Header Ads

အချစ်စစ်ဟာ ရုပ်ရည်နဲ့မဆိုင်ဘူး၊ အသားအရေနဲ့မဆိုင်ဘူး


ချစ်သုဝေ လင်းလင်းနဲ့ အိမ်ထောင်မကျခင်က "ကျွန်​မယူမဲ့ လက်တွဲဖော်ဟာ ရုပ်မချောရင် နေပါစေ ကျွန်​မတစ်ယောက်တည်းကိုပဲ အပြည့်အဝ ချစ်ပေးနိုင်ရမယ်၊ ကျွန်​မအပေါ်မှာပဲ သစ္စာရှိရှိ ချစ်ပေးနိုင်ရမယ်” လို့​ပြောကြည့်ပါလား ... လူတချို့အနေနဲ့ "အပိုတွေပါအေ, အလကား, ပြီးရင် ဟုတ်တာလဲ မဟုတ်ဘဲနဲ့၊ လျှာအရိုးမရှိလို့ ပြောနေတာ” ဆိုပြီး ဝေဖန်ကြမှာ။ ထိုစကားအပေါ်မှာလည်း ယုံကြည်သူထက် မယုံကြည်တဲ့သူ ပိုများမယ်။

တကယ်တမ်း ချစ်​သု​ဝေတ​ယောက်​ လင်းလင်းနဲ့ အိမ်ထောင်ကျ သွားချိန်မှာတော့ လင်းလင်းရဲ့ ချစ်သုဝေအပေါ်မှာ ချစ်တတ်မှုလေးတွေ ၊ ဂရုစိုက်တတ်မှုလေးတွေကြောင့် သူတို့အိမ်ထောင်ရေးကို အားကျတဲ့လူတွေလည်း ရှိတယ်။

" ဟယ်.. ချစ်သုဝေတို့ အိမ်ထောင်ကျ ကံကောင်းချက်၊ လင်းလင်းကြီး ချစ်တတ်ပုံများ မနာလိုချင်စရာကြီး ” အစရှိသဖြင့် ပြောဆိုနေကြသူတွေလည်း ရှိတယ်..။ သူတို့ရဲ့မိသားစုဘဝ နားလည်မှု အုပ်မြစ်လေးတွေ ခိုင်ခံပုံကို အားကျတဲ့ အဖြစ်တွေလည်း ရှိတယ်။ ချစ်ခြင်းမေတ္တာ ရဲ့ နက်ရှိုင်းမှုဟာ အပြန်အလှန်ဖေးမ ရပ်တည်မှ ပို၍ အနှစ်သာရ ပြည့်စုံကြောင်း လူတစ်ချို့ နားလည်လာကြတယ်။


တချို့သော ချစ်ခြင်းမေတ္တာ တွေဟာ ကိုယ်တိုင်ကြုံဖူး၊ ခံစားဖူးမှ သိတာ။ ကိုယ်တိုင် တန်ဖိုးထားတတ်မှ အဓိပ္ပါယ်ပိုပီး ပေါ်လွင်တာပါ။

-------------------------------

သက်မွန်မြင့် အိမ်ထောင်ပြုသွားတော့ သူအမျိုးသားကို လူတချို့ မြင်တဲ့အမြင်က " ဟယ် သက်မွန်မြင့်နဲ့ မလိုက်ဖက်ဘူး။ ကတုံးကြီးနဲ့ ဘာဖြစ်တယ် ညာဖြစ်တယ် ”ဆိုပြီး ရုပ်ရည်အပေါ်မှာ ခေါင်းစဉ်တပ်ပြီး ဝေဖန်သူတွေရှိတယ်။ အကယ်ဒမီဆုပေးပွဲမှာ သက်မွန် အကယ်ဒမီ ရတော့  သူအမျိုးသား ဖြစ်သူက ပီတိဖျာနေတဲ့မျက်နှာနဲ့ ဖုန်းလေးကိုင်ပြီး Movieရိုက်နေတာ (ဝr) Live လွှင့်နေတာ တွေ့တော့ သူအမျိုးသားရဲ့ ချစ်ခြင်းမေတ္တာနက်ရှိုင်းမှုကို တော်တော်များများ ခံစားသိရှိသွားကြရတယ်..။


