာဝယ်
ကျွန်တော် သူ့အိပ်ရာဘေးကို ဖြည်းဖြည်းလေး ထိုင်လိုက်သော်လည်း သူ နိုးသွားသည်။
“ မောင် … ပြန်လာပြီလား ”
“ နိုးသွားပြီလား … မောင်က နိုးသွားမှာ စိုးရိမ်နေတာ ”
“ မအိပ်ပါဘူး မောင်ရယ် … မှေးပြီးတော့ စိတ်ကူး ယဉ်နေတာ ”
“ ဘာတွေ စိတ်ကူး ယဉ်နေတာလဲ ”
“ မောင် လက်ထပ်ခါစက ပြောတဲ့ စကားလေ ”
“ မောင် ပြောခဲ့တာ အများကြီးပဲ … ဘာများလဲကွယ် ”
“ တစ်နေ့ စိန်နားကပ်လေး ဝယ်ပေးမယ် ဆိုတာလေ ”
ရင်ထဲ စို့နင့် သွားမိသည် ...
နောက်ဆုံး အချိန် ဖြစ်နေပြီ ဖြစ်သော ချစ်ရသူကို တောင်းပန်ယုံမှ လွဲ၍ ဘာများ တတ်နိင်ဦး မှာလဲလေ …
“ မောင့် ကို ခွင့်လွှတ်ပါကွာ … မောင် ကတိ မတည်နိုင် ခဲ့ပါဘူး ။ ဒီ ရွှေနားကပ်လေးနဲ့ပဲ နှစ်ပေါင်းများစွာ ပစ်ထား ခဲ့သလို ဖြစ်နေခဲ့ရတာ ”
“ သတိရလို့ ပြောတာပါ မောင်ရယ် … မောင့်ကို ပူဆာနေတာ မဟုတ်ပါဘူး ”
ကျွန်တော့် ဇနီးက အားယူပြီး ပြုံးနေမှန်း သိသာသည် ။ သူမျက်နှာတွေက ဖြူဖျော့ နေသည် ။ ခါတိုင်းထက် သိသာလွန်း နေသည်မှာ သူ့ကိုယ်သူပင် မထူနိုင်၊ မထိုင်နိုင် ဖြစ်နေခြင်းပင်။
“ ဆေးသောက် ပြီးပြီလား ”
“ မသောက်ရသေးဘူး ။ အဲဒီဆေးတွေ မသောက်ချင်တော့ ပါဘူး မောင်ရယ် ။ ဒီအတိုင်း မြန်မြန်ပဲ အသက်ထွက်သွား ချင်မိတယ် ”
“ အို ဘယ်လို ပြောလိုက်တာလဲ … ဆရာဝန်က ဒီဆေးတွေ ကုန်ရင် ပျောက်ပြီတဲ့ ”
“ မောင်ရယ် … ကျွန်မ သိပါတယ်။ ဘာဖြစ်လို့ ညာချင်ရ တာလဲ ”
“ မောင်မညာဘူး ။ တကယ်ပြောတာ ။ ဒါတွေက နောက်ဆုံးပေါ် ဆေးတွေတဲ့ ။ ဈေးလည်း အရမ်း မကြီးဘူး ။ အို ဆောရီး … ”
“ မောင် … ကျွန်မကို မညာတတ်ဘဲ မညာချင်ပါနဲ့ ”
“ ဒါနဲ့ … မောင် သုံးရက်လောက် ခရီးထွက်မယ် ။ မေမေ လာပြီး ချစ်နဲ့ နေပေးလိမ့်မယ် ။ ဖြစ်ရဲ့လားဟင် ”
“ ရပါတယ် မောင်ရယ် … ခါတိုင်လည်း သွားနေတာပဲ ”
ကျွန်တော် ခရီး ထွက်ခဲ့ရသည်။ အလုပ်များ ပြီးစီးအောင် အမြန် လုပ်ဆောင်ရ သည် ။ ကျွန်တော် ပိုင်ဆိုင်သော နယ်မှခြံနှင့် အလွန်မြတ်နိုးသော လက်ပတ်နာရီလေး တစ်လုံးကို ရောင်းလိုက် ရသည် ။ ယနေ့ သူ့အတွက် ကျွန်တော် စိန်နားကပ်လေး တစ်ရံကို ဝယ်လာနိုင် ခဲ့သည် ။
ဝမ်းသာ အားရနှင့် အိမ်ကို ပြန်လာခဲ့ ချိန်တွင် သူက အိပ်ရာထက်တွင် မလှုပ်မရှက် ငြိမ်သက်စွာ လှဲလျောင်းနေပြီ။ မေမေက မျက်ရည်တွေ ကြားမှ
“ ဒီမနက်ပဲ ဆုံးသွားတာ သားရယ် ။ ငြိမ်ငြိမ် သက်သက်လေး အသက် ထွက်သွား တာပါ ။ တို့အားလုံး အနားမှာ ထိုင်နေတာ သိတောင် မသိလိုက် ပါဘူးကွယ် ”
မေမေက ကျွန်တော့်ကို ဆီးပြောသည်။ ကျွန်တော့် လက်ထဲတွင် ကိုင်လာသော စိန်နားကပ် ဘူးလေးကို ကိုင်ထားပြီး ဘာလုပ်ရမှန်း မသိ ငိုင်နေ မိသည် ။
“ သား … မသေမီ သားအတွက် ဆိုပြီး ဒီဘူးလေးနဲ့ စာလေး တစ်စောင် ထားသွားတယ် ”
ဘူးလေးကို ကျွန်တော် ဖွင့်ကြည့် လိုက်သည့် အခါ လက်ပတ် နာရီ တစ်လုံး ဖြစ်သည် ။ စာထဲတွင်
မောင်
မောင့် နာရီက ဟောင်းနေပြီ
နာရီ အဟောင်းကြီးနဲ့ မောင့်ကို ကြည့်ရတာ အဘိုးကြီး ကျနေတာပဲ
ဒီနာရီ အကောင်းစားလေးကို ဝယ်ပေးချင်နေတာ ကြာပြီ
ချစ်ရတဲ့ …
ကျွန်တော် မျက်ရည် ကျမိပါသည် ။ မရှက်တော့ပါ။ မျက်ရည်တွေကို သုတ်ရင်းက သူ့ပါးပြင်လေးကို နမ်းပြီး နှုတ်ဆက်ရန် ပြင်လိုက်သည်
“ ဟင် … မေမေ … သူ့နားကပ်တွေရော ”
“ သားသွားပြီး နောက်တစ်နေ့ နားကပ်ကို သွားရောင်း ခိုင်းပြီး အဲဒီနာရီ ဝယ်ခိုင်းတာလေ ။ သားကို နာရီ လက်ဆောင် ပေးချင်လို့တဲ့ ”
( အချစ် ဆိုတာ ဘာမှ မဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့ သူတွေကို ရယူလိုခြင်း မရှိ ပေးဆပ်လိုခြင်း နှင့် ချစ်ခြင်းသာဖြစ် သည် ။ အချစ်တွင် တစ်ခုခု ရရန် မှာ လုံးဝ မသေချာပါ )
Credit : ရဲဇော်

Post a Comment