တချို့သော ရွေးချယ်မှုတွေက လူတစ်ချို့ ဘယ်လိုမြင်တယ် ဆိုတာထက် သူကိုယ့်အပေါ် ဘယ်လောက်နက်နက်ရှိုင်းရှိုင်း တန်ဖိုးထားသလဲ၊ ဘယ်လောက်ထိ အနွံတာခံ ပေးဆပ်နိုင်သလဲ ဆိုတာမျိုးကို မူတည်ပြီး ဆုံးဖြတ်ကြပါတယ်..။

အချစ်စစ်ဟာ.. ရုပ်ရည်နဲ့ မဆိုင်ဘူး၊ အသားအရေနဲ့ မဆိုင်ဘူး၊ ဘာသွေးညာသွေး သတ်မှတ်ချက်တွေနဲ့ မဆိုင်ဘူး၊ ဘယ်နေ့နံ ဖြစ်ရမယ်ဆိုတဲ့ ယူဆချက်တွေနဲ့လည်း မဆိုင်ဘူး သူကိုယ့်အပေါ်မှာထားတဲ့ တန်ဖိုးထားမှု ၊လေးစားမြတ်နိုးမှု၊ ချစ်ခင်ကြင်နာတတ်မှု ၊ကိုယ်နဲ့ပတ်သတ်ရင် ချစ်ခြင်းမေတ္တာ အပေါ်မှာ ထားတဲ့ သူရဲ့ခံယူချက် အပြုအမူ ဒါတွေနဲ့ပဲ သက်ဆိုင်တယ်။

------------------------

သင်ဇာနွယ်ဝင်း ရဲရင့်အောင်နဲ့ ပြတ်ပီး ခဏအကြာမှာပဲ အခြားအမျိုးသား တစ်ဦးကို လက်ထပ်လိုက်တော့ သစ္စာမဲ့တဲ့ မိန်းမ၊ မျက်နှာပြောင်တိုက်တယ် ဘာညာ အစရှိသဖြင့် ဝေဖန်ပြောဆို ပုတ်ခတ်ကြတယ်။ မိန်းမတစ်ယောက် အနေနဲ့ ချစ်သူတစ်ယောက်နဲ့ ပြတ်ဆဲသွားတဲ့ အချိန်မှာ အခြား တစ်ယောက်ကို လက်​ထပ်ယူခွင့်မရှိ​တော့ဘူးလား ဒါမှမဟုတ် ကိုယ့်ဖြစ်သင့်တယ်လို့ ထင်တဲ့အရာ တစ်ခုကို ရဲရဲဝံ့ဝံ့ လုပ်ပိုင်နိုင်ခွင့် မရှိရဘူးတဲ့လား။ ဒါတွေက မေးခွန်းထုတ်စရာပါ။ သင်ဇာနွယ်ဝင်းက ရဲရင့်အောင်နဲ့ တွဲနေလျက်ကပင် သစ္စာမဲ့သွားတယ် ဆိုရင်တော့ တမျိုးပေါ့..။ ဘယ်သူမှ ကျန်ခဲ့တဲ့အတိုင်း တစ်သက်လုံး မနေပါဘူး။ ပြတ်သားသူနဲ့ မပြတ်သားသူနှစ်မျိုးပဲ ရှိတယ် ။


တချို့လူတွေဟာ သိပ်နားလည်ရ ခက်တယ်။ ကိုယ်တိုင် မစင်ပုံ ကိုင်မိတာနဲ့ပဲ အခြားသူတွေကိုပါ မစင်နံ့ နံတယ်ထင်ကြတယ်။ အရာရာကို မကောင်းမြင်စိတ်နဲ့ပဲ ကြည့်တတ်ကြတယ်။ ကိုယ်တိုင် သစ္စာမရှိတဲသူနဲ့ စုံတွေ့ဖူးတာနဲ့ပဲ အခြားသူတွေကိုလဲ အဲ့လို လူမျိုးတွေလိုပဲ ထင်နေကြတယ်။ ကိုယ်တိုင် ချစ်ခြင်းမေတ္တာရဲ့ လေးနက်မှုကို မခံစားဘူးတာနဲ့ပဲ တခြားသူတွေရဲ့ ခံယူချက်ကို အပိုတွေပါလို့မြင်တတ်ကြတယ်။

တစ်ယောက်နဲ့တစ်ယောက် အချစ်ကို ပုံဖော်ပြသခြင်း မတူညီသလို။ အချစ်ကို တန်ဖိုးထားတတ်တာခြင်းလည်း မတူညီပါဘူး..။

ဝေဖန်သူ့အချို့မမြင်နိုင်တဲ့ နားလည် ဂရုစိုက်မှုတွေကို လင်းလင်းဆီမှာ ချစ်သုဝေ မြင်အောင် ကြည့်တတ်ခဲ့တယ်။ တစ်ဖက်ပိတ် အချို့မတွေ့ခဲ့တဲ့ တန်ဖိုးထား လေးနက်မှုတွေကို သူ့အမျိုးသားထံကနေ သက်မွန်အနေနဲ့ ရှာဖွေတွေ့ရှိခဲ့တယ်။ ကိုယ်တိုင်ကြုံဖူးတဲ့ သူတချို့ နားမလည်တဲ့ ချစ်ခြင်းမေတ္တာရဲ့ နက်ရှိုင်းမှု၊ နားလည် တန်ဖိုးထားမှု ကြင်နာ ဂရုစိုက်မှုတွေကို သူရွေးချယ်တဲ့ အိမ်ထောင်ဖက်ထံမှ သင်ဇာနွယ်ဝင်း အနေနဲ့ ရရှိခဲ့ပါတယ်။

ပတ်ဝန်းကျင်က မြင်တဲ့ မယားကြောက်ပါကွာ ဆိုတဲ့ စကားတစ်ခွန်းကို ကြောက်လို့ မိန်းမအပေါ်မှာ အနိုင်ယူပြချင်တဲ့ သူတွေရှိတယ်။ အိမ်မှု ကိစ္စတွေဟာ ငါနဲ့မဆိုင်ဘူး၊ ငါနဲနဲလေးမှ ကူညီစရာ မလိုဘူးကွာ ဆိုပြီး စီးပွားရှာတာ တစ်ခုတည်းနဲ့ လုံလောက်ပီ ထင်နေတဲ့ အိမ်ထောင်ဦးစီး အချို့လည်း ရှိတယ်။

ကိုယ့် ဇနီးမယားကို ချစ်တာ၊ ဂရုစိုက်တာ ရှက်စရာ မဟုတ်ပါဘူး။ ဇနီးမယား နေထိုင်မကောင်းတဲ့အခါ ကိုယ်တတ်နိုင်တာလေး ကူညီလုပ်ကိုင် ပေးခြင်းဟာ အိမ်ထောင်သည် ဘဝရဲ့ ဆင်းရဲဒုက္ခ မဟုတ်ပါဘူး။ ဒါဟာ... မိသားစုတစ်ခုရဲ့ ချစ်ခြင်းမေတ္တာ လေးနက်မှုပါ။ အိမ်​​ထောင်​ဖက် ​အချင်းချင်း ကြင်​နာစွာ ကူညီ​ဖေးမ​ပေးခြင်းပါ။ မိသားစု စိတ်ဓာတ်ဆန်စွာနဲ့ အပြန်အလှန် နွေး​ထွေးသက်​၀င်​​နေခြင်းပါ။

ဒါကြောင့်... တစ်ယောက်အပေါ်တစ်ယောက် ကိုယ့်ထက်သူကို ပို၍ စာနာနားလည် ပေးတာဟာ တန်ဖိုးရှိတဲ့ လက်ဆောင်ပါ။ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားပါ။ တစ်ယောက်အပေါ် တစ်ယောက် သစ္စာရှိပါ။ တစ်ယောက် ရင်ထဲကိုတစ်ယောက် နက်ရှိုင်းစွာ ဝင်ရောက်ခံစားပေးပါ။

သိပ်ချစ်ပြတတ်တဲ့ ယောကျာ်းတွေက တကယ် လိုအပ်တိုင်းမှာ အမြဲအသင့် ရှိနေတယ်။ နားလည်မှုကို ပို၍ ခိုင်မာအောင် တည်ဆောက်ကျတယ်။ သူတို့ မိသားစု ဘဝလေးကို အနှစ်သာရ ပြည့်ဝအောင် ဖန်တီးနိုင်စွမ်းရှိတယ်။ သဘောထားပြည့်ဝပြီး နားလည်မှုရှိတဲ့ အိမ်ထောင်ဖက်နဲ့ပေါ...။

crd #SuexhA -(Zanyheart)

No comments

Powered by Blogger.